Sales Hotline : 09448001653       Download App



သင့်ကလေးရဲ့ ပညာရေးအတွက် IGCSE ကျောင်းတွေကို ဘယ်လိုရွေးချယ်ကြမလဲ

 

IGCSE ဆိုတာ ဘာလဲ ၊ ဘယ်လို ဘာသာရပ်တွေကိုသင်ကြားပေးတာလဲ ၊ ဘာလို့ တက်ရောက်သင့်တာလဲ ဆိုတဲ့ အချက်တွေကို အရှေ့က ဆောင်းပါးမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ သင့်ကလေးငယ်ရဲ့ ပညာရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြု အထက်တန်းပညာရေး တစ်ခုဖြစ်တဲ့ IGCSE လမ်းကြောင်းကို ရွေးချယ်ထားတဲ့ ဖေဖေ၊ မေမေ တို့အတွက် IGCSE ကျောင်းတွေကို ဘယ်လိုရွေးချယ်ကြမလဲ ၊ ဘယ်အချက်တွေကို အဓိကကြည့်ပြီး ဆုံးဖြတ်သင့်သလဲဆိုတာကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ 

 

လုံခြုံရေးကောင်းမွန်သော ကျောင်းဖြစ်ရမည်

 

ကိုယ့် ကလေးငယ်ကို ဘေးကင်းစေချင်တာက ဖေဖေ၊ မေမေ တိုင်းရဲ့ ပထမဦးစားပေး ရွေးချယ်မှုလို့ ပြောရရင်လည်း မမှားပါဘူး ။ လက်ရှိ အနေအထား ၊ ခေတ်ကာလ အခြေအနေ နှင့် အညီ လုံခြုံရေးကို အဓိကထားပြီး ကြပ်မတ်မှသာလျှင် မိဘများအနေဖြင့် ကိုယ့်သားသမီးကို စိတ်ချ လက်ချ ကျောင်းပို့နိုင်မှာပါ။ လုံခြုံရေးလို့ ဆိုရာတွင် ကျောင်းတွင်း စာသင်ခန်းတိုင်းတွင် CCTV ထားရှိမှု ၊ ကျောင်းအ၀င်ဂိတ်ပေါက် လုံခြုံရေး စောင့်ကြပ်မှု ၊ ကျောင်းပို့ ကျောင်းကြိုတွင် တာ၀န်ကျ ဆရာ/ဆရာမ များမှ ကြိုဆိုမှု ၊ ပြင်ပလူ/သူစိမ်းများကို လွယ်လွယ်ကူကူ ၀င်ထွက်ခွင့် ကန့်သတ်ထားမှု ၊ ဖယ်ရီကားပေါ်တွင် ကလေးများအား အကြိုအပို့ လုပ်ဆောင်ပေးမည့် ကျောင်းမှ တာ၀န်ချထားသည့် ဆရာ/ဆရာမ (သို့မဟုတ်) ၀န်ထမ်းတစ်ဦးဦး လိုက်ပါစောင့်ကြပ်မှု အစရှိသည့် အချက်များကို ထည့်သွင်းစဥ်းစားရမှာပဲဖြစ်ပါတယ် ။ 

 

စာသင်ကြားမှုအတွက် Facility ပြည့်စုံသော ကျောင်းဖြစ်ရမည်

 

