Sales Hotline : 09448001653       Download App



ကိုဗစ်ဗိုင်းရပ်စ်သည် တောင်ကိုရီးယားကျောင်းသားများကို အာရုံနောက်စေခဲ့သည်

Covid-19 သည် ကျောင်းများနှင့် တက္ကသိုလ်တက်ရန် ဆန္ဒရှိသူများအား အကြီးအကျယ် စိတ်ဓာတ်ပျက်ပြားစေခဲ့သည်။ တောင်ကိုရီးယားသည် တင်းကျပ်သော လော့ဒေါင်းများ မပြုလုပ်ဘဲ Covid-19 ကို ထိန်းချုပ်ခဲ့သော်လည်း ကူးစက်ရောဂါသည် ပညာရေးကဏ္ဍတွင် ပရမ်းပတာဖြစ်ခြင်းနှင့် စိတ်ဖိစီးကာ စိတ်ဓာတ်ကျဆင်းခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။

ပထမဆုံးဖြစ်ပွားခဲ့သော ကူးစက်ရောဂါကို တိုက်ထုတ်နေစဉ် နွေဦးစာသင်ကာလတွင် စာသင်ချိန်အများစုကို ဖျက်သိမ်းခဲ့သည်။ နောက်ပိုင်းတွင် ဧပြီလအစောပိုင်း မှစတင်၍ တစ်နိုင်ငံလုံးရှိ ကျောင်းများတွင် အွန်လိုင်းသင်တန်းများကို ပြဌာန်းခဲ့ပြီး ကလေးများသည် မေလတွင် ပုံမှန်အတန်းများသို့ ပြန်တက်ခဲ့ကြသည်။ သို့သော် တစ်သမတ်တည်း သင်ကြားမှုများ မဖြစ်ပေါ်ခဲ့ချေ။

နေရာဒေသ အတော်များများတွင် အစုလိုက်အပြုံလိုက် ကူးစက်မှုများ ဖြစ်ပွားလာသောအခါ ကျောင်းများသည် အွန်လိုင်းစာသင်တန်းများဖြင့် သင်ကြားကြသည်။ လူချင်းခပ်ခွာခွာနေဖို့ လိုအပ်ချက်ကြောင့် ကျောင်းအများအပြားတို့သည် စာသင်ခန်းထဲတွင် ကျောင်းသားဦးရေကို ထက်ဝက်သာ တစ်နေ့တာအတွက် လက်ခံသင်ကြားပေးကြရသည်။ သို့ဖြစ်ရာ ကျောင်းမှာသင်ခြင်းနှင့် အွန်လိုင်းသင်ခြင်းတို့ကို တွဲဘက်ပြီး တစ်ချိန်တည်းမှာ အပြိုင်သင်ကြားကြရသည်။

ဤအခြေအနေသည် ဆရာများနှင့် အုပ်ချုပ်သူများအတွက် ကြီးမားသော စိန်ခေါ်မှုများသာမက ကျောင်းသားများနှင့် သူတို့၏ မိဘများအတွက် စိတ်ဖိစီးမှုနှင့် မသေချာမရေရာမှုများ ဖြစ်ပေါ်စေသည်။

ဆောင်းဦးရာသီစာသင်ကာလတွင် ကျောင်းများ ပြန်ဖွင့်ရန် ဖြစ်သော်လည်း နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် နေထိုင်သော ဆိုးလ်မြို့မှာ ရောဂါကူးစက်မှုများ လှိုင်းအသစ်ကို ကြုံတွေ့ရသောအခါ ရောဂါထိန်းချုပ်များမှုကို ပြန်လည်စတင်ခဲ့ပြီး သီတင်းနှစ်ပတ်တွင် လူချင်းခပ်ခွာခွာ နေထိုင်ခြင်းကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ကြရသည်။
ထိုပြဌာန်းချက်များကို စက်တင်ဘာလ ၁၃ ရက် သန်းခေါင်ယံမှ စတင်၍ ရုပ်သိမ်းခဲ့သည်။

