Sales Hotline : 09448001653       Download App



ဂျပန်နိုင်ငံ တက္ကသိုလ်တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံ အသေးစားဂြိုဟ်တု

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ် (Hokkaido University) နှင့် တိုဟိုကိုတက္ကသိုလ် (Tohoko University) တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံ အသေးစားဂြိုဟ်တု MMSATS-1 (မြန်မာအမည် “လောကနတ်-၁”) ဂြိုဟ်တု ကို အောင်မြင်စွာတည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အာကာသအတွင်း လွှတ်တင်နိုင်ရန် ဟော့ကိုင်းဒိုးတက္ကသိုလ်မှ ဂျပန်အာကာသအေဂျင်စီသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁း၃၀ နာရီ၊ ဂျပန်စံတော်ချိန် ညနေ ၄ နာရီတွင် ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Online မှ တက်ရောက်သည်။

အခမ်းအနားတွင် ဟော့ကိုင်းဒိုးတက္ကသိုလ်မှ JAXA သို့ လွှဲပြောင်းပေးအပ်ကြောင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပြီး၊ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ Professor Yukihiro Takahashi က မြန်မာအနိမ့်ပျံဂြိုဟ်တု MMSATS-1 (လောကနတ်-၁) တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Online မှ အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တုကို ပူးပေါင်း တည်ဆောက်ပေးခဲ့သည့်အတွက် ဟော့ကိုင်းဒိုးတက္ကသိုလ်နှင့် တိုဟိုကိုတက္ကသိုလ်မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ COVID-19 ကပ်ရောဂါကာလအတွင်း အခက်အခဲအမျိုးမျိုးကြားမှ တည်ဆောက်ပြီးစီးခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လွှတ်တင်ရန်စီစဉ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင်လည်း မြေပြင်အသေးစားဂြိုဟ်တုထိန်းချုပ်ရေးစခန်း၊ အသေးစားဂြိုဟ်တုလက်တွေ့စမ်းသပ်ခန်းတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် အတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပထမအသုတ် ဆရာ၊ ဆရာမ (၇) ဦးနှင့် သင်တန်းသား (၇)ဦးအား ဂြိုဟ်တုတည်ဆောက်ခြင်း လက်တွေ့လုပ်ငန်းခွင်သင်တန်းနှင့် ဂြိုဟ်တုနည်းပညာနှင့် အာကသနည်းပညာ အသုံးပြုမှုများဆိုင်ရာ အွန်လိုင်း သင်တန်းများပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ ယခုတည်ဆောက်ပြီးစီးသော အနိမ့်ပျံအသေးစားဂြိုဟ်တုအနေဖြင့် မြန်မာနိုင်ငံ အတွက် စိုက်ပျိုးရေးဆိုင်ရာ၊ သစ်တောဆိုင်ရာ၊ မြို့ရွာစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ၊ ပင်လယ်ရေကြောင်းနှင့် သမုဒ္ဒရာပညာရပ်ဆိုင်ရာ၊ မြေဆီလွှာ၊ တွင်းထွက် ပစ္စည်းနှင့် ဓာတ်သတ္တုရှာဖွေခြင်းဆိုင်ရာ၊ မိုးလေဝသနှင့် ရေအရင်းအမြစ်ဆိုင်ရာနှင့် သဘာဝဘေး စီမံခန့်ခွဲခြင်းဆိုင်ရာ စသည့်နယ်ပယ်များအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ အာကာသနည်းပညာဆိုင်ရာ ကိစ္စရပ်များအတွက် ပိုမို ပူးပေါင်း ဆောင်ရွက်သွားရန် ဆက်လက်အားပေးသွားမည်ဖြစ် ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ Professor Yukihiro Takahashi နှင့် အဖွဲ့ဝင်များ၊ တိုဟိုကိုတက္ကသိုလ်မှ Professor Yoshida, Professor Sakamoto နှင့်အဖွဲ့ဝင်များ၊ Japan Aerospace Exploration Agency (JAXA) မှ မန်နေဂျာနှင့်တာဝန်ရှိသူများ၊ Space BD မှ Mr. Takuma Tareda နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တုစီမံကိန်းသည် (၁-၉-၂၀၁၉) ရက်နေ့မှစတင်ပြီး (၃၁-၈-၂၀၂၄) ရက်နေ့ထိ (၅) နှစ်စီမံကိန်းဖြစ်သည်။ စီမံကိန်းတန်ဘိုးမှာ ဂျပန်ယန်း (သန်း ၁၆၈၀) ရှိပြီး၊ စီမံကိန်းတွင် (၅၀) ကီလိုဂရမ် အလေးချိန်ရှိ Micro-satellite ဂြိုဟ်တု (၂) လုံး၊ မြေပြင်အသေးစားဂြိုဟ်တုထိန်းချုပ်ရေးစခန်းနှင့် Micro-satellite ဂြိုဟ်တု တည်ဆောက်နိုင်မည့် ဂြိုဟ်တုလက်တွေ့တည်ဆောက်စမ်းသပ်ခန်းတို့အပြင် နည်းပညာလွှဲပြောင်းပေးရေးအစီအစဉ်အရ သင်တန်းသား (၁၄)ဦး၊ လုပ်ငန်းခွင်လက်တွေ့သင်တန်း အဖြစ် ဆရာ/ဆရာမ(၇)ဦးတို့အား လေ့ကျင့်ပေးမှုတို့ပါဝင်ပါသည်။

ယခုလွှဲပြောင်းပေးသည့် MMSATS-1 (လောကနတ်-၁) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး မတ်လတွင် ဂြိုဟ်ပတ်လမ်းအတွင်းသို့ ထည့်သွင်း မည်ဖြစ်သည်။ ဒုတိယ အနိမ့်ပျံအသေးစားဂြိုဟ်တု (လောကနတ်-၂) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

Source: Educational Information Department

Latest Post Read 1235 times