ကျောင်းလို့ ပြောလိုက်ပြီဆိုရင် International School ဖြစ်စေ ၊ Private School ဖြစ်စေ သတ်မှတ်ထားတဲ့ စည်းမျဥ်း ၊ စည်းကမ်းများ နဲ့ အညီ သင်ကြားမည့် သင်ရိုးအပြည့် အစုံ ၊ သင်ရိုး နဲ့အညီ ဖတ်စာအုပ် အပြည့်အစုံ ရှိရပါမယ် ။ ဖတ်စာအုပ်များကိုလည်း စာသင်ချိန် / စာသင်နှစ် အမှီ ကျောင်းသားများရဲ့ လက်ထဲသို့ အရောက်ပို့ဆောင် ပေးနိုင်ရပါမယ် ။ ကျောင်းတွင်း သတ်မှတ်ထားသော Uniform တူညီ၀တ်စုံ ရှိရပါမယ်။ စာသင်ကြားရာမှာ လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံမှု  ၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာ/ဆရာမ အင်အား ပြီးပြည့်စုံမှု ၊ သင်ခန်းစာများအတွက် လိုအပ်တဲ့ စာသင်ချိန် ၊ အချိန်ဇယား ပြီးပြည့်စုံမှု စတဲ့ အချက်တွေကလည်း ထည့်သွင်းစဥ်းရမယ့် အချက်တွေပဲဖြစ်ပါတယ်။ 

 

Exam Approved Center ရှိရမည်

 

Official Cambridge Organization ကပေးအပ်ထားသော တရား၀င် သက်တမ်းရှိ လက်မှတ် ကိုင်ဆောင်ထားသော ကျောင်းဖြစ်ဖို့ လိုအပ်ပါမယ်။ သို့မှသာ ကိုယ်ဖြေဆိုလိုက်တဲ့ IGCSE Exam ဟာလည်း နိုင်ငံတကာ တရား၀င် အသိအမှတ်ပြုသော စာမေးပွဲတစ်ခုဖြစ်မှာပါ ။

 

Monthly / Weekly / Semester Test တွေ ပုံမှန် ရှိရမည် 

 

နောက်ဆုံးစာမေးပွဲကြီး ဖြစ်တဲ့ Cambridge Official Exam ကြီးကို မဖြေဆိုရသေးခင်မှာ ကိုယ့်ကလေးရဲ့ တိုးတက်မှု ၊ စာလိုက်နိုင်လား မလိုက်နိုင်လား သိရအောင် ကိုယ်တက်တဲ့ ကျောင်းက စာမေးပွဲတွေကို အချိန်ဇယား နဲ့ အညီ ပုံမှန် စစ်ဆေးပေးဖို့လည်း လိုအပ်ပါတယ် ။ ဒါမှသာလည်း မိဘတွေ အနေနဲ့ ငွေကြေးကုန်ရကျိုး နပ်သလို ကိုယ့် ကလေးအတွက်လည်း စိတ်အေးရမှာပါ။ သတ်မှတ်လတွေမှာ ဖြေဆိုရတဲ့ စာမေးပွဲတစ်ချို့ရဲ့ ရမှတ်များကိုလည်း Cambridge Centre ကိုတင်ပြရပါတယ် ။ စာမေးပွဲများကို အပတ်စဥ် ၊ လစဥ် စစ်ပေးခြင်းကလည်း ကလေးများ အတွက် အလေ့အကျင့် ပုံမှန် ရရှိစေပြီး စာမေးပွဲ ကြောက်တဲ့စိတ်ကို အများကြီး လျှော့ချပေးနိုင်ပါတယ် ။ ဒါ့အပြင် ပုံမှန်စာလေ့လာရခြင်းကြောင့် နောက်ဆုံးစာမေးပွဲမှာ အမှတ်ကောင်း ၊ရလာဒ်ကောင်းတွေ ထွက်အောင်ပါ အထောက်အကူပြုပေးနိုင်ပါတယ် ။ 

 

ရွေးချယ်စရာ ဘာသာရပ်စုံလင်သော ကျောင်းဖြစ်ရမည်

 

