Sales Hotline : 09448001653       Download App



အစိုးရ ကျောင်းဆရာမနဲ့ ကျူရှင်ဆရာမ ဘယ်ဟာ ပိုကောင်းလဲ

စင်ကာပူမှာ ဆရာမ လုပ်တဲ့အခါ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းအဖြစ် ဆရာမ လုပ်ရတာ အမြင်မှာ ကောင်းတယ်လို့ ထင်ရတယ်။ လစာ ကောင်းတယ်။ ကျောင်းပိတ်ရက်ရှည် အားလပ်ရက်တွေ ရတယ်။

ဒါပေမဲ့ ကျူရှင်ဆရာမလုပ်ဖို့ အစိုးရဆရာမအလုပ်က ထွက်လာတဲ့သူတွေ ရှိနေတာ ဘာကြောင့်လဲ။
အသိမိတ်ဆွေ သူငယ်ချင်း အစိုးရကျောင်းဆရာမ ရှိရင် သူ့ဆီက မရေမတွက်နိုင်တဲ့ မကျေမနပ် ပြောဆိုသံတွေ ကြားရနိုင်တယ်။ ကျိုးကြောင်း မဆီလျော်တဲ့ အလုပ် ဝန်ထုပ်တန်ပိုးနဲ့ စိတ်တိုရတဲ့ ဗျူရိုကရေစီကို သူတို့ ရင်ဆိုင်နေရပုံတွေ ပြောပြလိမ့်မယ်။ 

ဆရာမတွေ ပညာရေးဝန်ကြီးဌာန ပညာသင်ဆု ကတိခံဝန်စာချုပ်ကို ချိုးဖောက်ပြီး အပြီးအပိုင် အလုပ်ထွက်နေကြတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ  နှုတ်ခမ်းတွေ တင်းတင်းစေ့ပြီး နှုတ်ဆိတ်နေကြတယ်။ 
အစိုးရ ဆရာမနဲ့ ပုဂ္ဂလိကကျူရှင်ဆရာမ ဘယ်ဟာက ပိုကောင်းသလဲဆိုတဲ့ မေးခွန်းအတွက် နှိုင်းယှဉ်ဖို့ လခ၊ အလုပ်ဝန်ထုပ်ပမာဏနဲ့ အရေးပါတဲ့အချက်တချို့ကို ဖော်ပြပေးထားပါတယ်။ 

 

လစာချင်း ယှဉ်ကြည့်မယ်

စင်ကာပူမှာ အစိုးရကျောင်းဆရာမတွေ လစာကောင်းကြတယ်။
Payscale.com မှ ဖော်ပြထားတဲ့ လစာနှုန်းထားတွေအရ အထက်တန်းကျောင်းဆရာမရဲ့ တစ်နှစ်တာလစာက ဒေါ်လာ ၇၀,၇၈၂ ဖြစ်ပြီး တစ်လလျှင် ဒေါ်လာ ၅,၉၀၀ ခန့် ရပါတယ်။ 
မူလတန်းကျောင်းဆရာမရဲ့ လစာကတော့ နည်းနည်းလေး ပိုနည်းတယ်။ တစ်နှစ်ကို ဒေါ်လာ ၆၈,၃၁၄ ရတယ်။ တစ်လကို ဒေါ်လာ ၅,၇၀၀ ခန့် ဖြစ်ပါတယ်။ 
ကျူရှင်ဆရာမတွေကတော့ ကိုယ့်ဘာသာ အလုပ်ခန့်တဲ့သဘော ဖြစ်ပြီး နာရီနဲ့ အခကြေး ရယူတယ်။ ကျောင်းဆရာမတွေလို ဆုကြေးတွေနဲ့ ပင်စင်ရန်ပုံငွေအထောက်အပံ့ မရရှိကြဘူး။ 
နာရီအလိုက် အခကြေး အနည်းအများ အမျိုးမျိုး ရှိနေတယ်။ အတော်ကွာခြားတယ်။ အမြင့်ဆုံးအပိုင်းမှာ အစိုးရကျောင်းဆရာမဟောင်းတွေ သင်ပြနေကြပြီး ခက်ခဲတဲ့ဘာသာရပ်တွေကို အမြင့်တန်းတွေအတွက် အထူးသီးသန့် သင်ပြကြတယ်။ တစ်နာရီကို ဒေါ်လာ ၁၀၀ အထိ ရှိတယ်။ 
ဒါပေမဲ့ လူကြိုက်မများတဲ့ မူလတန်းပြနဲ့ အထက်တန်းပြ ကျူရှင်ဆရာမတွေအဖို့ တစ်နာရီကို ၂၅ ဒေါ်လာမှ ဒေါ်လာ ၅၀ အထိ ရယူကြတယ်။ 

