Sales Hotline : 09448001653    



ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၅) ခုနှင့် သူတို့၏ Logo အဓိပ္ပါယ်များ

 

တက္ကသိုလ်တွေရဲ့ လိုဂိုဟာ ဒီဇိုင်းတစ်ခု ဖန်တီးထားတယ်ဆိုတာထက် ပိုပါတယ်။ တက္ကသိုလ်တစ်ခုရဲ့ လိုဂိုကို ကြည့်လိုက်တာနဲ့ အဲ့ကျောင်းရဲ့ အစဉ်အလာ၊ အယူအဆနဲ့ ပညာရေးအနှစ်သာရတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်လည်းဖြစ်၊ ကျောင်းသားအများစု စိတ်ဝင်စားခြင်းခံရတဲ့ တက္ကသိုလ်တွေရဲ့ လိုဂိုဒီဇိုင်းနဲ့ အဓိပ္ပါယ်တွေကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။ လိုဂိုတွေကို ကြည့်လိုက်တာနဲ့ ဘယ်ကျောင်းကလဲဆိုတာ တန်းသိနိုင်ဖို့ အောက်မှာ အသေးစိတ် ဆက်ဖတ်ကြည့်လိုက်နော်။

 

၁။ Massachusetts Institute of Technology (MIT)

 

MIT ဆိုတာ QS World University Rankings အရ အဆင့် (၁) နေရာမှာ ရပ်တည်နေတဲ့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ 

 

သူ့ရဲ့ လိုဂိုက ရိုးရှင်းမလိုလိုနဲ့ ဆန်းပြားပါတယ်။ ရိုးရှင်းတယ်ဆိုတာက တက္ကသိုလ်နာမည် Massachusetts Institute of Technology ရဲ့ အတိုက်ကောက်စကားလုံး MIT ကိုပဲ ယူသုံးထားလို့ပါ။ ဆန်းပြားတာကတော့ ပုံမှန်မြင်နေကျစာလုံးတွေ သုံးထားတာမဟုတ်ဘဲ ထောင့်မှန်စတုဂံပုံလေးတွေကို ဒီဇိုင်းဖော်ထားလို့ပါ။ 

 

အရောင်ကိုလည်း အနီနဲ့ မီးခိုအရောင်အစပ်သုံထားပြီး အနီရောင်က စိတ်အားထက်သန်မှုနဲ့ တီထွင်ဖန်တီးမှုကို ကိုယ်စားပြုပြီး မီးခိုးရောင်ကတော့ တည်ငြိမ်မှုကို ကိုယ်စားပြုပါတယ်။ 

 

လိုဂိုကို ချုံငုံကြည့်မယ်ဆိုရင်တော့ သုံးထားတဲ့ sans-serif အမျိုးအစား Helvetica စာလုံးဖောင့်က ခေတ်မီဆန်းပြားနေတာကြောင့် နည်းပညာကျောင်းမှန်း ပေါ်လွင်စေပါတယ်။ ဒါ့အပြင် တီထွင်ဖန်တီးမှုနဲ့ သိပ္ပံပညာရပ်တွေအတွက် အချက်အချာဖြစ်တဲ့ တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကိုလည်း ထင်ဟပ်စေပါတယ်။ 

   

၂။ University of Cambridge

 

အစဉ်အလာကြီးတဲ့ ကမ္ဘာကျော်ကျောင်းကြီးတစ်ခုဖြစ်တဲ့ University of Cambridge ကတော့ ၂၀၂၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် အဆင့်သတ်မှတ်ချက်အရ နံပါတ် (၂) နေရာမှာ ရောက်ရှိနေပါတယ်။  

 

University of Cambridge လိုဂိုဟာ ဒိုင်းအကာပုံကိုမှ အနုစိတ် ဒီဇိုင်းဖန်တီးထားတဲ့အတွက် နှစ်ပေါင်း (၈၀၀) သက်တမ်းရှိတဲ့ ပညာရပ်ဆိုင်ရာ ထူးချွန်မှုနဲ့ ဉာဏ်ရည်ဉာဏ်သွေး စူးစမ်းမှုတို့ကို ထင်ဟပ်စေပါတယ်။ 

