၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဇူလိုင်လ (၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ဖြစ်ပြီး ဖြေဆိုခွင့်လျှောက်လွှာကို မတ်လတွင် အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ ထုတ်ပြန်ကြေညာထားသည်။
၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်အား တစ်ဦးချင်းအလိုက်ဖြစ်စေ၊ သင်တန်းကျောင်းများအလိုက်ဖြစ်စေ အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်သည်။
ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် (၁၀) နှစ်အောက် ဖြေဆိုသူများအပါအဝင် တစ်ဦးချင်းအလိုက် လျှောက်ထားလိုသူများသည် ဖြေဆိုမည့် Level အလိုက် အောက်ပါသတ်မှတ်ရက်များအတိုင်း လျှောက်ထားနိုင်သည်။
Level N1 - ၃.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၄.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N2 - ၃.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၄.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N3 - ၅.၃.၂၀၂၆ (ကြာသပတေးနေ့)၊ ၆.၃.၂၀၂၆ (သောကြာနေ့)၊ ၇.၃.၂၀၂၆ (စနေနေ့)
Level N4 - ၉.၃.၂၀၂၆ (တနင်္လာနေ့)၊ ၁၀.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၁၁.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N5 - ၁၂.၃.၂၀၂၆ (ကြာသပတေးနေ့)၊ ၁၃.၃.၂၀၂၆ (သောကြာနေ့)
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့် အချိန်အား ကြိုတင်အသိပေးမည် မဟုတ်သဖြင့် လျှောက်လွှာလက်ခံသည့် ရက်အတွင်း နေ့ခင်းဘက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်သည်။
သင်တန်းကျောင်းများအလိုက် လျှောက်ထားမည်ဆိုပါက ဖေဖော်ဝါရီ (၁၈) ရက်နေ့ နံနက် (၉) နာရီမှ ဖေဖော်ဝါရီ (၂၇) ရက် ညနေ (၄) နာရီခွဲအတွင်း မိမိတို့၏ Login ID နှင့် Passcode တို့ဖြင့် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေးအား Level N1၊ N2 နှင့် N3 တို့အတွက် (၅၇,၀၀၀) ကျပ် သတ်မှတ်ထားပြီး Level N4 နှင့် N5 အတွက် (၅၂,၀၀၀) ကျပ် သတ်မှတ်ထားပါသည်။
စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင် စာမေးပွဲများတွင် လျှောက်ထားပြီးသူများအပါအဝင်) Registration အဆင့်အား ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
> https://www.jlpt-maja.org.mm/
မိမိတင်လိုသည့် Level အတွက် လျှောက်လွှာလက်ခံချိန်တွင် အချိန်မီ Registered ဖြစ်နေရန်အတွက် လျှောက်လွှာလက်ခံကာလ မတိုင်မီတွင် Registration အား ပြီးမြောက်အောင် ပြုလုပ်ထားပါရန် တိုက်တွန်းထားပါသည်။
စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ လျှောက်ထားရမည့် အသေးစိတ်လမ်းညွှန်ချက်မျာအား JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ ထပ်မံ ကြေညာပေးပါမည်။