Sales Hotline : 09448001653       Download App



Down Syndrome ရှိသော ကလေး၏ ဖွံ့ဖြိုးမှု ပုံစံများအကြောင်း သိကောင်းစရာ

 

 

ကလေးတိုင်းက ထူးခြားပြီး သူ့ကိုယ်ပိုင် အရှိန်အဟုန် နဲ့ ဖွံ့ဖြိုးကြပါတယ်။ အထူးသဖြင့် Down Syndrome လက္ခဏာရှိတဲ့ ကလေးတွေရဲ့  ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ပို၍ပင် ပြောင်းလဲတတ်ကြပါတယ်။ ဒီတစ်ခါမှာတော့ Down Syndrome လက္ခဏာရှိတဲ့ ကလေးတွေရဲ့ ဖွံ့ဖြိုးမှု ပုံစံကို သိရှိစေရန် ရေးသားဖော်ပြပေးလိုက်ပါတယ်။

 

အကယ်၍ သင့်ကလေးမှာ Down Syndrome လက္ခဏာရှိနေပြီဆိုရင် တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြီး ပြသမှုမျိုးကို ပြုလုပ်သင့်ပါတယ်။ သင့်ကလေးရဲ့ ဖွံ့ဖြိုးမှု ပုံစံကို တတ်ကျွမ်းသူများက စစ်ဆေးပြီး ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ လူမှုရေး - စိတ်ခံစားမှု၊ ဆက်သွယ်ရေး နဲ့ လှုပ်ရှားသွားလာမှု စတဲ့ နယ်ပယ်တွေမှာ ဘယ်လို အခြေအနေရှိတယ်ဆိုတာ ပုံမှန်လေ့လာသုံးသပ်ပေးမှာပါ။

 

သာမန်ကလေးငယ်များလို ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင်ကို အလုံးစုံအာရုံစိုက်နေမယ့်အစား သင့်ကလေးရဲ့ အားသာချက်များ နဲ့ လိုအပ်နေတဲ့ နယ်ပယ်တွေကို ထင်ဟပ်စေတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုံးစုံပုံစံကိုပဲ ပိုမို အာရုံစိုက်သင့်ပါတယ်။ 

 

ဉာဏ်ရည်နှောင့်နှေးမှု အဆင့်သည် အများအားဖြင့် အပျော့စား မှ အလယ်အလတ်အဆင့်အထိ ရှိတတ်ပါတယ်။ Down Syndrome လက္ခဏာရှိတဲ့ ကလေးတွေဟာ လူမှုဆက်ဆံရေး နဲ့ လိုက်လျောညီထွေပြုမူဆောင်ရွက်တတ်တဲ့ နေရာမှာ ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ရှိတတ်ကြပါတယ်။ 

 

ကလေးတိုင်းရဲ့ အစောပိုင်းနှစ်များသည် အကောင်းဆုံးသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ အချိန်အပိုင်းအခြားပဲဖြစ်ပါတယ်။ ဤသို့သော တိုးတက်မှုကို ကူညီထောက်ပံ့ပေးသူများသည်လည်း အရေးကြီးတဲ့ အခန်းကဏ္ဏမှ ပါဝင်နေပါတယ်။ Down Syndrome ရှိတဲ့ ကလေးတွေအတွက် အစောပိုင်း ဖွံ့ဖြိုးမှုမှာ သိသိသာသာ တိုးတက်လာဖို့အတွက် အဓိက ကူညီပံ့ပိုးပေးနိုင်တဲ့ သူများမှာ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

 

  • အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာရှင်များ (ဆရာ/ဆရာမများ)

  • ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာရှင်များ

  • စိတ်ကျန်းမာရေး/ကိုယ်ကျန်းမာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ

  • ဘာသာစကားဆိုင်ရာပညာရှင်များ

  • လူမှုဝန်ထမ်းများ 

 

အခြားသောတတ်ကျွမ်းသည့် ပညာရှင်များလည်း ပါဝင်နိုင်ပါတယ်။ အစောပိုင်းမှာ လိုအပ်ချက်များကို သိရှိပြီး လေ့ကျင့်သင်ကြားကုသပေးနိုင်မှုဟာ Down Syndrome ရှိတဲ့ကလေးငယ်ရဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ အမူအကျင့်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ တို့မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲများကို လျှင်မြန်စွာ လျော့ချပေးရာလည်း ရောက်စေပါတယ်။ 

 

ဘာသာစကားပိုင်းဆိုင်ရာအားဖြင့် Down Syndrome ရှိတဲ့ကလေးငယ်များဟာ အခြားသော သာမာန် ကလေးများထက် ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုနှုန်း များစွာ နှေးကွေးကြပါတယ်။ အချို့သော ကလေးငယ်တွေဟာ အစောပိုင်း နို့စို့ခြင်း၊ မြိုချခြင်း နဲ့ အစားစားသုံးခြင်းတို့မှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အကန့်အသတ်ရှိသော လျှာလှုပ်ရှားမှုကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာ အချို့ကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ 

 

