ထရမ့်အစိုးရသည် လာမည့်ပညာသင်နှစ်အတွက် ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လက်ခံမှုကို တားဆီးပိတ်ပင်ခဲ့ပြီး လက်ရှိတက်ရောက်နေဆဲကျောင်းသားများကိုလည်း ကျောင်းပြောင်းတက်ရန် ဖိအားများပေးနေကြောင်း အမေရိကန်အခြေစိုက်သတင်းဌာနများမှတဆင့် သိရသည်။
ဂုဏ်သတင်းကြီးမားပြီး နိုင်ငံတကာကျောင်းသားတိုင်း၏ အိပ်မက်တက္ကသိုလ်ဖြစ်သော ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ တက်ရောက်မှုကို ပိတ်ပင်သည့် အဆိုပါအမိန့်ကို မတ်လ (၂၂) ရက် ကြာသပတေးနေ့က ပြည်တွင်းလုံခြုံရေးအေဂျင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါအမိန့်စာတွင် "ဟားဗတ်တက္ကသိုလ်သည် ကျောင်းဝင်းအတွင်း ဂျူးကျောင်းသားများကို ချေမှုန်းရန် "အမေရိကန်ဆန့်ကျင်ရေး၊ အကြမ်းဖက် လှုံ့ဆော်သူများ" ကို ခွင့်ပြုထားခြင်းဖြင့် ကျောင်းဝင်းကို မလုံခြုံသော ပတ်ဝန်းကျင်အဖြစ် ဖန်တီးထားသည်။ ထို့အပြင် ဟားဗတ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းပြီး တရုတ်အရံတပ်ဖွဲ့တစ်ဖွဲ့က အဖွဲ့ဝင်များကို လက်ခံလေ့ကျင့်ပေးခဲ့သည်" ဟု စွပ်စွဲထားသည်။
ထို့ကြောင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်ပြီး ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်မရှိတော့သည့်အပြင် လက်ရှိတက်ရောက်နေသည့် နိုင်ငံတကာကျောင်းသားများသည်လည်း ကျောင်းပြောင်းပေးရမည် (သို့) ကျောင်းမပြောင်းပါက အမေရိကန်နိုင်ငံတွင် တရားဝင်နေထိုင်ခွင့် ဆုံးရှုံးမည်ဟု အေဂျင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီလ (၁၆) ရက်နေ့တွင် ပြည်တွင်းလုံခြုံရေးအေဂျင်စီက ကျောင်းဝန်းအတွင်း ဆန္ဒပြပွဲတွင် ပါဝင်သော ကျောင်းသားများ၏ မှတ်တမ်းများကို ပေးရန် တောင်းဆိုမှုကို ဟားဗတ်တက္ကသိုလ်ဘက်မှ ငြင်းဆန်ခဲ့ခြင်းကြောင့် ယခုလို Harvard’s Student and Exchange Visitor Program (SEVP) ကို ရပ်ဆိုင်းခြင်းဖြစ်သည်။
ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနိုအမ်က ဟားဗတ်တက္ကသိုလ်သည် နိုင်ငံတကာကျောင်းသားများ၏ မှတ်တမ်းများကို (၇၂) နာရီအတွင်း ထုတ်ပေးမည်ဆိုပါက ဟားဗတ်တက္ကသိုလ်အတွက် နိုင်ငံတကာကျောင်းသားများကို လက်ခံနိုင်သည့် အခွင့်အရေး ပြန်လည်ရရှိနိုင်သည်ဟု ပြောကြားခဲ့သည်။
မက်ဆာချူးဆက်ပြည်နယ်၊ ကိန်းဘရစ်ချ်ရှိ ဟားဗတ်ကန်းပတ်စ်တွင် နိုင်ငံတကာကျောင်းသား စုစုပေါင်း ၆,၈၀၀ နီးပါး ရှိပြီး ကျောင်းသားစုစုပေါင်း၏ လေးပုံတစ်ပုံကျော်ဖြစ်သည်။ အများစုသည် နိုင်ငံပေါင်း (၁၀၀) ကျော်မှ ဘွဲ့ရကျောင်းသားများ ဘွဲ့လွန်လာတက်ကြခြင်းဖြစ်သည်။
စာသင်နှစ်အလိုက် ဟားဗတ်တက္ကသိုလ်၏ ကျောင်းသားစာရင်း
"ဒီလုပ်ရပ်က ဥပဒေနဲ့ မညီဘဲ ဟားဗတ်အသိုက်အဝန်းနဲ့ ကျွန်တော်တို့နိုင်ငံကို အကြီးအကျယ် ထိခိုက်စေပြီး ဟားဗတ်ရဲ့ ပညာရေးနဲ့ သုတေသနမစ်ရှင်ကို ထိခိုက်စေတယ်" ဟု တက္ကသိုလ်က ပြန်လည်တုံ့ပြန်ခဲ့သည်။
ဟားဗတ်တက္ကသိုလ်ဒီမိုကရက်တစ်ကျောင်းသားများကလည်း ထရမ့်အစိုးရသည် သဘောထားကွဲလွဲမှုများကို တိတ်တိတ်ဆိတ်ဆိတ်နေရန် ကျောင်းသားများ၏ဘဝနှင့် ကစားနေပြီး အာဏာရှင်ဆန်သည်ဟု ဝေဖန်ကြသည်။
Source - AP News , Reuters
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။