IGCSE လို့ပြောလိုက်ရင် Compulsory Subject များမှလွဲပြီး ကျန်ဘာသာရပ်တွေဟာ ကိုယ့်စိတ်ကြိုက်ရွေးချယ် တက်ရောက်ရတာပါ။ ကိုယ်ရွေးချယ်မယ့် တက္ကသိုလ် ၊ လမ်းကြောင်း အပေါ် မူတည်ပြီး သက်ဆိုင်ရာ ဘာသာရပ်များကို ရွေးချယ်ရတာကြောင့် IGCSE ကျောင်းတိုင်းတွင် သတ်မှတ်ဘာသာရပ် အစုံအလင် ရှိရပါမယ်။ ကျောင်းသားများ အနေနဲ့ ဘာသာရပ်ရွေးချယ်ရာမှာ အများဆုံး ၉ ဘာသာမှ အနည်းဆုံး ၆ ဘာသာထိ ရွေးချယ်တက်ရောက်နိုင်တာကြောင့် ကိုယ့်ရဲ့ အားသာချက် ၊ အားနည်းချက် ၊ စိတ်ပါ၀င်စားမှု ၊ ၀ါသနာ ၊ ကိုယ်လျှောက်မယ့် အလုပ်အကိုင်လမ်းကြောင်း စသည့် အချက်များအပေါ်အခြေခံပြီး ရွေးချယ်နိုင်ပါတယ် ။ 

 

စီမံခန့်ခွဲမှု ကောင်းမွန်သော ကျောင်းဖြစ်ရမည်

 

ကိုယ်ရွေးချယ်လိုက်တဲ့ ကျောင်းဟာ ကျောင်းသား ၊ မိဘ နဲ့ ဆရာ ကြားမှာ Keep in Touch အမြဲဖြစ်နေပြီးသတင်း ၊ အချက်အလက် စီးဆင်းမှု နောက်ကျကျန်ခြင်း မရှိပဲ စီမံခန့်ခွဲမှု အားကောင်းတဲ့ ကျောင်းတစ်ကျောင်းဖြစ်ဖို့လည်း အထူးလိုအပ်ပါတယ် ။ ကျောင်းသားများအတွက် စာမေးပွဲ အချိန်စာရင်း ၊ တိကျတဲ့ စာသင်ချိန် ၊ စည်းကမ်းသတ်မှတ်ချက် ၊ သတင်း အချက်အလက် ထုတ်ပြန်မှု ၊ သတ်မှတ်ထားတဲ့ သင်ရိုးကို အချိန်မှီအောင် သင်ကြားနိုင်မှု ၊ စာမေးပွဲရလာဒ် ထုတ်ပြန်ချက် ၊ ကျောင်းတွင်း ကျောင်းသား ဆက်ဆံရေး ၊ ဆရာ/ဆရာမ ဆက်ဆံရေး ၊ ၀န်ထမ်း ၊ ကျောင်းသားမိဘ ဆက်ဆံရေး အစရှိတဲ့ အချက်များကို လျှင်လျှင်မြန်မြန် ၊ မှန်မှန်ကန်ကန် နှင့် ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ကလည်း မိဘများ အနေနဲ့ ထည့်သွင်းစဥ်းစားရမယ့် အချက်များထဲကမှ တစ်ချက်ပဲဖြစ်ပါတယ် ။ 

 

Review ကောင်းမွန်သော ကျောင်းဖြစ်ရမည်

 

စုံစမ်းပါ ၊ မေးမြန်းပါ ။ IGCSE ကျောင်းတွေကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ ကျောင်းရဲ့ အားသာချက် ၊ အားနည်းချက် တွေကို သေချာစုံစမ်းလေ့လာဖို့ကလည်း အရေးကြီးပါတယ် ။ ကျောင်းရဲ့ သက်တမ်း ၊ တည်ထောင်သူ ၊ တက်ရောက်နိုင်တဲ့ ဘာသာရပ် ၊ စာသင်ချိန် ၊ ကျောင်းရဲ့ လှုပ်ရှားမှုများ ၊ လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသားဦးရေ ၊ အောင်မြင်မှု အစရှိတဲ့ အချက်တွေကို ထည့်သွင်းစဥ်းစားပြီး မိဘအချင်းချင်းဖြစ်စေ ၊ တက်ရောက်ခဲ့ပြီးသော ကျောင်းသားဟောင်းများကို ဖြစ်စေ ၊ Social Media တွင် ဖြစ်စေစုံစမ်းမေးမြန်းသင့်ပါတယ်။ 

 

High Read 932 times