ကျောင်းများတွင်သာမက  တက္ကသိုလ်များမှာပါ  စာသင်ခန်းများ ပိတ်ထားခြင်း၊ ကျူရှင်ခများ ဆုံးရှုံးခြင်းနှင့် ညံ့ဖျင်းသော အွန်လိုင်း သင်ကြားမှု နည်းလမ်းများနှင့် စနစ်များအပေါ်  မကျေနပ်မှုများ၊  ပေါ်ပေါက်ခဲ့သည်။ ပြဿနာအထွေထွေ ခြေရာထင်ကျန်ရစ်သည်။  တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ကျောင်းသားများနှင့် ဆရာများ မကျေမနပ် ဖြစ်ကြသည်။ ပိုမိုကောင်းမွန်သော အွန်လိုင်းသင်ကြားမှုနှင့် ကျူရှင်ပြန်အမ်းငွေများအတွက် တောင်းဆိုမှုများ ရှိနေသည်။

အကြီးမားဆုံးသောဖိစီးမှုများသည် ယခုနှစ်မှာ တက္ကသိုလ်ဝင်ရန် ရည်ရွယ်ထားသော ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများအပေါ် ကျရောက်နေသည်။ အရေးကြီးသော စာမေးပွဲဖြစ်သည့် တက္ကသိုလ်ကောလိပ်ဝင်ခွင့် စာမေးပွဲများအားလုံး နိုင်ငံတစ်လွှား ကျင်းပမည့်ရက်မှာ ဒီဇင်ဘာလ ၃ ရက်ဖြစ်သည်။ ထို့အတွက် ရတက်မအေး ဖြစ်နေကြရသည်။

တက္ကသိုလ်ကျောင်ဝင်းအတွင်း မကျေနပ်မှု
ကူးစက်ရောဂါစတင်ကတည်းက တက္ကသိုလ်ပညာရေး ပို့ချသည့် တက္ကသိုလ်များသည် ပြဇာတ်ပညာနှင့် လက်တွေ့ပြသသင်ကြားရသည့် သင်တန်းများမှအပ ကျန်သည်တို့ကို ကျောင်းသားများအတွက်အွန်လိုင်းသင်တန်းများကို အဓိကထား သင်ကြားခဲ့သည်။ ဤအတောအတွင်း တက္ကသိုလ်များ အများအပြားတို့သည် ကျောင်းအဆောက်အဦကို ပိတ်ထားကြသည်။ အားလုံးကို ခြုံငုံမိသော မူဝါဒ မရှိသဖြင့် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ဖြစ်နေသည်။ တက္ကသိုလ် အများအပြားတို့သည် လူချင်းတွေ့ပြီး သင်ကြားခြင်းနှင့် အွန်လိုင်းသင်ကြားခြင်းတို့ကို မည်သည့်နည်းဖြင့် သင်မည်ဆိုသည်ကို ကိုဗစ်အခြေအနေအရ မီးစင်ကြည့်ကကြသည်။ ပုံသေကားကျ သတ်မှတ်ထားခြင်း မပြုချေ။

Ewha တက္ကသိုလ်မှကျောင်းသူ အသက် ၂၂ နှစ်ရှိ Kim Hye bin က  အသစံသွင်းထားသောအွန်လိုင်းပို့ချချက်များကို မကျေနပ်မှု မရကြောင်း Asia Times သို့ပြောကြားခဲ့သည်။ "ကျွန်မဖြစ်ရပ်ကို ပြောပြရရင် အားလုံးက အသံသွင်းထားတဲ့ ပို့ချချက်တွေ ဖြစ်နေတယ်။ကျောင်းမသွားဘဲနဲ့  သူတို့ထုတ်လွှင့်တဲ့ အချိန်မှာ နားထောင်လို့ ရတာမို့ ကောင်းပါတယ်။ဒါပေမဲ့ ကျွန်မမှာ စာမေးစရာ  မေးခွန်းအချို့ရှိနေတာ   ပါမောက္ခကို မေးးခွန်းတွေ မေးလို့မရပါဘူး" ဟု ကင်က ပြောသည်။

