Sales Hotline : 09448001653    



စိတ်ဓာတ်ကျတိုင်း နားထောင်သင့်တဲ့ အကောင်းဆုံး Motivational TED Talks (5) ပုဒ်

 

သင်ကလုပ်ငန်းခွင်မှာ စိတ်ဓာတ်ကျစရာ ကိစ္စတွေကြုံတွေ့နေရပြီလား ဒါမှမဟုတ် ကျောင်းမှာ စာတွေ မလိုက်နိုင်လို့ စိတ်ညစ်နေပြီလား၊ မျှော်လင့်ထားသမျှတွေ ဖြစ်မလာလို့၊ ကြံစည်ထားသမျှတွေ တလွဲတွေ ဖြစ်ကုန်လို့ စိတ်ဓာတ်ကျ အရှုံးပေးချင်နေပြီလား….

 

 ဒါဆိုရင်တော့ အခုပြောပြမယ့် TED Talk (၅) ပုဒ်ကို အချိန်ပေးပြီး နားထောင်ဖြစ်အောင် နားထောင်လိုက်ပါ။ အနည်းဆုံးတော့ သင့်ရဲ့ ကျနေတဲ့ စိတ်တွေပြန်ကောက်တင်ပြီး ခြေလှမ်းသစ်တစ်ခုကို စတင်ဖို့ အင်အားသစ်တွေ ရရှိလာပါလိမ့်မယ်။

 

ပထမဦးဆုံး TED Talk ဆိုတာဘာလဲ နည်းနည်းပြောပြချင်ပါတယ်။ TED Talk ဆိုတာကတော့ ၁၉၈၄ ခုနှစ်က စတင်ပြီး “စိတ်ကူးအကြံဉာဏ်များဖြန့်ဝေခြင်း” ဆိုတဲ့ မစ်ရှင်တစ်ခုနဲ့ စတင်ခဲ့တဲ့ Talk Show တစ်မျိုးပါ။ ကမ္ဘာတစ်ဝှမ်းကလူတွေကို စိတ်ဓာတ်ခွန်အားရရှိစေရန် နှင့် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်၊ စိတ်ကူး၊အကြံဉာဏ်တွေ ပွင့်ထွက်ရရှိလာစေဖို့အတွက် လှုံ့ဆော်ပေးတဲ့ ဟောပြောချက်တွေကို တင်ဆက်ပေးနေတဲ့ အစီအစဥ်တစ်ခု ဆိုရင်လည်း မမှားပါဘူး။ 

 

ဒီအစီအစဥ်မှာ ဟောပြောတဲ့လူတွေကဘဝကိုရုန်းကန်းပြီးမှ အောင်မြင်မှုတွေရရှိလာခဲ့တဲ့ လူတွေပါ။ သူတို့ဘယ်လိုလုပ်ခဲ့ရလဲ၊ ဘယ်လိုအခက်တွေကြုံခဲ့လဲ၊ သေချင်လောက်အောင် စိတ်ဓာတ်ကျတိုင်း ဘယ်လိုကုန်းရုန်းပြန်ထခဲ့လဲ၊ ဘဝမှာ ဘယ်လိုသင်ခန်းစာတွေရခဲ့လဲ အများကြီး အများကြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

 

ဒီစိတ်ဓာတ်ခွန်အားပေးတဲ့ TED Talk Show တွေက သင့်ရဲ့ အသက်မွေးဝမ်းကျောင်းခြေလှမ်းတွေကို နောက်တစ်ဆင့်ပြီး တစ်ဆင့် တတ်လှမ်းရန်အတွက် လှုံ့ဆောင်ပေးနိုင်မှာဖြစ်ပြီး စိတ်ဓာတ်ကျခြင်းကိုလည်း အထိရောက်ဆုံး မြှင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါဆိုကြည့်လိုက်ကြရအောင်….

 

1. Simon Sinek – How great leaders inspire action

 

TED Talk ဆိုတာဘာလဲလို့ ကွက်ကွက်ကွင်းကွင်း မြင်ရလောက်တဲ့ Talk Show တစ်ခုပါ။ အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေ၊ နာမည်ကြီးတဲ့ ဂုဏ်ထူးဆောင်တွေ ဘာကြောင့်ဒီလို ထူးချွန်လာရလဲ၊ ဘာကြောင့် ဒီလိုအောင်မြင်လာရလဲ ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်အဖြေရှာပြီး ဘာကြောင့်၊ ဘယ်လို၊ ဘာကို (Why, How, What) ဆိုတဲ့ မေးခွန်း (၃) ခုနဲ့ အဖြေထုတ်ခဲ့တာပါ။ 