အချိန်ပြည့်သင်ပြတဲ့ ကျူရှင်ဆရာမတွေလည်း ရှိတယ်။ The Learning Lab နဲ့ Math Vision Enrichment Centre တို့လို ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ သူတို့ အလုပ်လုပ်ကြတယ်။ လစာက ဒေါ်လာ ၃,၀၀၀ နီးပါး ရတယ်။ ဆုကြေးတွေကတော့ မသေချာဘူး။ 

ဗဟိုပင်စင် ရန်ပုံငွေ အထောက်အပံ့နဲ့ စွမ်းဆောင်ရည် ဆုကြေးများ ရရှိတာကြောင့် အချိန်ပြည့် အစိုးရဆရာမတွေအဖို့ စင်ကာပူမှာ တည်တည်တံ့တံ့ နှစ်စဉ်ရတဲ့လခတွေက လေးစားစရာကောင်းပါတယ်။ 
ကျူရှင်ဆရာမတွေကတော့ ကျောင်းဖွင့်တဲ့ကာလတစ်လျှောက်သာ များသောအားဖြင့် အလုပ်ရှိတာကြောင့် တစ်နှစ်တာမှာ လခရတာ ၁၀ လစာ ရတယ်။ အစိုးရကျောင်းဆရာမတွေက ဆုကြေးတွေပါ ထည့်တွက်ရင် နှစ်စဉ် ၁၅လစာ လခ ရကြတယ်။ 

 

အလုပ်ဝန်ထုပ် ပမာဏ

အစိုးရကျောင်းဆရာမ ရရှိတဲ့ တစ်နှစ်တာအတွက် လစာဖြစ်တဲ့ ဒေါ်လာ ၆၈,၃၁၄ ရရှိဖို့ဆိုရင် အတွေ့အကြုံ ရှိထားတဲ့ ကျူရှင်ဆရာမတစ်ဦးက တစ်နာရီ ဒေါ်လာ ၄၀ ရတဲ့အခါမှာ တစ်လကို ၁၄၂ နာရီလောက် ကျူရှင်ပြဖို့ လိုတယ်။ ဒီတော့ တစ်ပတ်ကို ၃၆ နာရီ ကျူရှင်ပြရမှ အချိန်ပြည့် အစိုးရဆရာမ ရတဲ့လစာကို မီမယ်။ ဒီတော့ တစ်ပတ်တာမှာ  အလုပ်လုပ်ရတဲ့ နာရီစုစုပေါင်းက အချိန်ပြည့် ရုံးဝန်ထမ်းတစ်ဦးရဲ့ အလုပ်လုပ်ရတဲ့နာရီနဲ့ အတူတူပဲ။ အဲဒါအပြင် သင်ဖို့ ကျောင်းသူကျောင်းသား ရရှိဖို့ကိုလည်း ရှာဖွေရတယ်။ စနေတနင်္ဂနွေ သီတင်းပတ်အဆုံးသတ် အလုပ်ပိတ်ရက်တွေမှာလည်း အလုပ်လုပ်ရတယ်။ အများပြည်သူရုံးပိတ်ရက်တွေလည်း အလုပ်လုပ်ရတယ်။ 

