Sales Hotline : 09448001653    



DV Lottery နဲ့ အမေရိကားကို ရွေ့ပြောင်းနေထိုင်ကြရအောင်

 

 

၂၀၂၄ ခုနှစ်အတွက် DV Lottery form တွေ ဖွင့်ပေးတော့မှာဆိုတော့ မြန်မာနိုင်ငံကနေ အမေရိကားကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ သက်သက်သာသာ ရွေ့ပြောင်းနေထိုင်လို့ရမယ့် DV Lottery အကြောင်း ပြည့်ပြည့်စုံစုံ သိရှိရအောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။ ကံကောင်းရင် အမေရိကားကို အရောက်သွားနိုင်ဖို့ အကောင်းဆုံး နဲ့ အသက်သာဆုံး တရားဝင်နည်းလမ်းဖြစ်တဲ့အပြင် နိုင်ငံသားပါခံယူလို့မှာဖြစ်တဲ့အတွက်ဒီနှစ်အတွက်လျှောက်ချင်ရင်ပဲဖြစ်ဖြစ်၊ကြိုတင်စီစဥ်ထားချင်ရင်ပဲဖြစ်ဖြစ်လေ့လာမှတ်သားထားခြင်းဟာမမှားပါဘူးနော်။

 

DV Lottery ဆိုတာဘာလဲ

 

DV Lottery ဆိုတာကတော့ Diversity Visa လို့ခေါ်တဲ့ ပြောင်းရွေ့နေထိုင်ခွင့် ဗီဇာအမျိုးအစားကို လျှောက်ထားရမှာဖြစ်ပြီး တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံကို နှစ်စဥ် လူပေါင်း (၅) သောင်းကျော် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းနဲ့မိသားစုလိုက်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ရွေ့ပြောင်းနေထိုင်ပြီးအလုပ်အကိုင်ရှာနိုင်ဖို့အမေရိကန်အစိုးရက ဖန်တီးပေးထားတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။ 

 

ဘယ်လိုစနစ်နဲ့ ရွေးချယ်ပေးတာလဲ

 

Lottery လို့ဆိုတဲ့အတိုင်း အမေရိကန်အစိုးရက ၄င်းတို့နိုင်ငံကို ပြောင်းရွေ့နေထိုင်လိုသူများကို  ကျပန်းစနစ်နဲ့ ရွေးချယ်ပေးတာဖြစ်ပါတယ်။ ထီထိုးသလို၊ ကံစမ်းမဲနှိုက်ရသလိုမျိုးပါပဲ။ မိမိတို့တင်လိုက်တဲ့ လျှောက်လွှာတွေကို အမေရိကန်အစိုးရရဲ့ တရားဝင် ကိုယ်စားပြု အဖွဲ့အစည်းက ကွန်ပြူတာစနစ်ကို အခြေခံပြီး ရွေးချယ်ပေးပါတယ်။နှစ်စဥ် နိုင်ငံအရပ်ရပ်မှ လျှောက်ထားသူတွေထဲကမှ လူဦးရေ (၅) သောင်းကျော်ရွေးချယ်ကံစမ်းပေးတာပါ။ ယခင်နှစ်က DV ရလာဒ်များအရ မြန်မာနိုင်ငံက လျှောက်ထားသူတွေထဲက လူဦးရေ (၁၀၀၀) ကျော်လောက် ပမာဏ အဆင့်ကို ရွေးချယ်ခံရပါတယ်။

 

ဘယ်အချိန်တွေမှာ လျှောက်ထားလို့ရလဲ

 

နှစ်စဥ်/နှစ်တိုင်း အောက်တိုဘာလ ပထမအပတ် ဒါမှမဟုတ် ဒုတိယအပတ်မှာ လျှောက်ထားဖို့အတွက် စတင်ဖွင့်ပေးပါတယ်။ နောက်ဆုံးလျှောက်ထားရက်ကတော့ နိုဝင်ဘာလ ၉ ရက်နေ့ပါ။ ဖော်ပြပါလင့်ခ်မှ လျှောက်ထားရမှာပါ။ အခုဝင်ကြည့်ရင် မနှစ်က result တွေပဲရှိဦးမှာပါ။ ဒီနှစ်အတွက် Form လင့်ခ်က မပွင့်သေးပါဘူး။ အောက်တိုဘာလထဲမှ လျှောက်လို့ရမှာပါ။