ဒီမေးခွန်း (၃) ခုကပဲ ဘာကြောင့် ဒီလိုအောင်မြင်ကျော်ကြားနေတဲ့ ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းတွေက လူအများအပေါ် လွှမ်းမိုးနိုင်တာလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အတွက် စိတ်ကူးအကြံဉာဏ်ကောင်းတွေ ရရှိစေနိုင်မှာ အမှန်ပါပဲ။ ဒါကို အလေးအနက် နားထောင်ပြီးတာနဲ့ သင့်ဘဝအတွက် ရည်မှန်းချက်ကောင်းတွေ ရရှိပြီး စိတ်ဓာတ်တတ်ကြွ လာပါလိမ့်မယ်။ 

TED Link > https://www.youtube.com/watch?v=qp0HIF3SfI4

 

2. Shawn Achor – The psychology of positivity

 

သင့်ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ ရှုထောင့်တွေကို အာရုံစိုက်တာ ဒါမှမဟုတ် ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် မကောင်းတဲ့ဘက်က တွေးမိတာက လူတော်တော်များများကို ဒုက္ခရောက်စေတဲ့ အရာပါ။ တစ်ချိန်ချိန်မှာ မကောင်းတဲ့စိတ်က လွှမ်းမိုးမှုများပြီး အမှားတွေဆုံးဖြတ်မိခြင်းကြောင့်လည်းကျမတို့ တော်တော်များများ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရစေပါတယ်။ 

 

ဒီ Talk Show မှာဆိုရင်တော့ ရှောန်းက ဘယ်လိုအခြေအနေမျိုးတွေက သင့်ရဲ့ စိတ်ကို အဆိုးဘက်ကို ဦးတည်စေတယ် ၊ သင့်ရဲ့ သဘောထားက အခြေတစ်ခုကို ဦးတည်ပြီး ထို အခြေအနေရဲ့ ရလာဒ်ကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာတွေကို ပြောပြထားပါတယ်။ ပရော်ဖက်ရှင်နယ်တွေရဲ့ အောင်မြင်မှု ၇၅ ရာခိုင်နှုန်းလောက်က အကောင်းမြင်မှုကြောင့်လို့ သတ်မှတ်ခံထားရတဲ့ လေ့လာတွေ့ရှိချက်တွေကိုလည်း ဆွေးနွေးတင်ပြခဲ့ပါတယ်။

အခြေအနေပေါ်မှာလိုက်ပြီး အပြုသဘောကိုဆောင်တဲ့ ရှုထောင့်ကိုသာ အာရုံစိုက်တဲ့သူတွေဟာ ၄င်းတို့ရဲ့ အောင်မြင်မှု ပန်းတိုင်ကို ပိုမို လွယ်ကူစွာ လျှောက်လှမ်းနိုင်ကြပါတယ်။ အပြုသဘောဆောင်ခြင်းဟာ ကူးစက်တတ်ပါတယ်။ ဘဝရဲ့ အမှောင်ဘက်ခြမ်းကိုပဲ အမြဲကြည့်တဲ့ သူမျိုးကို ရှောင်ကျဥ်ပါ။ အကောင်းမြင်တတ်တဲ့ လူတွေကြားထဲမှာ ရှင်သန်ရခြင်းကလည်း သင့်ကိုယ်သင် အကြည်ဓာတ်ရရှိအောင် လှုံ့ဆောင်ပေးနိုင်ရုံမက သင့်ပတ်ဝန်းကျင်ကိုပါ လှုံ့ဆော်ပေးနိုင်မည်ဖြစ်ကြောင်းကို ဒီ Talk Show ထဲမှာ သေချာပြောပြပေးထားပါတယ်။ 

 

TED Link > https://www.youtube.com/watch?v=LqeAiz691-s

 

3. Elizabeth Gilbert - Your elusive creative genius

 

ဒီတစ်ခုကတော့ နားထောင်လို့ကောင်းတယ် ရိုးရှင်းတယ်။ သင်က ဖန်တီးမှုစွမ်းအင် Creativity အပိုင်း၊ အနုပညာနဲ့ပတ်သက်တဲ့ အပိုင်းမှာ အလုပ်လုပ်ရတဲ့သူမျိုးဖြစ်ပြီး သင့်အနေနဲ့ ဒီပညာအပေါ်မှာ ရှိထားတဲ့ ခံယူချက်၊ ခံစားချက် လွန်ကဲနေပြီ၊ သင့်အတွေးတွေက အဆိုးဘက်ကို ဦးတည်နေပြီ ဆိုရင်တော့ ဒီ Talk Show ကို မဖြစ်မနေ တစ်ခေါက်လောက်ဖြစ်ဖြစ် ကြည့်ကိုကြည့်လိုက်ပါ။ 

 