အချို့ အတန်းများတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် သင်ပြပေးသည်။ အချို့အတန်းများတွင် ကြိုတင်သွင်းထားသော ဗီဒီယိုကို ဖွင့်ပြပြီး ပို့ချသည်။ ကျောင်းမှ သင်ကြားမှုအတွက် ပံ့ပိုးမှုပစ္စည်းပစ္စယတွေကို မသုံးရပေမဲ့ ကျူရှင်ကြေးနဲ့ ကျောင်းလခများ  ပေးသွင်းရခြင်းအတွက် သူက မကျေနပ်ကြောင်း ပြောဆိုသည်။ "ကျူရှင်နဲ့ ကျောင်းလခအတွက် ဝမ် လေးသန်းလောက် ပေးလိုက်ရတယ်။ ဒါပေမဲ့ ကျောင်းတွေ ပိတ်ထားသော စာဖတ်ခန်းတွေ၊ စာကြည့်တိုက်တွေ  မသုံးရဘဲ ပေးလိုက်ရတယ်" Kim၏ ကျောင်းမှ ပြီးခဲ့သည့် စာသင်ကာလအတွက် ပေးသွင်းထားသော ကျူရှင်ခ၏  ၅% ကို ပြန်အမ်းပေးခဲ့သည်။ ပုဂ္ဂလိက တက္ကသိုလ် Ewha သည် ကိုယ်ပိုင်စာသင်ကျောင်းဖြစ်သဖြင့် ကျောင်းလခကို သတ်မှတ်ရန် အခွင့်အာဏာရှိပြီး  ယခုစာသင်ကာလအပိုင်းအခြားအတွက် ကျူရှင်ခများကို  မည်သို့ကိုင်တွယ်မည် မသိရသေးပါ ဟုသူက ပြောသည်။

အွန်လိုင်းစာသင်ခြင်းအပေါ်  ကျောင်းသားများက မကျေမနပ် ဖြစ်နေကြစဉ် ဆရာဆရာမများကလည်း အခက်တွေ့နေကြသည်။ အချို့သင်တန်းများသည် လူချင်းတွေ့ပြီး သင်ပြပေးဖို့ လိုအပ်သည်။ ပြဇာတ်၊ အက တို့သည် လူချင်း အပြန်အလှန် သင်ပြပေးဖို့ လိုသည်။ အလားတူပင် နည်းပညာ။ အင်ဂျင်နီယာနှင့် သိပ္ပံတို့သည်လည်း လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ဖို့ လိုအပ်သည်။

ပညာသင်ဆုနှင့်ထောက်ပံ့ငွေ
အချို့ကျောင်းသားများသည် အွန်လိုင်းအတန်းများနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ကိစ္စရပ်များရှိခဲ့ပြီး ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများ လျှော့ချရန် တက္ကသိုလ်၏ ဆုံးဖြတ်ချက်အားမေးခွန်းထုတ်ကြသည်။ လီက တက္ကသိုလ်များသည် ကျူရှင်ကိုသာမက တက္ကသိုလ် ဆရာဆရာမများနှင့် ဝန်ထမ်းများ၏ လစာများကိုပါ ပြန်လည်စဉ်းစားသင့်ကြောင်း အကြံပြုသည်။
 
