ရုရှားက OIBO 2025 ပြိင်ပွဲတွင် မြန်မာကျောင်းသားများ တတိယဆု ရရှိခဲ့

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့၌ မေ (၁၀) ရက်မှ (၁၇) ရက်အထိ ကျင်းပခဲ့သည့် The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲတွင် အထက-၁ (ဒဂုံ) မှ ကျောင်းသား၊ ကျောင်းသူများ သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ တစ်ဦးချင်းအလိုက် တတိယဆုများ ရရှိခဲ့ကြကြောင်း သိရသည်။

The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲသည် နိုင်ငံတကာက ကျောင်းသားလူငယ်များ၏ လက်ရှိ ဇီဝဗေဒနှင့် ဇီဝနည်းပညာဆိုင်ရာပြဿနာများကို လေ့လာရန်နှင့် ဖြေရှင်းရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း (၈၂) နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အထက-၁ (ဒဂုံ) က အထက်တန်းပြဆရာမ ဦးဆောင်သော အဖွဲ့မှ ကျောင်းသား (၂) ဦးနှင့် ကျောင်းသူ (၁) ဦး တတိယဆု ရရှိခဲ့သည်။ 
 
ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများသည် သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဇီ၀ဗေဒဆိုင်ရာ အကြောင်းအရာများကို Theory Round၊ Practical Round နှင့် Project Round ဆိုသည့် အပိုင်း (၃) ပိုင်း ခွဲပြီး ယှဉ်ပြိုင်ရသည်။

Practical ပိုင်းတွင် အပင်များ၊ သတ္တဝါများ၏ အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာ လေ့လာရပြီး လေ့လာချက်တွင် တွေ့ရှိရသည့် စမ်းသပ်ချက်များကို မှတ်တမ်းပြုခဲ့ရသည်။ Theory အပိုင်းတွင် ပေးထားသည့် ဇီဝဗေဒဆိုင်ရာ ပုစ္ဆာများ၏ ဖြေရှင်းချက်ကို ထုတ်ပေးရသည်။ 

အဖွဲ့ခေါင်းဆောင် အထက်တန်းပြဆရာမ ဒေါ်နှင်းဝတ်ရည်က "ကျွန်မတို့ပြိုင်ပွဲကြီးကို သတ္တဗေဒအထူးပြုဘာသာရပ်ခွဲတွေအနေနဲ့ မသွားခင်ကတည်းက Theory အပိုင်းမှာပဲဖြစ်ဖြစ်၊ Practical အပိုင်းမှာဖြစ်ဖြစ် အများကြီးလေ့ကျင့်ပြင်ဆင်သွားခဲ့ပါတယ်။

ပြင်ဆင်သွားခဲ့တဲ့အတိုင်းလည်း အကျိုးရှိရှိ ပြန်ပြီး အသုံးချနိုင်ခဲ့ပါတယ်။ ကျွန်မတို့ ကလေးတွေအနေနဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီးတော့ ဘာသာရပ်ဆိုင်ရာမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စွမ်းစွမ်းတမံ ကြိုးစားယှဉ်ပြိုင်နိုင်ခဲ့တာကို ဝမ်းသာဂုဏ်ယူမိပါတယ်။" ဟု ပြောကြားခဲ့သည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

Local News Read 12 times