ကျူရှင်ဆရာမ အလုပ်က အစိုးရကျောင်းဆရာမထက် ပိုရဖို့ မဖြစ်နိုင်ဘူးလို့တော့ မဆိုလိုပါဘူး။ ဘာသာရပ်တွေကို အထူးပြု သင်ပေးနိုင်ပြီး နာမည်ကောင်းလည်း ရတယ်ဆိုရင် ကျူရှင်ဖိုးတွေ တိုးတောင်းလို့ ရတယ်။ စာသင်တာတော့ တစ်ချိန်ပဲ သင်တာ ဖြစ်ပေမဲ့ တစ်ယောက်စနှစ်ယောက်စကို သင်ပေးတာအစား အိမ်ကို ကျောင်းသူကျောင်းသားတွေ ခေါ်ပြီး လေးငါးယောက်ကို  သင်ပေးတာဆိုရင် ကျူရှင်ခတွေ ဆတိုး ရရှိတယ်။ တပည့် တစ်ဦးချင်းစီရဲ့ အိမ်တွေကို သွားရောက်ပြီး သင်ပေးနေဖို့လည်း မလိုတော့ဘူး။ 

ခြုံငုံပြီး သုံးသပ်ကြည့်ရင် ပုဂ္ဂလိကျူရှင်ဆရာမ လုပ်ကိုင်တာ ငွေဝင်လမ်း ကောင်းတယ်လို့ တကယ်တော့ မပြောသာပါဘူး။ ကျူရှင်ဆရာမလောကမှာ ထွန်းထွန်းပေါက်ပေါက် ဖြစ်တဲ့သူ အနည်းအကျဉ်းလောက်ပဲ ဝင်ငွေကောင်းကြတာ ဖြစ်ပါတယ်။ ဥပမာ သင်ချင်တဲ့သူတွေ အရမ်းများနေတဲ့ ရူပဗေဒ ကျူရှင်ဆရာမမျိုးလောက်သာ ဝင်ငွေကောင်းကြတယ်။

အဲဒီလို ဆိုရင် မေးစရာ မေးခွန်း ရှိနေတယ်။ အစိုးရကျောင်းဆရာမတွေက ဘာလို့ အလုပ်ထွက်ပြီး ကျူရှင်ပြကြရတာလဲ။ 

 