ဒါကြောင့် အစားစားခြင်းအတွက်လည်း ကျွမ်းကျင်သူများနဲ့တိုင်ပင်ပြီး စောစီးစွာ ကူညီထောက်ပံ့ပေးမှသာ ကလေးအတွက် အပြောစွမ်းရည် အပြင် ဘာသာစကားဖွံ့ဖြိုးမှုအတွက်ပါ အဆင်ပြေပါလိမ့်မယ်။

 

လှုပ်ရှားမှုဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး Down Syndrome ရှိတဲ့ မွေးကင်းစ ကလေးအများစုဟာ ပျော့ပျောင်းမှုလွန်ကဲနေတာမျိုး ဒါမှမဟုတ် ကြွက်သား နဲ့ အဆစ်တွေ လျော့ရဲနေပြီး လွတ်လွတ်လပ်လပ်လှုပ်ရှားမှုများဖြစ်သည့် လှိမ့်ခြင်း၊ မတ်တပ်ရပ်ခြင်း နဲ့ နောက်ဆုံးတွင် လမ်းလျှောက်ရန်အတွက်ပါ ခက်ခဲမှုမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ဤသို့သော ပျော့တီးပျော့ဖတ်ဖြစ်မှုမျိုးကို Hypotonicity လို့ခေါ်ပါတယ်။ အချို့သော ပျော့ပျောင်းမှု လွန်ကဲခြင်းများမှာ အရိုးအဆစ်များ လှုပ်ရှားနိုင်မှု နဲ့ အရွတ်များ ကျုံ့ခြင်း၊ ဆန့်ခြင်းတို့ကိုပါ အကျိုးသက်ရောက်စေပါတယ်။ 

 

Down Syndrome ရှိတဲ့ ကလေးအများစုဟာ ပုံမှန်အားနည်းနေပုံပေါက်ပြီး ကန်ခြင်း နဲ့ လက်လှမ်းခြင်း စတဲ့ ပုံမှန်ကလေးများရဲ့ စတင်လှုပ်ရှားမှုမျိုး လုပ်ဆောင်နိုင်ခြင်းနည်းပါးတတ်ကြပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်များ နဲ့ စောစီးစွာ တိုင်ပင် ကုသမယ်ဆိုရင်တော့ကလေးငယ်ရဲ့ ကိုယ်တိုင် ဦးခေါင်းထိန်းချုပ်ခြင်း၊ လှိမ့်ခြင်း၊ မတ်တပ်ရပ်ခြင်း နဲ့ လမ်းလျှောက်ခြင်းများကို သင်ယူနိုင်စေရန် ကူညီနိုင်မှာ အမှန်ပါပဲ။ 

 

Down Syndrome ရှိတဲ့ ကလေးတွေ အနေနဲ့လည်း ပုံမှန်ကလေးများကို ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်ကို ဖြတ်ကျော်ရမှာပါ။ ဒါပေမယ့် ကုထုံးတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ နှောင့်နှေးမှုကိုလည်း လျော့ချနိုင်ပြီး တွန်းအားတစ်ခုဖြစ်စေမှာပါ။ ထို့အပြင် နောက်ပိုင်းတွင် ဖြစ်ပွားနိုင်သော ကိုယ်ခန္ဓာရဲ့ အရိုးနှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ 

 

တတ်ကျွမ်းသူများသည်ကလေးများကိုတစ်ဦးချင်းစီသော်လည်းကောင်း၊အဖွဲ့လိုက်သော်လည်းကောင်းလှုပ်ရှားမှုကို အာရုံစိုက်ပြီး ထိန်းချုပ်နိုင်တဲ့ ကစားနည်းမျိုးကို လေ့ကျင့် ကစားစေပါတယ်။ ဒါက ကလေးများရဲ့ အာရုံစူးစိုက်နိုင်မှု၊ အကြောင်းတရား နှင့် အကျိုးသက်ရောက်မှုကို အာရုံခံစားနိုင်မှုအပြင် သိမြင်နိုင်စွမ်းဆိုင်ရာ စွမ်းရည်များကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။

 

Down Syndrome ရှိတဲ့ ကလေးတွေအတွက် အရေးအကြီးဆုံး ပဲ့ကိုင်ရှင်မှာ မိဘများ နဲ့ မိသားစုဝင်များပဲဖြစ်ပါတယ်။ သင့်ကလေးကို ပုံမှန်ကလေးများကို ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာမှာ အတင်းအကြပ် ဖိအားပေး လုပ်ဆောင်စေတာမျိုးကို အဓိက ရှောင်ရှားရပါမယ်။ 

 

ကလေးရဲ့ အခြေအနေ အမှန်ကို သေချာစွာ လေ့လာသုံးသပ်လက်ခံပြီး ရုပ်ပိုင်းဆိုင်ရာ၊ ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်သူများအပြင် သင်ကြားရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ နဲ့ပါ သင်ရော သင့်ကလေးပါ အတူပူးပေါင်း ပါဝင်မှသာ နေ့စဥ်ဘဝတွင် ပျော်စရာကောင်းပြီး ထိရောက်မှုကို ရရှိစေမှာပါ။ 

 

Knowledge Read 755 times