 

လျှောက်ထားရန်လင့်ခ် > https://dvprogram.state.gov/

 

ဘယ်သူတွေလျှောက်ထားလို့ရလဲ/ပညာအရည်အချင်းကရော

 

မြန်မာနိုင်ငံအပါအဝင်နိုင်ငံတော်တော်များများမှ လျှောက်ထားလို့ရပါတယ် ခြွင်းချက်အနေနဲ့ တစ်ချို့နိုင်ငံတွေကိုတော့ လျှောက်ထားခွင့်ပိတ်ပင်ထားပါသေးတယ်။ အသက်အရွယ်ကန့်သတ်ချက် မရှိပါဘူး။ (၁၈) နှစ်ပြည့်ပြီး မိမိရဲ့ မွေးရပ်နိုင်ငံမှာ ပညာအရည်အချင်း အထက်တန်း အောင်မြင်ပြီးသူတိုင်း လျှောက်ထားနိုင်ပါတယ်။ တစ်ဦးတည်း လျှောက်ထားနိုင်သလိုအိမ်ထောင်ရှိရင် မိမိရဲ့ အိမ်ထောင်ဖက်နဲ့လည်း တွဲပြီးလျှောက်ထားနိုင်ပါတယ်။ အဓိကကတော့ ဦးဆောင်လျှောက်မယ့်သူနေရာမှာနေမယ့်သူက အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရမှာပါ။ ၁၈နှစ်အောက်တွေကတော့ မိဘနဲ့တွဲပြီး လျှောက်ထားနိုင်သလို ၁၈နှစ်ပြည့်ပြီး ၂၁နှစ်အောက် လူငယ်တွေအနေနဲ့လည်း အုပ်ထိန်းသူ မိဘ နဲ့ တွဲလျှောက်နိုင်သလို ကိုယ်တိုင်ဦးဆောင်ပြီးလည်း လျှောက်ထားနိုင်ပါတယ်။ 

မှတ်ချက်အနေနဲ့ လျှောက်ထားတဲ့ အချိန်မှာ ပညာအရည်အချင်း အထက်တန်း မအောင်မြင်ထားဘူးဆိုရင်အောက်မှာ ဖော်ပြထားတဲ့လင့်ခ်ထဲက အလုပ်အကိုင်များထဲကမှ တစ်ခုခုကို လက်ရှိ ၅ နှစ်အတွင်းမှာ အနည်းဆုံးလုပ်သက်အတွေ့အကြုံအနေဖြင့် ၂ နှစ်လုပ်ကိုင်ဖူးရင် လျှောက်လို့ရပါတယ်။

 

အလုပ်အကိုင်အမျိုးအစားများလင့်ခ် > https://www.onetonline.org/ 

 

လျှောက်ထားရန် ဘယ်လောက်ကုန်ကျမလဲ

 

Website ကနေလျှောက်ရမှာ ဖြစ်တဲ့အတွက် လျှောက်ထားမှုအတွက်က အခမဲ့ပါ။ ဒါပေမဲ့ ဖောင်ဖြည့်တဲ့ နေရာမှာ DV က ကန့်သတ်ချက်၊ စည်းကမ်းချက်တွေများတဲ့အတွက် ကိုယ်တိုင်လျှောက်ရင် DV အကြောင်း သေချာလေ့လာထားပြီး သူတို့ဘက်က ဖြည့်ခိုင်းတဲ့ အချက်အလက်တွေကို တိတိကျကျ သေသေချာချာလေးဖြည့်ပေးဖို့လိုအပ်ပါတယ်။မဟုတ်ရင် မိမိရဲ့ ဖောင်က ပယ်မဲထဲပါသွားမှာပါ။  