ဘာလို့ အလုပ်ထွက်ကြတာလဲ

 အစိုးရကျောင်းဆရာမတွေဟာ ဘဝ-အလုပ် ဟန်ချက်ညီညီ မျှတမှု ညံ့နေတယ်။ 

သူတို့မှာ စီမံရေးဆိုင်ရာ အလုပ်တာဝန်တွေ ပိနေကြတယ်။ အဓိပ္ပာယ် မရှိလောက်အောင်ကို ပိနေကြတယ်။ ညနေ ကျောင်းက ပြန်တဲ့အခါ အိမ်မှာ လုပ်ဖို့ အလုပ်တွေ ယူလာရတဲ့သူချည်းပဲ။ ညဘက် အိမ်မှာ လုပ်ကိုင်ကြရတယ်။ သီတင်းပတ်ကုန်ဆုံးရက်တွေမှာလည်း လုပ်ကိုင်ကြရတယ်။ 
ကျောင်းချိန်က ရုံးချိန်ထက် ပိုစောတယ်။ ပြုနေကျ ဖြစ်တာက ဆရာမတွေ မနက် ၇ နာရီမှာ ကျောင်းကို ရောက်ကြရတယ်။ ပိုစောစော ထက်ရပေမဲ့ အလုပ်ဆင်းချိန်ကျတော့ ပိုမစောဘူး။ ဘယ်သူမှာ မွန်းလွဲ ၅ နာရီထက် စောပြီး မပြန်ကြဘူး။ တချို့ဆိုရင် ည ၈ နာရီအထိ ကျောင်းမှာနေပြီး အလုပ်ဆက်လုပ်ကြရတယ်။ ဥပမာ ကျောင်းစောင့် တာဝန်ကျတဲ့ နေ့မျိုးဆိုရင် တာဝန်ချိန် ကုန်တဲ့အထိ ကျောင်းမှာ နေပေးရတယ်။ 
အိမ်မှာလည်း ညဉ့်နက်တဲ့အထိ အလုပ်လုပ်ရတယ်။ စာတွေ စစ်ပေးရတယ်။ စာမေးပွဲ အဖြေလွှာတွေ စစ်ဆေး အမှတ်ပေး စတာတွေ လုပ်ရတယ်။   အပတ်စဉ် ဂျူတီယူရတဲ့ CCA  (Co-curricular activities) ဂျူတီတွေ ရှိတယ်။ ကျောင်းသူကျောင်းသား ဘက်စုံဖွံ့ဖြိုးရေး လုပ်ကိုင်မှုများကို မွန်းလဲပိုင်းနဲ့ ညနေပိုင်းတွေမှာ လုပ်ကိုင်ပေးရတယ်။ စနေတနင်္ဂနွေ နေ့တွေမှာ လုပ်ကိုင်ပေးရတာလည်း ရှိတယ်။ 

 

သူတို့ ဘာပြောကြသလဲ

အသက် ၃၂ နှစ်ရှိ အစိုးရကျောင်းဆရာမ Penelope က မကျေမနပ်ဖြစ်နေတဲ့ လေသံဖြင့် ပြောပြတယ်။
“ပညာရေးဝန်ကြီးဌာနက ဆရာမတွေ အများပြား အလုပ်ထွက်ကုန်ကြတာ ဘာကြောင့်လဲဆိုတာ သိသာပါတယ်။ ဝန်ကြီးဌာနက ဘာလို့ တစ်ကြိမ်တစ်ခါတည်းနဲ့   ပြီးပြတ်သွားအောင် မကိုင်တွယ်ပေးရတာလဲဆိုတာတော့ ကျမ နားမလည်ဘူး။ ကျမတို့ အလုပ်တာဝန် အရမ်းများပြားနေတဲ့ နွှံထဲ နစ်နေကြတယ်။ စာသင်ဖို့အတွက် ကျမတို့ အာရုံမစိုက်နိုင်အောင် ဖြစ်နေကြတယ်”

“ကျမတို့မှာ လူများစုက နေ့တိုင်း ၁၂ နာရီ ၁၃ နာရီ အလုပ်လုပ်ကြရတယ်။ တစ်ခါတလေ စနေတနင်္ဂနွေ နေ့တွေမှာပါ လုပ်ကြရတယ်”

အသက် ၃၂ နှစ်ရှိ Taylor က အစိုးရ ထောက်ပံ့ထားတဲ့ ကျောင်းမှ ကျောင်းဆရာမ ဖြစ်ပါတယ်။
“ကျမ အလုပ်လုပ်တဲ့ အချိန်စုစုပေါင်းရဲ့ ၄၀ % လောက်ကိုပဲ စာသင်ဖို့အတွက် သုံးတယ်။ စီမံရေး အလုပ် ဝန်ထုပ်ကို သူတို့ သက်သာအောင် လုပ်ပေးသင့်တယ်။ အဲဒီတော့မှ ဆရာမတွေ ဆရာမအလုပ်ကို ပိုလုပ်နိုင်မယ်။ စီမံရေးအလုပ်တာဝန်တွေ၊ အမျိုးမျိုး အထွေထွေ ပြောက်သောက် ဂျူတီတွေ ကြောင့် ဆရာမတွေ အရမ်းပင်ပန်းနေကြပြီး ကျမတို့အလုပ်ရဲ့ အနှစ်သာရကို မွေ့လျော်ဖို့ ခက်လှပါတယ်”