လီကပြောကြားခဲ့သည်မှာ -
“ငါတို့ ကျောင်းမှာဆိုရင် ဝမ် ၁၀၀၀၀၀ လောက်ကို ကျောင်းက ကျောင်းသားတွေကို ပြန်ပေးရမယ်။ ဒါက အနည်းဆုံးအနေဖြင့် ပြောတာပါ" ပညာရေးဝန်ကြီးဌာနနှင့် ကိုရီးယားတက္ကသိုလ်ပညာရေးကောင်စီတို့၏ အဆိုအရတက္ကသိုလ်များအတွက် နှစ်စဉ်ကျူရှင်ကြေးမှာ  ပြီးခဲ့သည့်နှစ်တွင် ဝမ် ၆.၇ သန်း (ဒေါ်လာ ၅,၇၇၆) ဖြစ်သည်။ လီက “ငါတို့ကျောင်းက ကျောင်းသားပညာသင်ဆုနဲ့ ထောက်ပံ့ကြေး အရေအတွက်ကို လျှော့ချလိုက်တယ်၊ ဒါပေမဲ့ အတန်းထဲမှာ  မျက်နှာချင်းဆိုင် မသင်ကြားတဲ့ ပါမောက္ခတွေရဲ့လစာတွေက ဘာလို့ အရင်အတိုင်း ဆက်ရှိနေရတာလဲလို့ ငါတွေးမိတယ်" ဟု ပြောသည်။

ကထိကတွေလည်း မပျော်ပိုက်ကြပေ။  ဆိုးလ်တက္ကသိုလ်မှ အချိန်ပိုင်း ကထိက Noh Yoon-Jeong သည် လေကြောင်းဝန်ဆောင်မှုများနှင့် ခရီးသွားလုပ်ငန်းကို သင်ပြသူဖြစ်ပြီး သူက အခက်ခဲဆုံး ပြဿနာမှာ လူချင်းတွေ့ပြီး သင်ပြရသည့် လက်တွေ့သင်ကြားခြင်းကို သင်ပြပေးဖို့ ဖြစ်သည်ဟုပြောကြားခဲ့သည်။"မိန့်ခွန်းပြောနည်းကနေ စားသုံးသူဖောက်သည်ကို တုံ့ပြန်စွမ်းရည်အထိ လက်တွေ့လေ့ကျင့်ပေးပြီး သင်ကြားကြရတယ်။ ဒါပေမဲ့ ယခုအခြေအနေမှာတော့ အွန်လိုင်းမှာပဲ သင်ရတော့မယ်" ဟု နိုက ပြောသည်။ 

အခြေအနေမှာ ရောဂါကူးစက်မှုကို ဆက်လက်စိုးရိမ်နေကြရဆဲဖြစ်သည်။ စာသင်ခန်းတွေက အလွန်နီးကပ်သောကြောင့် ရောဂါကူးစက်နိုင်ခြေ မြင့်မားသည်။ ကျောင်းသားအများစုသည် ကိုယ်ပိုင်ကားများအစား အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြု၍ ကျောင်းတက်ကြခြင်းသည်လည်း လျစ်လျူရှု၍ မရနိုင်သောအရာဖြစ်သည်ဟု သူက ပြောသည်။

ဒီဇင်ဘာ စာမေးပွဲက အာရုံကို စိုးမိုးနေဆဲ
တက္ကသိုလ်တက်နေဆဲ ကျောင်းသားများသည် ပြဿနာများ ကြုံတွေ့နေရပေရာ တက္ကသိုလ်ဝင်ရန်ကြိုးစားနေသည့် ကျောင်းသားများအဖို့  ပို၍ပင် စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ရသည်။ ယခုနှစ် အကုန်ပိုင်းတွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများသည် တောင်ကိုရီးယားတွင် ဘဝခရီးအတွက် အလွန်အရေးပါနေသည်။ ထိုစာမေးပွဲသည်  suneung  ဟု ခေါ်ဆိုကြသည့်  KSAT(Korea Scholastic Aptitude Test) ဖြစ်သည်။

