လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများ ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီ (၂) ရက်နေ့က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ သင်ကြားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က လာမည့် ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲရမည်ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ပေါင်းစပ် ညှိနှိုင်းမှုဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနတွင်ရှိသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းမည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတွင် ဒုတိယဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စေမည်ဖြစ်ပါသည်။
ယင်းသို့ပြန်လည်ဖွဲ့စည်းရာတွင် ပညာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများသာမက စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဆိုင်ရာများနှင့်ပတ်သက်သည့် ပညာရှင်များကိုပါ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမည်ဆိုပါက ပိုမိုကောင်းမွန်သည့် သင်ရိုးညွှန်းတမ်းများဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်၍ အလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားပေးနိုင်ရန်၊ သင်ရိုးများ အချိန်မီရေးဆွဲရန်၊ သင်ကြားမည့် ဆရာ ဆရာမများနှင့် ဆင့်ပွားသင်တန်းများ ဆက်လက်ပေးရန်နှင့် သင်ကြားမည့်အချိန်များ သတ်မှတ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မကြာခင်ကျင်းပမည့် Grade-12 စာမေးပွဲများ ချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Source - ပြန်ကြားရေးဝန်ကြီးဌာန