သူတို့ နှစ်ဦးစလုံး အိမ်ထောင်သည်များ ဖြစ်ကြပြီး ကလေး ရှိကြတယ်။ သူတို့ ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ လစာမဲ့ခွင့် တစ်နှစ်နီးပါး ယူခဲ့ကြရတယ်။ မွေးကင်းစ ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်ရတဲ့အလုပ်နဲ့ ကျောင်းမှာ စာသင်တဲ့အလုပ် တစ်ပြိုင်တည်း လုပ်ဖို့ဆိုတာ မစွမ်းသာဘူးလို့ သူတို့နှစ်ဦးစလုံးက ပြောပြကြတယ်။ 

 

အလုပ်လုပ်ရတဲ့ နာရီတွေကို နှိုင်းယှဉ်ကြည့်နိုင်တယ်
ကျူရှင်ဆရာမ တစ်ဦးအဖို့ သီတင်းပတ် တစ်ပတ်ကို နာရီ ၄၀ လုပ်တယ်ဆိုရင် ဝင်ငွေ အဆင့်ရှိရှိ ရနိုင်တယ်။ 
စာသင်ချိန်ကို ကိုယ်အဆင်ပြေအောင် အချိန်ဇယား ဆွဲလို့ ရတယ်။ ဆရာမရဲ့ လက်ထဲမှာပဲ ရှိတယ်။ 
အစိုးရကျောင်းဆရာမတွေက တစ်နေ့ကို ၁၃ နာရီ အလုပ်လုပ်ရတယ်။ အလုပ်လုပ်ရက်က တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ဆက်တစ်စပ်တည်း  တစ်ပတ်မှာ ၅ ရက် ရှိတယ်။ ဒီတော့ တစ်ပတ်မှာ အလုပ်ချိန် ၆၅ နာရီ ဖြစ်ဖို့ပဲ ရှိတယ်။ 

အလုပ်လုပ်ရတဲ့ နာရီ တစ်နာရီစာအရ တွက်ရင် ကျူရှင်ဆရာမက ငွေပိုရတယ်။

ပညာရေးဝန်ကြီးဌာနမှ ဆရာမများ ရရှိတဲ့ လစာက မြင့်မားတယ်လို့ အများက ယူဆကြပေမဲ့ နာရီရှည်ကြာ လုပ်ကိုင်ရတာနဲ့ဆိုရင် မတန်ဘူး။ 

ဆရာမ Taylor က အခုလို ပြောပြတယ်။
“ကျူရှင်အတွက် ဈေးကွက်နှုန်းထားက တကယ်လို့ ဆရာမက အစိုးရကျောင်းဆရာမဆိုရင် တစ်နာရီ ဒေါ်လာ ၇၀ ရှိတယ်။ ဒါပေမဲ့ တစ်နာရီ ရှစ်ဆယ် ကိုးဆယ် ယူနေတဲ့ ကျွန်မအသိ ဆရာမတွေ ရှိတယ်။ အတော်ကောင်းတဲ့ ဝင်ငွေပဲ။ နာမည်ကြီးတဲ့ ဆရာမတွေဆိုရင် အုပ်စုကျူရှင် ဆက်ရှင်တွေ သင်တာ တစ်လ အနည်းဆုံး ဒေါ်လာ ၁၀,၀၀၀ ရတယ်”

