Sales Hotline : 09448001653       Download App



ဘွဲ့ကြိုသင်တန်းတွေကို Online စနစ်နဲ့ သင်ကြားနိုင်ဖို့အတွက် Lecture Video တွေ ရိုက်ကူးထုတ်လွှင့်နိုင်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) ဖြစ်ပွားနေသည့်ကာလအတွင်း တက္ကသိုလ်များ ခေတ္တပိတ်ထားရသည့်အချိန်တွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သိရှိနိုင်ရန် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ပါမောက္ခချုပ်ဒေါက်တာ စောစန္ဒာအေး နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်-

 

မေး ။ ။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) ဖြစ်ပွားနေတဲ့အတွက် ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့ ကျောင်းတွေ ခေတ္တပိတ်ထားရတဲ့အချိန်မှာ ဘာတွေ လုပ်နေပါသလဲ။

 

ဖြေ ။ ။ ကျွန်မတို့အနေနဲ့ Course and Curriculum တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ Tea-chers’ Manual တွေကို ပြန်လည်ပြင်ဆင်မွမ်းမံခြင်း၊ ဘာသာရပ်တိုင်းအတွက် Solution Manual တွေကို ပြုစုခြင်းတွေကို သက်ဆိုင်ရာဌာနအလိုက် ဌာနမှူးတွေက တစ်ဆင့် ညှိနှိုင်းပြီး တာဝန်အသီးသီး ခွဲဝေစေပါတယ်။ ပြီးတော့ Work From Home အစီအစဉ်နဲ့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။

 

မေး ။ ။ ဆရာ၊ ဆရာမတွေရဲ့ Capacity Building အတွက် ဘာတွေဆောင်ရွက်နေပါသလဲ။

 

ဖြေ ။ ။ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလက စတင်လို့ ASEAN Cyber University (ACU) Project ရဲ့ အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်လာခဲ့ပြီး Learning Management System (LMS) Team၊ Studio Engineer (SE) Team၊ Instructional Designer (ID) Team နဲ့ Multimedia Developer (MD)Team ဆိုပြီး Working Group Team လေးဖွဲ့နဲ့ e-learning lecture တွေ ပြင်ဆင်ရိုက်ကူးပြီး ACU ရဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

 

ဒီလို e-learning lecture တွေ ပြင်ဆင်ရိုက်ကူးရာမှာ ACU Project က ရရှိထားတဲ့ နည်းပညာနဲ့ အတွေ့အကြုံတွေ အရ သင်ခန်းစာ Content တွေကို Power Point slides တွေနဲ့ အကျိုးရှိရှိ ထိထိမိမိပြင်ဆင်နိုင်စေဖို့၊ Multimedia content များ အသုံးပြုနိုင်စေဖို့နဲ့ Moodle Learning Management System ကို အသုံးပြုပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူမှုကို အားကောင်းစွာ ကိုင်တွယ်စီမံခန့်ခွဲ နိုင်စေဖို့ ရည်ရွယ်ပြီး သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်မှ “e-learning Lecture Developing” သင်တန်းကို (၈-၆-၂၀၂၀) ရက်မှ (၁-၇-၂၀၂၀) ရက်အထိ Microsoft Teams အသုံးပြုပြီး Online နဲ့ ပို့ချပေးခဲ့ ပါတယ်။

 

အဲဒီ “e-learning Lecture Developing” သင်တန်းကို သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမ ၃၅ ဦးသာမက ရန်ကုန်တက္ကသိုလ်မှ ၉ ဦး၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ၃ ဦး၊ ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ၃ ဦး၊ ရန်ကုန်ပညာရေး တက္ကသိုလ်မှ ၃ ဦး၊ စုစုပေါင်း ၅၃ ဦး တက်ရောက်ခဲ့ပါတယ်။

 

သင်တန်းကို တစ်ပတ်မှာ သုံးရက်နဲ့ သုံးပတ်ကြာ သင်ကြားပေးပြီးနောက် သင်တန်းသားတွေဟာ မိမိ နှစ်သက်ရာ ဘာသာရပ်အတွက် တစ်ဦးချင်း ၅ မိနစ်စာ Presentation ပြုလုပ်ရပါတယ်။ သင်တန်းမှန်မှန်တက်ပြီး Presentation ပြုလုပ်သူတွေကို သင်တန်းပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်ကို သတင်းအချက်အလက် နည်းပညာတက္ကသိုလ်က ချီးမြှင့်ပေးခဲ့ပါတယ်။

 