ရေပန်းစားသော ဆိုရိုးစကားတစ်ခွန်းက ဤသို့ဖော်ပြသည် -“ ငယ်ရွယ်စဉ်တွင် သင့်လျော်သောပညာရေး၏ အကျိုးသက်ရောက်မှုသည် အရွယ်ရောက်ပြီးသူ ဖြစ်ဖို့ထက် ၁၆ ဆ ပိုများသည်" မိသားစု အများအပြားတို့၏ အိမ်တွင် ၎င်းစာမေးပွဲအတွက် ပြင်ဆင်ခြင်းသည် စိတ်ဖိစီးမှု ကြီးမားသည်။ သားသမီးတို့၏ လူမှုဆိုင်ရာနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ အနာဂတ်အတွက် တက္ကသိုလ် ပညာရေး၏ ပညာဂုဏ်သည် အလွန်အရေးပါသည်။ သားသမီးတို့ကို ဖြစ်နိုင်သရွေ့ အကောင်းဆုံး အခွင့်အလမ်းများကို ပေးဖို့ စိတ်အားထက်သန်ကြပြီး ရည်မှန်းချက် မြင့်မားသော မိဘတို့သည် သားသမီးတို့ကို ကျောင်းမတိုင်ခင်နှင့် ကျောင်းပြီးသည့်နောက်တွင် စနေတနင်္ဂနွေ တို့မှာ ကျူရှင်တက်ခိုင်းပြီး စာသင်စေသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် စာတွန်းသင်သော ကျူရှင်ကျောင်းများ နိုင်ငံတစ်လွှားတွင် ရှိနေကြသည်။

 ထို့အတွက် ကုန်ကျစရိတ်များ ရှိနေသည်။ အမျိုးသားစာရင်းအင်းရုံး၏ အဆိုအရ ၂၀၁၉ ခုနှစ်တွင် ကလေးတစ်ဦးလျှင် ပုဂ္ဂလိကကျူရှင်ပညာရေးအတွက် တစ်လပျမ်းမျှ ကုန်ကျစရိတ်မှာ ၃၂၁,၀၀၀ ဝမ် (ဒေါ်လာ ၂၇၃) ဖြစ်သည်။ ၂၀၁၈ ခုနှစ်ကထက်  ၁၀.၄ ရာခိုင်နှုန်း ပိုများသည်။ လူလတ်တန်းစားမိဘများသည် အထက်တန်းလွှာကောလိပ်များသို့တက်ရန် မျှော်လင့်သော ကလေးများအတွက် ပုဂ္ဂလိကကျူရှင်ပညာရေးအတွက် အကုန်အကျခံကြသည်။

ယခုနှစ်တွင်စာမေးပွဲ အကြိုကာလ စိတ်ဖိစီးမှုများသည် ကူးစက်ရောဂါကြောင့် သင်ကြားမှု ပြတ်တောက်ခြင်းနှင့် နေ့စဉ်ဘဝပြဿနာများ ပရမ်းပတာ ဖြစ်ကုန်ခြင်းတို့ကြောင့် မသေချာမရေရာ ဖြစ်နေကြရသဖြင့် ပိုမိုဆိုးရွားနေသည်။ KSAT ကို မူလက နိုဝင်ဘာလ ၁၉ ရက်တွင် ကျင်းပရန် သတ်မှတ်ထားခဲ့သည်။ ပညာရေး ဝန်ကြီးဌာနက ကိုဗစ်ကြောင့် ဒီဇင်ဘာလ ၃ ရက်သို့ ရက်ရွှေ့ သတ်မှတ်ခဲ့သည်။ နောက်ထပ် ရက်ထပ်ရွှေ့နိုင်ပြီး ယခုနှစ်တွင် မကျင်းပဖြစ်တော့သည်အထိ ဖြစ်လာနိုင်သည်။

