Sales Hotline : 09448001653       Download App



ပိတ်ရက်မှာ ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာလေ့လာနိုင်မယ့် Netflix Series (၁၀)ခု

 

 

သင်က Netflix Series တွေကို ကြည့်ရတာ ကြိုက်နှစ်သက်သူလား။ အရူးအမူးစွဲလန်းနေသူလား။ ပိတ်ရက်မှာ ရုပ်ရှင်ကြည့်ရင်း အားလပ်ချိန်ကို ကုန်ဆုံးမယ့်သူလား။ ဒါဆိုရင်တော့ ကော်ဖီတစ်ခွက် ခေါင်းအုံးလေးတစ်လုံးနဲ့ Netflix Series တွေကို ကြည့်ရင်း ဒီတစ်ပတ်ပိတ်ရက်ကို ဖြတ်ကျော်လိုက်ကြရအောင်နော်။

 

ဒီတစ်ခါမှာတော့ Netflix ကြည့်ရင်း အင်္ဂလိပ်စာပါ လေ့လာနိုင်မယ့် စီးရီးဇာတ်ကားကောင်း (၁၀) ကားကို ညွှန်းပေးထားပါတယ်။ Education Guide ပရိသတ်ကြီးရော အခုဖော်ပြထားတဲ့ ဇာတ်ကား (၁၀) ကားထဲက ဘယ်နှစ်ကားကြည့်ပြီးပြီလဲ ကွန်းမန့်မှာ ပြောပြပေးသွားဦးနော်။

 

  1. House of Cards (2013)

 

၂၀၁၃ ခုနှစ်တွင်ထွက်ရှိထားတဲ့ Political Drama/Thriller  ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး Season (၆) ခု ပါဝင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ပုဒ်ပါပဲ။ နားလည်ရလွယ်ပြီး ရင်းနှီးပြီးသားဖြစ်တဲ့အင်္ဂလိပ်စာ အသုံးအနှုန်းတွေကြားမှာမှ  နိုင်ငံရေးဆိုင်ရာ စကားလုံး၊ အပြောအဆိုတွေကို တစ်ဝကြီး လေ့လာရမှာပါ။ အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်လာဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အကျင့်ပျက်ခြစားမှုတွေကို ခြနင်းပြီး အန္တရာယ်ရှိတဲ့ အတွေးအခေါ်နဲ့ ရှင်သန်နေတဲ့ နိုင်ငံရေးသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ တကယ်ကောင်းပါတယ်။ 

 

  1. Orange is the New Black (2013)

 

အမေရိကန် ဟာသ/ဒရာမာ ဇာတ်လမ်းအမျိုးအစားပါ။ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိထားပြီး အပိုင်းတွဲ    (၇)ပိုင်း ပါရှိပါတယ်။ ပိုက်ပါလို့ခေါ်တဲ့ အမျိုးသမီးဟာ အသေးစားရာဇဝတ်မှု တစ်ခုကြောင့် ထောင်ထဲရောက်ရှိသွားပါတယ်။ ဒီဇာတ်ကားက သူမ ထောင်ထဲမှာ ကြုံတွေ့ရတဲ့ စွန့်စားခန်း ခရီးစဥ် အရှည်ကြီးကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်ကားမှာ ဆိုရင်တော့ အမေရိကန် ဘန်းစကားများစွာကို လေ့လာနိုင်ပါတယ်။ ကြည့်ရင်းသေချာလိုက်မှတ်မယ်ဆို ဘန်းစကား မြောက်မြားစွာ သင်ယူနိုင်တဲ့ကားပါ။ Rating ကလည်း 8.1 တောင်ရထားတာဆိုတော့ မကောင်းမှာတော့ မပူရပါဘူးနော်။ 

 

  1. Stranger Things

 

ဆယ်ကျော်သက် နဲ့ လူလတ်ပိုင်းတွေကြားမှာ အရမ်းကို ခေတ်စားပြီး တစ်ပိုင်းပြီးတစ်ပိုင်း မထွက်မချင်း လည်ပင်းရှည်အောင် စောင့်မျှော်ကြည့်ရတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုပါ။ IMDb Rating 8.7 ပါ။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိပြီး အပိုင်းတွဲ ၄ ခုပါဝင်ပါတယ်။  Science Fiction Horror Drama ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ၁၉၈၀ ခုနှစ်ပိုင်းက အင်္ဂလိပ် ဘန်းစကားတွေကို လေ့လာနိုင်ပါတယ်။ အမေရိကန်နိုင်ငံက လူငယ်လေးတစ်စုဆီကို လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေးတစ်ဦး  ဝင်ရောက်လာရာကစပြီး ကြောက်မက်ဖွယ်စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေ လိုက်ပါလာရာက ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ 

 

  1. Unbreakable Kimmy Schmidt 

 

ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပါ။ အမျိုးသမီးတစ်ယောက် မြေအောက်ဘန်ကာခန်းထဲမှာ ပိတ်လှောင်ခံရပြီးနောက် သူမရဲ့ ဘဝကို နယူးမြို့တော်ကြီးသို့ ရွေ့ပြောင်းပြီး ပြန်လည်တည်ဆောက်ပုံကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အမေရိကန် လေယူလေသိမ်း၊ ပြောပေါက်ဆိုပေါက်၊ အသုံးအနှုန်းတွေကို သေချာလေ့လာနိုင်ပါမှာ။ ဇာတ်ကားကိုဒီတိုင်းကြည့်တာထက် အသံထွက်ကို သေချာလေးနားထောင်ပြီးကြည့်မယ်ဆို အပိုင်းတွဲ ၄ ခုလုံးပြီးတဲ့နောက်မှာ သေချာပေါက်သင့်ရဲ့ အကြားစွမ်းရည် တိုးတက်လာပါလိမ့်မယ်။ 