ဒါမှမဟုတ် မိမိရဲ့လျှောက်ထားမှုကို ပိုမိုမြန်ဆန်ချင်ရင်ပဲဖြစ်ဖြစ်၊ အတိမ်းအစောင်းမခံချင်ရင်ပဲဖြစ်ဖြစ် DV လျှောက်ထားရာမှာ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ Service Agency များစွာရှိပါတယ်။ ထိုမှတစ်ဆင့် လျှောက်မယ်ဆိုရင်တော့ အေဂျင်စီကပဲ အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်ပေးသွားမှာပါ။ ဒီအတွက် အေဂျင်စီခ ပေးရတာမျိုးတော့ရှိပါတယ်။ 

 

DV ပေါက်/မပေါက် ဘယ်အချိန်မှာ သိရမှာလဲ

 

နှစ်စဥ် မေလ လဆန်းပိုင်း ပထမအပတ်မှာ သိရပါတယ်။အကယ်၍ DV ပေါက်တယ်ဆိုရင်တော့ အမေရိကန် နိုင်ငံကို တရားဝင်သွားရောက်ခွင့်၊ အမြဲတမ်း နေထိုင်ခွင့်ရဖို့ရာ ရာခိုင်နှုန်းတော်တော်များများသေချာသွားပါပြီ။ DV ပေါက်ပြီးရင်တော့ နောက်ပိုင်း လိုအပ်တဲ့ စာရွက်စာတမ်း ပြင်ဆင်တာ၊ သံရုံးအင်တာဗျူးဝင်ရတာမျိုးတော့ ဆက်လက်လုပ်ဆောင်ရပါမယ်။ 

 

လျှောက်ထားဖို့အတွက်ဘာတွေလိုအပ်မလဲ

 

ပတ်စ်ပို့တ်  - အရေးအကြီးဆုံးပါ။ DV ကိုဦးဆောင်လျှောက်မည့်သူရဲ့ Passport မှာ သက်တမ်းရှိနေဖို့လိုအပ်ပါတယ်။ အလည်အပတ်ပတ်စ်ပို့တ် (PV)၊ သဘော်သားပတ်စ်ပို့တ် (PS)၊ အလုပ်အကိုင်ပတ်စ်ပို့တ် (PJ) ဘယ်အမျိုးအစားဖြစ်ဖြစ်ရပါတယ်။ 

ဓာတ်ပုံ - ဒုတိယအရေးအကြီးဆုံးကဓာတ်ပုံပါ။ ဓာတ်ပုံမှာ (၆)လအတွင်းရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး ၂ လက်မပတ်လည် နောက်ခံမှာ အဖြူဖြစ်ရပါမယ်။ မျက်မှန်တပ်ထားရင်မရပါ။သနပ်ခါးလိမ်းထားရင်မရပါ။ ဦးထုပ်ဆောင်းထားလို့မရပါ။ Photoshop နဲ့ သိသိသာသာ ပြင်ထားရင် မရပါ။ ဓာတ်ပုံဆိုင်မှာ ရိုက်တဲ့ဓာတ်ပုံကို Soft Copy နဲ့ယူရမှာပါ။ ရိုက်ပြီး အပြင်ထုတ်လိုက်တဲ့ ဓာတ်ပုံကို မိမိကင်မရာနဲ့ ပြန်ရိုက်တာတို့၊ စကန်ပြန်ဖတ်လိုက်တာတို့၊ ကိုယ်တိုင်ဖုန်းနဲ့ Selfie ရိုက်ထားတဲ့ပုံတို့ဆို Reject ပါ။ ကင်မရာကို တည့်တည့်ကြည့်တဲ့ပုံဖြစ်ရပါမယ်။ ခေါင်းစောင်းလို့မရပါ။ မျက်နှာ၊လည်ပင်း အရိပ်ကျနေရင် မရပါ။ ပုံရဲ့ Resolution က 600*600 and 1200*1200 pixels ကြားရှိရမှာဖြစ်ပြီး Photo type မှာ JPG format ကိုမှ 240KB ဖြစ်ရပါမယ်။

