အမေရိကန်သံရုံးများတွင် ကျောင်းသားဗီဇာ ရက်ချိန်းပေးမှု ယာယီရပ်ဆိုင်း

အမေရိကန်ကျောင်းသားဗီဇာအတွက် အင်တာဗျူး ရက်ချိန်းပေးမှုများကို ယာယီရပ်ဆိုင်းရန် အမေရိကန်သမ္မတ Donald Trump အစိုးရအဖွဲ့က နိုင်ငံတကာရှိ အမေရိကန်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသို့ မေလ (၂၇) ရက်နေ့တွင် အမိန့်ပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။

သံတမန်ရေးရာဌာနများသို့ ပေးပို့သော အမိန့်စာတွင် "ကျောင်းသားဗီဇာ ရပ်နားထားမှုသည် နောက်ထပ်လမ်းညွှန်ချက် မထုတ်ပြန်မီအထိ ရပ်နားထားရမည်" ဟုပါကြောင်း နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောကြားခဲ့သည်။ အမေရိကန်ကျောင်းသားဗီဇာ လျှောက်ထားသူများကို ဆိုရှယ်မီဒီယာတွင် စစ်ဆေးမှုများ အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အဆိုပါအမိန့်သည် သမ္မတ Trump နှင့် အမေရိကန်က ထိပ်တန်းကောလိပ်အချို့၏ သဘောထားကွဲလွဲမှုများကြားမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တက္ကသိုလ်အချို့သည် ကျောင်းဝင်းအတွင်း ကိုးကွယ်ယုံကြည်မှု ဆန့်ကျင်မှုများကို လက်ခံထားပြီး ခွဲခြားဆက်ဆံမှုဆိုင်ရာ ဝင်ခွင့်မူဝါဒများကို ဆောင်ရွက်ခဲ့သည်ဟု Trump က စွပ်စွဲပြောဆိုခဲ့သည်။

အမေရိကန်သံရုံးများတွင် ကျောင်းသားဗီဇာ လျှောက်ထားသူများအနက် ရက်ချိန်းပေးပြီးသားသူများကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးရန်နှင့် ရက်ချိန်းမပေးရသေးသော ချိန်းဆိုမှုများကို မေလ (၂၇) ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းရန် ထုတ်ပြန်ထားကြောင်း CB News မှ သိရသည်။

ကျောင်းသားဗီဇာလျှောက်ထားသူများ၏ ဆိုရှယ်မီဒီယာများကို စစ်ဆေးရန် နိုင်ငံတော်ဌာနက ပြင်ဆင်နေပြီဖြစ်ပြီး The Guardian ၏အဆိုအရ "အကြမ်းဖက်လှုပ်ရှားမှု" ကို ထောက်ခံမှုရှိ၊ မရှိနှင့် အမျိုးသားလုံခြံရေးကို ထိပါးသည့် အကြောင်းအရာကို စစ်ဆေးရှာဖွေသွားမည်ဟု သိရသည်။

ကျောင်းသားဗီဇာနှင့်ပတ်သက်ပြီး မေးမြန်းသောအခါ ပြည်နယ်ဌာန ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က "နိုင်ငံတွင်း ဝင်လာသူ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ကျွန်ုပ်တို့ဘက်က အလေးအနက်ထားပြီး ဆက်လက်လုပ်ဆောင်သွားပါမည်။" ဟု သတင်းထောက်များအား ဖြေကြားခဲ့သည်။  

အဆိုပါအမိန့်ကြောင့် အမေရိကန်တွင် ပညာသင်ကြားလိုသော ကျောင်းသားများ၊ ဖလှယ်ရေး (သို့) လေ့လာရေးခရီးစဉ်များ သွားရောက်လိုသော ကျောင်းသားများအတွက် မိခင်နိုင်ငံရှိ အမေရိကန်သံရုံးများတွင် အင်တာဗျူး ရက်ချိန်းရရန် အရေးကြီးသောကြောင့် အခက်အခဲများ ဖြစ်လာနိုင်သည်။

ထို့အပြင် အမေရိကန်ကျောင်းများဘက်ကလည်း ၎င်းတို့၏ ရံပုံငွေများစွာအတွက် ဒေသတွင်းကျောင်းသားများထက် နိုင်ငံတကာကျောင်းသားများကို ပိုမို မှီခိုနေရသည့်အတွက် ငွေကြေးဆုံးရှုံးများ ပေါ်ပေါက်လာနိုင်သည်။

Source - BBC

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International News Latest Post Read 52 times