ဆရာမ Penelope က ပြောတယ်။
“ကျူရှင်ဆရာမတွေအဖို့ ကောင်းချက်တချို့ ရှိတယ်။ ကျူရှင်က အချိန်ဇယား ပုံသေကားကျ မဖြစ်ဘူး။ တခြား ဂျူတီတွေ၊ မဆိုင်တဲ့အလုပ်တာဝန်တွေ၊ အထူးသဖြင့် အတန်းကို အုပ်ချုပ်စီမံရေးရာ အလုပ်တာဝန်တွေထဲ နစ်နေတာ မရှိတော့ စာကို ဖြောင့်ဖြောင့် သင်နိုင်တယ်။ အာရုံစိုက်ပေးနိုင်တယ်။ ဘယ်ကျောင်းသူကျောင်းသားတွေကို ကူချင်သလဲဆိုတာ ကိုယ်က ရွေးချယ်လို့ ရတယ်။  ကျောင်းစာ အားနည်းတဲ့ကျောင်းသူကျောင်းသားတွေ သိနိုင်တယ်။ ပြီးတော့ အစိုးရကျောင်းဆရာမထက် ပိုများတဲ့ တစ်နာရီစာ လုပ်ခကိုလည်း ရတယ်” 

ကျူရှင်ဆရာမအဖြစ် အသက်မွေးနေဖို့အတွက် ညံ့တဲ့အချက်တွေလည်း ရှိနေတယ်။
“ကျူရှင်ပြတဲ့ အချိန်တွေက ကျောင်းချိန်ပြင်ပမှာ ပြရတာဖြစ်လို့ ညနေဘက်တွေ၊ စနေတနင်္ဂနွေတွေမှာ ပြရတာ ဖြစ်ပါတယ်။ မိသားစု ရှိတဲ့သူဆိုရင် ကလေးတွေက အိမ်မှာ ရှိနေတဲ့အချိန် အမေလုပ်တဲ့သူက အပြင်ထွက်ပြီး စာပြနေရတယ်” လို့ Taylor က ပြောပြတယ်။ 

Penelope မှာလည်း အလားတူ ပူပန်မှုတွေ ရှိနေတယ်။
“တခြားအလုပ်တွေလိုပဲ ကျူရှင်ဆရာမမှာလည်း ညံ့ချက်တွေ ရှိပါတယ်။ တစ်ပတ်တာအတွင်း ကြားရက်တွေရဲ့ ညနေခင်းတွေနဲ့ စနေတနင်္ဂနွေတို့မှာ စာထွက်သင်မှ ဝင်ငွေ ကောင်းတယ်။ ကိုယ့်သားသမီးတွေနဲ့ ထိတွေ့ချိန် နည်းနေစေတယ်”

 

ဘယ်ဟာက ပိုကောင်းသလဲ

Penelope က လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အလုပ်ထွက်ပြီး ကျူရှင်ဆရာမလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ ဆရာမ အလုပ်ကို ဝင်လုပ်ခဲ့တာ အဓိပ္ပာယ်ပြည့်ဝတဲ့အလုပ်တစ်ခုလို့ ယူဆခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ကျောင်းဆရာမအလုပ်ကို စွန့်ဖို့ ဆုံးဖြတ်ခဲ့ရတာ မလွယ်ကူခဲ့ပါဘူး။

“ပညာရေးဝန်ကြီးဌာနက ကျမတို့ရဲ့ အလုပ်ပိုတွေ ဝန်ပိနေတာ ပြန်လည်သုံးသပ် စဉ်းစားပေးရမယ်။ တကယ်ကို များလွန်းနေတယ်။ သူတို့က လစာတွေ ထပ်တိုးမယ်။ ဆုကြေးတွေ ပိုပေးမယ်။ ဒါပေမဲ့ ဆရာမတွေက မပျော်ပိုက်ဘူး။ စိတ်မချမ်းသာဘူး။ ဒီတော့ သူတို့ ထွက်သွားကြတယ်” လို့ Penelope က  ပြောပြတယ်။ 