Creativity ကို တော်တော်များများက လူတစ်ယောက်ရဲ့ ပင်ကိုယ်ပါရမီ(gift) တစ်ခုအနေနဲ့ သတ်မှတ်ကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာပေါ်မှာ အနုပညာရှင်တွေ သေဆုံးတယ်၊ မှားယွင်းတဲ့ လမ်းကိုရောက်တယ် ဒါတွေကို သူကပြောပြပါလိမ့်မယ်။  တကယ်လို့ ဒီပညာတွေက  လုပ်ယူလို့ရတဲ့ အရာတစ်ခု၊ လေ့ကျင့်ယူလို့ရတဲ့ အရာဆိုရင်ရော  ဘယ်လိုဖြစ်လာမလဲ အဲလိဇဘတ်က ပြောပြထားပါတယ်။ သင့်အနေနဲ့ ဘယ်လို လေ့ကျင့်ယူရမလဲ၊ ဘာတွေစံနမူနာထားရမလဲ၊ ဘယ်လိုအရာတွေနောက်ကို လိုက်ရမလဲ ဆိုတာ ဒီထဲမှာ ကြည့်ရှုလို့ရပါတယ်။ 

 

TED Link > https://www.youtube.com/watch?v=86x-u-tz0MA

 

4. Tom Wujec – Got a wicked problem? First, tell me how you make toast

 

ဒီ Talk Show မှာဆိုရင် တွမ်က ပေါင်မုန့်မီးကင်လုပ်နည်းကို ဘယ်လိုလုပ်ရမလဲ သင်ပေးထားတာပါ။ သာမန်ကြည့်ရင်တော့ရိုးရှင်းပါတယ်။ တကယ်တမ်းတော့ ပေးလိုက်တဲ့ သင်ခန်းစာက ဒီထက်အများကြီးပိုပါတယ်။ တွမ်က ပေါင်မုန့်မီးကင်လုပ်နည်းကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို ကြည့်ရှုသူတွေကို အတည်ပေါက်ကြီး တောင်းဆိုတာပါ။ ပေါင်မုန့်မီးကင်လုပ်ဖို့အတွက် လုပ်ရမယ့် လုပ်ငန်းစဥ်တွေကို ချရေးခိုင်းပါတယ်။ ပြီးတော့ သူနဲ့အတူတူ သွားကြည့်ရအောင်ပါတဲ့။

 

ဒီ Talk Show မှာ တွမ်ဟာ အလုပ်တစ်ခု၊ ပြဿနာတစ်ခုကို ကိုင်တွယ်တဲ့နေရာမှာ လုပ်ဆောင်ရမယ့် အဆင့် တစ်ခုချင်းစီကို မြင်ယောင်ချင်းဖြင့် ရှုပ်ထွေးတဲ့ အရာတွေကို ဘယ်လို ဖြေရှင်းနိုင်မယ်ဆိုတာ မုန့်ဖုတ်တဲ့ နည်းနဲ့သာဓကထားပြီး ပြသွားပါတယ်။ ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ချဥ်းကပ်နည်းတစ်ခုဖြစ်ပြီး ခက်ခဲတဲ့ပြဿနာတွေကို ကွဲပြားစွာကြည့်ရှုနိုင်ဖို့ သင့်ကို အမှန်တကယ်ပဲ လှုံ့ဆော်ပေးနိုင် ပါလိမ့်မယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သင့်ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း နဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ စွမ်းရည်တွေ တိုးတက်လာပါလိမ့်မယ်။

 

TED Link > https://www.youtube.com/watch?v=_vS_b7cJn2A

 

5. Neil Pasricha: The 3 A's of awesome

 

အောင်မြင်မှုတွေထဲက အဓိက သော့ချက်တစ်ခုကတော့ သင်ဘာပဲလုပ်လုပ် အောင်မြင်ရမယ်လို့ ဆုံးဖြတ်ချက်ချပြီး လုပ်တဲ့အချိန်မှာ ပျော်ရွှင်ခြင်းက သော့ချက်ပါပဲတဲ့။ ဆိုးဝါးတဲ့ အချိန်တွေကို ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းရှာတာ၊ ယေဘုယျအားဖြင့် အပြုသဘောဆောင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်ကျော်တာဟာ သင့်ရဲ့ အောင်မြင်မှု အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ 

နီးလ်က သူ့ဘဝမှာ လူတော်တော်များများကို စိတ်ပျက်ကြေကွဲစေခဲ့တဲ့ သူ့အဖြစ်အပျက်တစ်ခုကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။ အဲဒီအတွက် စိတ်ဓာတ်ကျပြီး အရာရာ ပျက်စီးသွားရမယ့်အစား သူ့ဘဝအတွက် အံ့ဩစရာ ကောင်းလောက်အောင် ပြောင်းလဲပေးနိုင်မယ်လို့ သူယူဆထားတဲ့ အချက် ၁၀၀ ကို သူကိုယ်တိုင် မှတ်တမ်းတင်ခဲ့ပါတယ်။ လူတစ်ယောက်အတွက် စိတ်နေစိတ်ထား၊ အသိတရား နှင့် စစ်မှန်မှုဟာ ဘဝကို ဘယ်လိုပြောင်းလဲစေပြီး ဘယ်လိုထူးခြားကောင်းမွန်လာစေလဲဆိုတာ ဒီ Show မှာ ကြည့်ရှုနိုင်ပါတယ်။ 


TED Link > https://www.youtube.com/watch?v=uPE0G00XFV0

Knowledge Latest Post Read 700 times