 

  1. The Crown 

 

အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီးဟာ အရင်ခေတ်အခါက ဘယ်လိုပုံစံမျိုးလဲဆိုတာ တကယ်ပဲ လေ့လာသိရှိချင်ပါသလား။ ဒါဆိုရင်တော့ ဒီကားလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ Netflix က Queen Elizabeth II ရဲ့ ငယ်ငယ်က ဘဝ နဲ့ သူမ လက်ထပ်ပြီးတဲ့ အချိန် ဘဝရဲ့ အကြောင်းကို စိတ်ဝင်စားစရာကောင်းပြီး အံ့ဩလောက်တဲ့ ဒရာမာ ဇာတ်လမ်းတွဲတစ်ပုဒ် အဖြစ် အသက်သွင်း ရိုက်ကူးထားတာပါ။ ဗြိတိန် နိုင်ငံသားတွေရဲ့ ပုံစံ၊ လေယူလေသိမ်းတွေကို သင်ယူဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ 


 

  1. The Defenders

 

Netflix ကရိုက်ကူးထားတဲ့ Daredevil, Jessica Jones, Luke Cage နဲ့  Iron Fist စီးရီးတွေကိုကြည့်ပြီးသွားပြီလား။ အိုခေ ဒါဆိုရင်တော့ ဒီကားတွေကို တစ်ခေါက်ကြည့်ပြီး အခုဖော်ပြထားတဲ့ The Defenders ဆိုတဲ့ကားကို ကြည့်ကြည့်လိုက်ပါ။ Marvel Fan တွေအတွက် လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲပါပဲ။ Season တစ်ခုသာ ပါရှိပြီး အမေရိကန် စကားပြောတွေကို သေချာလေ့လာနိုင်မှာမို့ အခုပဲကြည့်လိုက်တော့နော်။ 

 

  1. Ozark

 

ချီကာဂိုက ငွေကြေးပညာရှင်တစ်ယောက်က ရုတ်တရက်ကြီး အမေရိကန်အနောက်အလယ်ပိုင်းနွေရာသီအပန်းဖြေစခန်း Ozark ကိုမိသားစုလိုက် ရွေ့ပြောင်းနေထိုင်ပြီးနောက်ပိုင်းမှာ မက္ကဆီကန် ဂိုဏ်းတစ်ခုက သူတို့ပိုက်ဆံတွေ ခိုးယူခံလိုက်ရကြောင်း သိလိုက်တာနဲ့ အစပြုပြီး ဇတ်အိမ်တည်ထားတာပါ။ တစ်ကားလုံးမှာ ရိုးရှင်းတဲ့ အသုံးအနှုန်းတွေကိုသုံးသွားပြီး စကားပြောတွေကို ရှင်းရှင်းလင်းလင်း လေ့လာနိုင်တဲ့ နားလည်ရလွယ်တဲ့ ဇာတ်ကားတစ်ကားပါ။ စတိုင်ကျတဲ့ မှုခင်းဒရာမာ ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်ပြီး Rating ကလည်း 8.5 တောင်ရရှိထားတာပါ။ 

 

  1. 13 Reasons Why 

 

Netflix က လူကြိုက်အများဆုံး နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုပါ။ ကျောင်းသူလေး ဟာနာက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ပြီး နောက်မှာ သူမရဲ့ သူငယ်ချင်း Clay က သူမကို သူ့ကိုယ်သူ သတ်သေဖို့ အတင်းအကြပ်ခိုင်းစေတဲ့ ကက်ဆက်တိပ်ခွေတစ်ခုရှာဖွေတွေ့ရှိခဲ့ရာမှအစပြုထားပါတယ်။ ခေတ်မီ ဘန်းစကားတွေကို ဇာတ်ကားလုံး သေချာလေ့လာနိုင်ပါတယ်။ 

 

  1. Dear White People

 

အငြင်းပွားမှုအများဆုံး ဇာတ်ကားတွေထဲမှာ တစ်ကားအပါအဝင်ပါ။ လူမျိုးရေး၊ လူမှုရေး နဲ့ တရားမျှတမှုပြဿနာများက  လူတိုင်းရဲ့စိတ်မှာ ရှေ့တန်းရောက်နေတဲ့ တက္ကသိုလ်တစ်ခုမှ ကျောင်းသားများရဲ့ နောက်ဆက်တွဲ ဆက်စပ်ဇာတ်လမ်းများကို ရိုက်ကူးပြသထားပါတယ်။ အင်္ဂလိပ်ပညာရပ် ဝေါဟာရများကို လေ့လာနိုင်ရုံမကပဲ အချို့သော ဝေါဟာရများက သင့်အတွက် နိုင်ငံရေးဆိုင်ရာ ဗဟုသုတများကို တိုးပွားစေမှာပါ။ 

 

  1. Master of None 

 

Rating 8.2 အထိရရှိထားပြီး အပိုင်းတွဲ ၃ ခုပါဝင်ပါတယ်။ အမေရိကန် ဟာသ ဒရမ်မာ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ hit ဖြစ်တဲ့ အမေရိကန် စကားလုံး အသုံးအနှုန်းတွေကို လေ့လာခွင့်ရမှာဖြစ်သလို ဒီတစ်ပတ်ပိတ်ရက်အတွက် ရယ်မောပျော်ရွှင်စေနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။

 

Knowledge High University / College Vocational Read 960 times