Taylor ကတော့ ကျောင်းဆရာမ လုပ်နေရတာကို ကျေနပ်တယ်။ 
“ညံ့ချက်တွေ ရှိနေတာ မှန်ပေမဲ့ ကျမ ထင်တာ ကျမ စာသင်ပေးနေတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဘဝတွေထဲမှာ တစ်မူထူးခြားအောင် ကျမ လုပ်ပေးနေတယ်။ ကျောင်းစာတွေ တတ်မြောက်ဖို့အပြင် ဘက်စုံ တတ်မြောက်သွားစေဖို့အတွက် ကျမ လုပ်ကိုင်ပေးဖို့ အခွင့်အလမ်းတွေ ရနေတယ်။ ကျောင်းသူကျောင်းသားတွေနဲ့ ကျမ တစ်နေ့လုံး တွေ့နေရတယ် မဟုတ်လား။  ဘက်စုံဖွံ့ဖြိုးရေးအတန်းတွေမှာလည်း တွေ့နေရတယ်။ ကျူရှင်မှာ ဆိုရင်တော့ တစ်ပတ်မှာမှ ၂ နာရီပဲ တပည့်နဲ့ တွေ့ရတယ်။ မိဘတွေက ကျူရှင်ဆရာမ ငှားရတဲ့ ရည်ရွယ်ချက်က စာတော်ဖို့ပဲ။ တခြားဟာတွေ မပါဘူး”လို့ Taylor က ပြောတယ်။ 

အစိုးရဆရာမက လစာဝင်ငွေ တည်ငြိမ်မှု ရှိတယ်။ အကျိုးခံစားခွင့်တွေ ရှိတယ်လို့ Taylor က မြင်တယ်။ 
“ကျူရှင်မှာက စာသင်ဖို့ ငှားထားတာ ရုပ်သိမ်းလိုက်ရင် ဝင်ငွေ လျော့သွားတယ်။ ပြီးတော့ ဝင်ငွေက အတက်အကျတွေ ရှိနေတယ်။ ပုံသေ မရှိဘူး။ ကျောင်းမှာကျတော့ ကျမတို့ မတ်၊ ဇွန်နဲ့ ဒီဇင်ဘာလတွေမှာ ဆုကြေးတွေ ရတယ်။ ဆရာဝန်နဲ့ သွားဘက်ဆိုင်ရာ ဆရာဝန် ပြသဖို့ ခံစားခွင့်တွေ ရှိတယ်။ တခြား ထောက်ပံ့ကြေးတွေလည်း ရတယ်” လို့ Taylor က ပြောတယ်။ 

“တစ်နေ့တာ ကုန်သွားတဲ့အခါ ကျမ စာသင်ရတာ ပျော်နေတုန်းပဲ” လို့ Taylor က ပြောတယ်။ 

“ဒါပေမဲ့ ကျမ ပညာရေးဝန်ကြီးဌာနမှာ ဆက်လုပ်ဖြစ်ရင် ကာလရှည်ကြာ ခွင့်ယူရဖို့တော့ ရှိနေတယ်။ ကျမ ကလေးယူတဲ့အခါ ကျမ တစ်နှစ်လောက်တော့ ခွင့်ယူရလိမ့်မယ်” လို့ Taylor က ပြောတယ်။ 

(အမည်များ ပြောင်းထားပါသည်။ သူတို့ကို ကာကွယ်ပေးရန် အတွက် ဖြစ်သည်)

 

စင်ကာပူမှာ ဆရာမ ဖြစ်လာအောင် ဘယ်လို လုပ်ရမလဲ

စင်ကာပူမှာ ပညာရေးဝန်ကြီးဌာနရဲ့ ဆရာမတစ်ယောက် ဖြစ်လာဖို့ သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းရပါတယ်။ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ၊ ဒီပလိုမာ၊  ‘A’ levels အောင်လက်မှတ်၊ International Baccalaureate (IB) ဒီပလိုမာ ရှိကို ရှိရမယ်။ 

ဘွဲ့ရထားသူတွေက Postgraduate Diploma in Education (PGDE)  တက်လို့ ရတယ်။ ၁၆ လ ကနေ ၂ နှစ်ကြာတယ်။ ဝင်ခွင့်က ဒီဇင်ဘာလမှာ ဖြစ်ပါတယ်။ သင်ပြချင်တဲ့ ဘာသာရပ်တွေကိုရွေးချယ်လို့ ရတယ်။ 