ဒါ့အပြင် ဘာသာရပ်ဆိုင်ရာနဲ့ ပတ်သက်လို့ အွန်လိုင်း စနစ်သင်ကြားရေးမှာ Worldwide နာမည်ကျော်ကြားတဲ့ Coursera မှ ယခုကာလအတွင်း အခမဲ့ လေ့လာသင်ကြားခွင့် ပေးထားခြင်းကို တက္ကသိုလ်အနေနဲ့ Register ပြုလုပ်ထား ပြီး တက္ကသိုလ်ရဲ့ uit.edu.mm domain email address ရှိသူ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတိုင်း လေ့လာ သင်ယူနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေက ပါမောက္ခများ သင်ကြားမှုများကိုပါ လေ့လာသင်ယူနိုင်တဲ့အတွက် အချို့ ဆရာ၊ ဆရာမတွေဟာ သူတို့ရဲ့ ဘာသာရပ်ဆိုင်ရာ သင်ကြားရေး စွမ်းရည်မြှင့်တင်နိုင်ဖို့အတွက် လေ့လာသင်ယူလျက်ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေလည်း သူတို့ စိတ်ဝင်စားရာ ဘာသာရပ်တွေကို လေ့လာနေတာ တွေ့ရှိရပါတယ်။

 

မေး ။ ။ အွန်လိုင်းသင်ကြားမှု ပြုလုပ်ဖို့ အစီအစဉ်ရှိပါသလား။

 

ဖြေ ။ ။ ကျောင်းပြန်ဖွင့်နိုင်မယ့်ရက်ကို တိကျစွာ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပြီး ဝန်ကြီးဌာနကလည်း အားပေးဆောင်ရွက်နေတဲ့အတွက် ဘွဲ့ကြို သင်တန်းတွေကို Online စနစ်နဲ့ သင်ကြားနိုင်ဖို့အတွက် Lecture Video တွေ ရိုက်ကူးထုတ်လွှင့်နိုင်ရေး ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ရဲ့ ဒုတိယနှစ်ဝက်မှာ ဘွဲ့ကြိုသင်တန်း အသီးသီးအတွက် သင်ကြားရေးဌာန ၇ ခုမှ သင်ကြားမယ့် ဘာသာရပ် စုစုပေါင်း ၄၂ ခုရှိပြီး ဘာသာရပ်အားလုံးကို Lecture Video တွေ ရိုက်ကူးထုတ်လွှင့်နိုင်ရေးအဆင့် နှစ်ဆင့်ခွဲပြီး အားလုံးကို Lecture Video အဖြစ် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ နောင်မှာ ပထမနှစ်ဝက် ဘာသာရပ် တွေကို ဆက်လက်ရိုက်ကူးနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။ Lecture Video တွေကို Team အနေနဲ့ ရိုက်ကူးရတဲ့အတွက် ရိုက်ကူးရေးရှိတဲ့ ဆရာ၊ ဆရာမတွေကို ကျောင်းကားနဲ့ ကြိုပို့ဆောင်ရွက်ပေးခြင်းဖြင့် ရောဂါကူးစက်မှုမဖြစ်အောင် ဆောင်ရွက်ထားရှိပါတယ်။

 

ကျောင်းပြန်မဖွင့်နိုင်သေးရင် ရိုက်ကူးပြီးတဲ့ Lecture Video တွေကို တက္ကသိုလ်ရဲ့ Learning Management System-LMS မှာ ထုတ်လွှင့်ခြင်းဖြင့်လည်းကောင်း၊ MS Teams အသုံးပြုပြီး Online Interactive ပြန်လည်ဆွေးနွေး ခြင်းများ ပြုလုပ်ခြင်း၊ LMS မှာ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ လေ့လာသင်ယူမှုအခြေအနေ စောင့်ကြည့်ခြင်း၊ MCQ Quiz များ ဖြေဆိုစေခြင်း၊ Report, Assignment များ တင်စေခြင်းနဲ့ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။ အွန်လိုင်းသင်ကြားမှုကို Lecture Video များ ရိုက်ကူးပြင်ဆင်မှု အဆင်သင့်ဖြစ်နိုင်တဲ့ ဇူလိုင်လထဲမှာ စတင်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနကို တင်ပြ ဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်။

 

ကျောင်းတွေပိတ်ထားရတဲ့ ကာလအတွင်းကျောင်းသား၊ ကျောင်းသူတွေရဲ့ အွန်လိုင်းသင်ကြား သင်ယူမှုပြုလုပ်လိုခြင်း ရှိ၊ မရှိ ကိုလည်း ဒီတက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂက တစ်ဆင့် စစ်တမ်းကောက်ယူထားပြီး သင်ယူလိုကြောင်း ထောက်ခံတင်ပြထားပြီးလည်း ဖြစ်ပါတယ်။

 

ဒါကြောင့် ဆရာ၊ ဆရာမတွေဟာ စွမ်းရည်မြင့်မားစေရေး သင်တန်းတွေ တက်ရောက်ခြင်း၊ ကျောင်းရှိ Studio မှာ Lecture Video များ လာရောက်ရိုက်ကူးခြင်း၊ ကျောင်းသို့ လာရောက်ခြင်း မရှိသော်လည်း အိမ်မှာ Teachers’ Manual များ၊ Solution Manual များကို ပြန်လည်ပြင်ဆင် မွမ်းမံခြင်းများဖြင့် မိမိကျရာတာဝန်ကို မနားမနေ ကြိုးစား ထမ်းဆောင်လျက်ရှိပါတယ်။

Source: Myanmar Digital News

Latest Post News Read 488 times