 

ဒီလိုဂိုမှာ ပါတဲ့ ခြင်္သေ့လေးကောင်နဲ့ ဒိုင်းအကာဟာ ခွန်အားနဲ့ ရဲစွမ်းသတ္တိတို့ရဲ့ သင်္ကေတဖြစ်ပါတယ်။ နောက်ခံအရောင် အနီရောင်မှာ မြွေပါအရေခွံပုံစံ အဖြူရောင်အပေါင်းလက္ခဏာတစ်ခုရှိနေခြင်းဟာ မြင့်မြတ်မှုနဲ့ သန့်ရှင်းမှုကို ဖော်ဆာင်မယ့် ပြယုဂ်ဖြစ်ပါတယ်။ 

 

လိုဂိုဘေးမှာ ရေးထားတဲ့ တက္ကသိုလ်နာမည်မှာ ဖောင့်ကို classic serif typeface အသုံးပြုထားတာဖြစ်တဲ့အတွက် ရှေးဆန်ပြီး ကျက်သရေရှိတဲ့ကျောင်းအသွင်ကို ဆောင်ပါတယ်။ 

 

၃။ University of Oxford

 

ကမ္ဘာကျော် နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ၊ စာရေးဆရာတွေ အမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ University of Oxford တက္ကသိုလ်ဟာ ကမ္ဘာ့တက္ကသိုလ်အဆင့် နံပါတ် (၃) နေရာမှာ ရပ်တည်နေပါတယ်။ University of Oxford ရဲ့ လိုဂိုဟာလည်း အဓိပ္ပါယ်နက်နဲပြီး စိတ်ဝင်စားစရာကောင်းပါတယ်။   

 

ရွှေသရဖူသုံးလုံး ဝန်းရံထားတဲ့ စာအုပ်ဖွင့်ထားရက်အပေါ်မှာ Dominus Illuminatio Mea ဆိုတဲ့ လက်တင်ဘာသာစကားကို ရေးထိုးထားပါတယ်။ Dominus Illuminatio Mea ရဲ့ အဓိပ္ပါယ်က "The Lord is my light" ဖြစ်ပါတယ်။ ဖွင့်ထားတဲ့စာအုပ်ကတော့ တက္ကသိုလ်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ အသိပညာနဲ့ သင်ယူမှုဖြစ်တယ်လို့ ပြောကြပါတယ်။ တချို့ကလည်း အဲ့စာအုပ်ကို Apocalypse (Book of Revelation) စာအုပ်ဖြစ်တယ်လို့လည်း ယူဆထားပါတယ်။  


စာအုပ်မှာပါတဲ့ Seal (၇) ခုကတော့ Seven Liberal Arts and Sciences ကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ Seven Liberal Arts and Sciences ဆိုတာ Grammar, Logic, Rhetoric, Arithmetic, Geometry, Music နဲ့ Astronomy စတဲ့ ဘာသာရပ် (၇) ခုကို ဆိုလိုခြင်းဖြစ်ပါတယ်။ 


စာအုပ်ကိုဝန်းရံထားတဲ့သရဖူ (၃) လုံးရဲ့ အဓိပ္ပါယ်ကိုတော့ ဘယ်သူမှ အတိအကျမသိပါဘူး။ တချို့က သရဖူ (၃) ခုကို King Edmund the Martyr, King Arthur နဲ့ Jesus Christ တို့ကို ကိုယ်စားပြုတယ်လို့ဆိုကြပါတယ်။ 


နောက်ခံအရောင်က အပြာရင့်ရောင်ဖြစ်ပြီး ပါဝါ၊ အာဏာ၊ တည်ငြိမ်မှုနဲ့ ဉာဏ်ပညာအမျှော်အမြင်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆက်နွယ်နေပါတယ်။   

 

၄။ Harvard University

 