ဒီပလိုမာ ရထားသူတွေက  Diploma in Education (DipEd) ၂ နှစ် တက်လို့ ရတယ်။ ဒါမှ မဟုတ် Bachelor of Arts/Science in Education ၄ နှစ် တက်လို့ ရတယ်။ 

ကျူရှင်ဆရာမ ဖြစ်ဖို့ကတော့ ပညာရေးဆိုင်ရာ သင်တန်း တက်ထားသူ ဖြစ်ဖို့ မလိုအပ်ပါဘူး။ ကျူရှင်အေဂျင်စီတွေကနေတစ်ဆင့် အလုပ်ရှာလို့ ရတယ်။ ကျောင်းသူကျောင်းသား အသိုင်းအဝိုင်းမှာ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး ငှားဖို့ ကမ်းလှမ်းလာတွေလည်း ရှိတယ်။ သက်မွေးအလုပ်အဖြစ် အလေးအနက် ထားပြီး လုပ်မယ်ဆိုရင် နာမည်ကောင်း ရအောင် လုပ်ဖို့ လိုတယ်။ ကိုယ်သင့်ပေးတဲ့ တပည့်ထဲမှာ ထူးချွန်တဲ့သူတွေက သူတို့ရတဲ့ အဆင့်တွေ ဖော်ပြထားတဲ့ အထောက်အထား စာရွက် ရယူထားရမယ်။  ‘F’  ရတဲ့တပည့်ကို ‘A’ ရအောင် သင်ပေးနိုင်ခဲ့တဲ့ အထောက်အထား စာရွက် ရယူထားရမယ်။ 

 

အစိုးရ ကျောင်းဆရာမတွေ ကျူရှင် ခိုးပြလို့ ရသလား

၂၀၁၉ ခုနှစ် ပါလီမန်မှာ ဆွေးနွေးတင်ပြခဲ့တာမှာ အစိုးရကျောင်းဆရာမ ၁၀ ဦးမှာ ၁ ဦးက ကျူရှင် ခိုးသင်တယ်။ 
အခုလို သင်ပြတာ စည်းကမ်းချိုးဖောက်တာတော့ မဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာနမျ ပြဋ္ဌာန်းထားတဲ့ လက်ရှိ စည်းကမ်းတွေအရ ဆရာမတစ်ဦးက တစ်သီတင်းပတ်မှာ ကျူရှင် ၆ နာရီအထိ ပြခွင့် ရှိတယ်။ 
၂၀၁၃ ခုနှစ်တုန်းက ပြန်လည်သုံးသပ်တင်ပြခဲ့တာ ရှိခဲ့ပေမဲ့ ပြဋ္ဌာန်းချက်ကို မပြောင်းလဲခဲ့ပါဘူး။

တကယ်တော့ ပညာရေးဝန်ကြီးဌာနအနေဖြင့် မက်လုံးတစ်ခုအနေဖြင့် အခွင့်အရေးပေးထားတာ ဖြစ်ပါတယ်။ အခုလို ကျောင်းမှ ဆရာမနဲ့ အချိန်ပိုင်း ကျူရှင်သင်တဲ့ တပည့်အဖို့ နောက်ဆုံးပြဋ္ဌာန်းလိုက်တဲ့ သင်ရိုးကို အချိန်နဲ့ တပြေးညီ သင်ပေးလို့ ရသွားစေတယ်။ ဒါပေမဲ့ အလုပ်ချိန်တွေ များပြီး ပင်ပန်းတဲ့ နာရီတွေ အပြီးမှာ အစိုးရကျောင်းဆရာမတွေက နောက်ထပ် အလုပ်ထပ်တိုးပြီး ကျူရှင်ပြနိုင်တဲ့ အစိုးရဆရာမ ဘယ်နှစ်ယောက် ရှိနိုင်မှာလဲ။ 
 

Knowledge Read 1477 times