လူမှုရေးဆိုင်ရာ တန်ပြန်ဆောင်ရွက်ခြင်း
ဆရာများက ပညာရေး ၀ န်ကြီးဌာနသည် အရေးကြီးသောစာမေးပွဲမတိုင်မီ လက်တွေ့ကျသောဖြေရှင်းမှုများကို ပြုလုပ်ရမည်ဟု ပြောကြားသည်။ ဆိုးလ်မြို့မှ အထက်တန်းကျောင်းဆရာ Jeong Hyun-jin က အတန်းတစ်တန်းလျှင်ကျောင်းသားဦးရေကို ဖြစ်နိုင်သရွေ့ အနည်းဆုံးသို့ လျှော့ချပြီး ကျောင်းသားများ အတန်းတက်နိုင်အောင် စီစဉ်ဖို့ အကြံပြုကြသည်။  "Covid-19 ဖြစ်ပွားမှု ကြားမှပင် အတန်းတစ်ကျောင်းလျှင် ကျောင်းသား ၂၀ ခန့်သာရှိသောကျောင်းတချို့ဟာ ပုံမှန်အတိုင်း စာဆက်သင်နေလို့ ရနေခဲ့ပါတယ်" ဟု သူက ပြောသည်။

Jeong က အီတလီကို စံနမူနာ ယူသင့်သည်ဟု ဆိုသည်။ ဘေးကင်းစွာ ပညာသင်ကြားနိုင်စေရန် ထောင်နှင့်ချီသောဆရာများနှင့်ကျောင်းအဆောက်အအုံများကို ဖြည့်တင်းပေးခဲ့သည်။ “ဒီဘေးအန္တရာယ်အခြေအနေနဲ့ ကိုက်ညီဖို့ ဆန်းသစ်တီထွင်သော မူဝါဒများ ချမှတ်သင့်ပါတယ်” ဟု သူက ပြောသည်။ KSAT ရလဒ်များသည် ကလေးသူငယ်များ၏ တက္ကသိုလ်ဝင်ခွင့် လိုအပ်ချက်အများစု၏ အရေးကြီးသောအစိတ်အပိုင်း ဖြစ်သော်လည်းအခြားရွေးချယ်စရာများ ရှိသည်။ ဥပမာအားဖြင့် အချို့သောကောလိပ်များမှ းကျောင်းသားသစ်များကို ရွေးချယ်ရန် အင်တာဗျူးများကို အသုံးပြုသည်။ ဆိုးလ်ရှိ တက္ကသိုလ်တော်တော်များများက လူတွေ့စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်လိမ့်မည်။ Coronavirus ၏ ပြင်းထန်မှုအပေါ် မူတည်၍ တက္ကသိုလ်များသည် သူတို့၏ ကိုယ်ပိုင်အချိန်ဇယားများကို ပြောင်းလဲဖို့ လွယ်ကူပါသည်။ 

“ပညာရေး သင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်ပြီးပြဿနာ မရှိပါဘူး” ဟု ကောလိပ်ဝင်ခွင့်ဆိုင်ရာကျွမ်းကျင်သူ Lim Sung-ho က ဒေသခံသတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ "ဒါပေမယ့် KSAT နဲ့ တခြားလိုအပ်တဲ့စစ်ဆေးမှုတွေ နှောင့်နှေးတာ ဒါမှမဟုတ် အချိန်ဇယားအပြောင်းအလဲ ရှိလာမယ်ဆိုတဲ့အချက်က ကျောင်းသားတွေအတွက် အရမ်းစိုးရိမ်စရာပါ။"

ဒီနှစ် KSAT ကို ဖြေမယ့် ကလေးငယ်၏ မိခင် Park Jeong-lim က Asia Times ကို ပြောကြားရာတွင်  သူ့ဘဝတွင် တစ်ခါမှ မကြုံခဲ့ဖူးသော ကျန်းမာရေးအကျပ်အတည်းများကြားမှ မိမိတို့ဘဝ၏ အရေးကြီးဆုံးစာမေးပွဲကို ဖြေဆိုရန် လိုအပ်သောကလေးများအတွက် သူမကစိတ်မကောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: asiatimes.com
By Myanmar Education Guide - EDGE

Latest Post Read 626 times