Sales Hotline : 09448001653       Download App



စက်မှုလက်မှုသိပ္ပံ A.G.T.I ပထမနှစ်ဝင်ခွင့်လျှောက်လွှာများ စတင်လျှောက်ထားနိုင်

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးနည်းပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာန၏ လက်အောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများဖြစ်သော (မိုးညှင်း၊ မြင်းခြံ၊  ပူတာအို၊ လွိုင်ကော်၊ မော်လမြိုင်၊ သံတွဲ၊ ရွှေပြည်သာ၊ အင်းစိန်၊ သန်လျင်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ တောင်ငူ၊ ဝါးခယ်မ၊ လပ္ပတ္တာ၊ ကျိုက်လတ်၊ ထားဝယ်) နှင့် ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း( Japan - Myanmar Aung San Vocational Training Institute) စုစုပေါင်း (၂၅) ကျောင်းတို့တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်းလျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီး ဖြစ်ကြောင်း သိရှိရသည်။

 

ဝင်ခွင့် လျှောက်လွှာများကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသော ကျောင်းသို့ ပြန်လည်တင်သွင်းရမည်ဖြစ်သည်။ 

 

လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရမည်ဖြစ်သည်_

 

  • လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြား (မိတ္တူ)

  • ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း၊

  • သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်း (မူရင်း)၊

  • လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား (မိတ္တူ)၊

  • ကျောင်းသား/သူများနေထိုင်ရာ ဒေသ သက်ဆိုင်ရာနယ်မြေ၊ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်း၊

  • ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ၊

 

သင်တန်းကာလမှာ (၃) နှစ်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက ဒီပလိုမာလတ်မှတ် ပေးအပ်မည်ဖြစ်သည်။ A.G.T.I (၃) နှစ်သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မှီပါက BE နှင့် B.Tech သင်တန်းများသို့ ပေါင်းကူးတတ်ရောက်နိုင်ရေး လျှောက်ထားနိုင်သည်။

 

လျှောက်ထားသူသည်နည်းပညာနှင့်သက်မွေးပညာလုပ်ငန်းသဘာဝအရကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူဗဗေဒ၊ ဓာတုဗေဒ ဘာသာတွဲများ ပါဝင်သော မည့်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူများ လျှောက်ထားနိုင်သည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရသည့်ခဲ့သည့် အင်္ဂလိပ်စာ နှင့် သင်္ချာ စုစုပေါင်းရမှတ်အပေါ်မူတည်၍ ရွေးချယ်သွားမည်ဖြစ်သည်။ 

 

စက်မှုလက်မှုသိပ္ပံကျောင်းများအလိုက် ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများနှင့် ကျောင်းခွဲများမှာ အောက်ပါအတိုင်းဖြစ်ကြသည်_

 

  1. မြို့ပြအင်ဂျင်နီယာသင်တန်း ( အပိုဒ် ၁ ပါ ကျောင်းပေါင်း ၂၃ ကျောင်း * ပြင်ဦးလွင် နှင့် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်းများ မပါဝင်ပါ)

  2. အီလက်ထရွန်နစ်အင်ဂျင်နီယာသင်တန်း ( အပိုဒ် ၁ ပါကျောင်းပေါင်း ၁၉ ကျောင်း * ပူတာအို၊ သံတွဲ၊တောင်ငူ၊ထားဝယ်၊သန်လျင်နှင့်ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းများ မပါဝင်ပါ)

  3. လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း(အပိုဒ်၁ပါကျောင်းပေါင်း၂၄ကျောင်း*ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း မပါဝင်ပါ)

  4. စက်မှုအင်ဂျင်နီယာသင်တန်း(အပိုဒ်၁ ပါ ကျောင်းပေါင်း ၂၄ ကျောင်း *ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း မပါဝင်ပါ)

  5. သုတနည်းပညာသင်တန်း (မိုးညှင်း၊မြင်းခြံ၊ကျောက်ဆည်၊ပြင်ဦးလွင်၊အင်းစိန်၊ကန့်ဘလူ))

  6. စက်မှုလုပ်ငန်းအင်ဂျင်နီယာသင်တန်း (အင်းစိန်၊ပြင်ဦးလွင်)

  7. စက်မှုလယ်ယာနည်းပညာသင်တန်း (ဝါးခယ်မ၊ကျိုက်လတ်)

  8. မော်တော်ယဥ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာသင်တန်း (ပြင်ဦးလွင် နှင့် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း)

  9. စက်မှုလုပ်ငန်းဆိုင်ရာလျှပ်စစ်အင်ဂျင်နီယာ(ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း) 


 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မိမိလျှောက်ထားလိုသည့် သက်ဆိုင်ရာ အစိုးရ စက်မှုလက်မှု သင်တန်းကျောင်းများ အသီးသီးသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Latest Post Local News Read 2511 times