Harvard တက္ကသိုလ်ကလည်း နာမည်ကြီးကျောင်းတစ်ခုဖြစ်ပြီး ကျောင်းသားတိုင်းရဲ့ Dream University တွေထဲက တစ်ခုပါ။ QS World University Rankings အရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် အဆင့် (၄) နေရာမှာ ရှိနေပါတယ်။

 

သူ့လိုဂိုကတော့ “ VERITAS ” ဆိုတဲ့ စကားလုံးကို ဒိုင်းတစ်ခုမှာ မြှပ်နှံထားပုံက ရှေးရိုးဆန်ပြီး ကြည့်ရတာ ထည်ထည်ဝါဝါရှိပါတယ်။ 


“ VERITAS ” ဆိုတာ လက်တင်ဘာသာစကားဖြစ်ပြီး အမှန်တရားလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။  Harvard ရဲ့ သွန်သင်ချက်တွေဟာ ကမ္ဘာ့အမှန်တရားကနေ ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ ကိုယ်စားပြုထားတာပါ။

 

ကြက်သွေးရောင်နဲ့ စာအုပ်သုံးအုပ်ကတော့ အမှန်တရား၊ အသိပညာ နှင့် ပိုမိုကောင်းမွန်တဲ့ကမ္ဘာကို ရှာဖွေပေးခြင်းဆိုတဲ့ တက္ကသိုလ်ရဲ့ အစဉ်အလာကို ပေါ်လွင်စေပါတယ်။ 


နှစ်ပေါင်း (၄၀၀) နီးပါးသက်တမ်းရှိပြီး ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်နေတဲ့ တက္ကသိုလ်မှန်း ပေါ်လွင်အောင် သုံးထားတဲ့စာလုံးဖောင့်ကအစ ဂန္တဝင်ဆန်တဲ့ ဒီဇိုင်းကို သုံးထားတာဖြစ်ပါတယ်။

 

၅။ Stanford University

 

သဘာ၀အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ထိပ်တန်းကျောင်းဖြစ်တဲ့  Stanford University ရဲ့ လိုဂိုအကြောင်းနဲ့ အဆုံးသတ်ပါမယ်။ ကမ္ဘ့ာအကောင်းဆုံးတက္ကသိုလ်တွေထဲမှာဆိုရင်တော့ Stanford University က နံပါတ် (၅) နေရာမှာ ရပ်တည်နေပါတယ်။ 
 

Stanford University ရဲ့ လိုဂိုမှာ တက္ကသိုလ်တံဆိပ်၊ စကားလုံးအမှတ်အသားနဲ့ သစ်ပင်တစ်ပင်ပါရှိပါတယ်။ လိုဂိုမှာ Stanford University ရဲ့ အစစာလုံး "S" ကို Bold ပြီး ထင်ထင်းရှားရှားရေးသားထားပါတယ်။ အရောင်ကိုတော့ ကြက်သွေးရောင် သုံးထားပါတယ်။ လိုဂိုမှာပါတဲ့အစိမ်းရောင်သစ်ပင်ကို Sequoia လို့ခေါ်ပါတယ်။

 

Sequoia ဆိုတာ သန်မာပြီးတော့ လှပတဲ့အပင်အမျိုးအစားဖြစ်ပြီး အဖိုးတန်သစ်အမျိုးအစား အပင်ပါ။ တက္ကသိုလ်တည်ရှိရာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Palo Alto မြို့ရဲ့ တံဆိပ်လည်းဖြစ်ပါတယ်။ ဒီအစိမ်းရောင်သစ်ပင်ဟာ Stanford University ရဲ့ အမွေအနှစ် သင်္ကေတဆိုလည်း မမှားပါဘူး။

 

Stanford University ရဲ့ဆောင်ပုဒ်ကတော့ "Die Luft der Freiheit weht” ဆိုတဲ့ ဂျာမန်ဘာသာစကားဖြစ်ပါတယ်။ "the winds of freedom blow” လွတ်လပ်မှုရဲ့ လေတွေ တိုက်ခတ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။

 

Knowledge Latest Post Read 384 times