IB schools Global Top (10) စာရင်းထဲ မြန်မာက SKT ကျောင်း ပါဝင်

မြန်မာနိုင်ငံရှိ SKT International School သည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ထိပ်တန်း IB ကျောင်း (၁၀၀) စာရင်းတွင် အဆင့် (၉) နေရာကို ရရှိခဲ့ကြောင်း IB schools ဝက်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားသည်။ အရှေ့တောင်အာရှနိုင်ငံများအနက် SKT International School သည် နိုင်ငံကိုယ်စားပြုအဖြစ် ပထမနေရာတွင် ပါဝင်နိုင်ခဲ့သော ကျောင်းဖြစ်လာသည်။ 

အဆိုပါ အဆင့်သတ်မှတ်ချက်ကြောင့် "SKT International School ဟာ မြန်မာနိုင်ငံအတွက် ကမ္ဘာ့ပညာရေးအဆင့်မှာ မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။" ဟု ကျောင်းဘက်မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပြီး လာမယ့် စက်တင်ဘာ (၂၈) ရက်နေ့တွင်လည်း ဂုဏ်ပြုပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့ထိပ်တန်း IB ကျောင်း (၁၀၀) စာရင်းကို ၂၀၂၅ ခုနှစ် မေလတွင် ကမ္ဘာတစ်ဝှမ်းက ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့သော IB စာမေးပွဲ၏ ပျှမ်းမျှရမှတ် အများအနည်းအလိုက် စီစဉ်၍ အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် SKT International School မှ ကျောင်းသား၊ ကျောင်းသူများသည် IB ဒီပလိုမာပရိုဂရမ် စာမေးပွဲတွင် ပျမ်းမျှရမှတ် (၄၀.၂၅) မှတ်ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်အတွက် အဆင့် (၉) နေရာကို ရရှိခဲ့ကြောင်း သိရသည်။ 

IB ထိပ်တန်းကျောင်း (၁၀၀) စာရင်းတွင် အဆင့် (၁) နေရာကို ရုရှားက Letovo School က ရရှိခဲ့ပြီး အဆင့် (၂) ကို ယူကေက North London Collegiate School နဲ့ အဆင့် (၃) ကိုတော့ ဂျပန်က K. International School Tokyo တို့က အသီးသီး ရရှိခဲ့ကြသည်။

ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ထိပ်တန်း IB ကျောင်း (၁၀၀) စာရင်းကို အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်သည်။

https://ib-schools.com/league-tables/global-top-ib-schools?

SKT International School သည် Campus (၂) ခုရှိပြီး ရန်ကုန်မြို့က နာမည်ကြီး နိုင်ငံတကာကျောင်းများထဲက တစ်ခုအပါအဝင်ဖြစ်သည်။ လိပ်စာတို့မှာ အမှတ် (၂၃၅)၊ ရှုခင်းသာမြို့ပတ်လမ်း၊ သာကေတမြို့နယ်ရှိ Riverside Campus နှင့် အမှတ် (၂၅)၊ ဖိုးစိန်လမ်း၊ ဗဟန်းမြို့နယ်ရှိ City Campus တို့ဖြစ်သည်။

===================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 6180 times