ကလေးဓာတ်ပုံဆိုမိခင်ကချီထားတဲ့ပုံမျိုးမရပါဘူး။တစ်ယောက်တည်း ရှင်းရှင်းလင်းလင်းရိုက်ထားတဲ့ပုံမျိုးပဲ ဖြစ်ရပါမယ်။ ဓာတ်ပုံနဲ့ ပတ်သက်ပြီး အရည်အသွေး စစ်ဆေးချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ လင့်ခ်မှာ စစ်ဆေးလို့ရပါတယ်။

 

ဓာတ်ပုံစစ်ဆေးရန်လင့်ခ် > https://tsg.phototool.state.gov/photo 

 

Emailလိပ်စာ -ဦးဆောင်လျှောက်မယ့်သူရဲ့ အီးမေးလ်လိပ်စာလိုအပ်ပါတယ်။ နောက်ပိုင်းလုပ်ငန်းစဥ်များမှာ အီးမေးလ်နဲ့ဆက်သွယ်ရတဲ့ လုပ်ငန်းစဥ်တွေရှိတဲ့အတွက် အနည်းဆုံး တစ်ခုထည့်ပေးဖို့ လိုအပ်ပါတယ်။

 

နေရပ်လိပ်စာ - ဦးဆောင်လျှောက်မည့်သူရဲ့ လက်ရှိနေရပ်လိပ်စာ အတိအကျဖြည့်သွင်းပေးဖို့ လိုပါမယ်။

 

မွေးဖွားရာဇာတိ - ပတ်စ်ပို့တ်မှာပါရှိတဲ့ မွေးနေ့၊ မွေးရပ်တွေကိုသာအတည်ယူမှာပါ။ မှတ်ပုံတင်၊ မွေးစာရင်း၊ သန်းခေါင်စာရင်းတို့နဲ့ မတူညီပါက ပြန်လည်ပြင်ထားဖို့လိုအပ်ပါမယ်။

 

အိမ်ထောင်ရေးအခြေအနေ - လူလွတ်တစ်ကိုယ်တည်းသမားဆိုတစ်ယောက်တည်းလျှောက်တာက ပုံမှန်လျှောက်နေကြအတိုင်းပါပဲ။ အိမ်ထောင်ပြုဖို့ စီစဥ်ထားတဲ့သူဆိုရင်တော့ တစ်ယောက်စီ သီးသန့်လျှောက်ပြီး မဲပေါက်ရင် တစ်ပါတည်း ခေါ်သွားမယ်ဆိုရင်တော့ ဖြည့်တဲ့ဖောင်မှာ ပူးတွဲ အနေနဲ့ထည့်ထားရမှာပါ။ အိမ်ထောင်ရှင်ဆိုရင်တော့ အတူတူလိုက်မယ်ဆိုရင် ဖောင်မှာ တစ်ခါတည်းပူးတွဲဖြည့်ထားရမှာပါ။ ပေါက်ပြီးမှ ထပ်တိုးအနေနဲ့ခေါ်ဖို့ ခက်ခဲပါတယ်။ 

အိမ်ထောင်ဖက်၊ သားသမီးကို တစ်ပါတည်းတွဲပြီး လျှောက်ပေးလို့ရပါတယ်။ ဒါဆိုရင်တော့ ကိုယ်တွဲလျှောက်ပေးမယ့် အိမ်ထောင်ဖက်၊ သားသမီးရဲ့သက်တမ်းရှိပတ်စ်ပို့တ်၊ အထက်မှာ ဖော်ပြထားတဲ့စည်းကမ်းချက်တွေနဲ့အညီခြောက်လအတွင်းရိုက်ကူးထားပတ်စ်ပို့တ်ဓာတ်ပုံ၊ကိုယ်ရေးရာဇဝင်အချက်အလက်တွေပါ လိုအပ်ပါတယ်။ 

 

ဒါဆိုရင်တော့ DV Lottery လျှောက်ထားမှုအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်တွေ တော်တော်လေးပြည့်ပြည့်စုံစုံ ဖော်ပြပေးပြီးပြီမို့ စိတ်ပါဝင်စားသူ၊ လျှောက်ထားလိုသူတွေ အနေနဲ့ အချိန်ဆွဲမနေပဲ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလိုက်ကြတော့နော်။ 

 

Knowledge Read 3990 times