Sales Hotline : 09448001653       Download App



ကိုဗစ်- ၁၉ ကပ်‌ရောဂါ နှင့် မြန်မာ့ပညာရေး အခန်းကဏ္ဍများ

ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်းမြန်မာနိုင်ငံ၏အဆင့်မြင့်ပညာရေးကဏ္ဍကိုမေးခွန်းထုတ်ခြင်း

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံအတွင်းသို့ မတ်လမှ စတင်ဝင်ရောက်လာခဲ့သော ကူးစက်ရောဂါဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိကြောင်းကို  မတ်လ ၂၃ ရက်နေ့တွင် အတည်ပြု ခဲ့ခြင်းဖြစ်ပါသည်။  ထိုနေ့မှစ၍ မြန်မာနိုင်ငံအသီးသီးရှိ ဘွဲ့ကြိုဘွဲ့လွန်သင်တန်းများနှင့် ပထမနှစ်ဝက် စာမေးပွဲများမှာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းသွားခဲ့သည်။ ( ပညာရေးဝန်ကြီးဋ္ဌာန၊ ၂၀၂၀)  

ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများစွာသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လျက်ရှိနေသော်လည်း အာရှတိုက်ရှိ နိုင်ငံများသာမက မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ထူထောင်ထားသော ပုဂ္ဂလိက တက္ကသိုလ်နှင့် ကောလိပ်များစွာသည် ၎င်းတို့၏ သင်ကြားနည်းပုံစံအသစ်ဖြင့် ဆက်လက်လည်ပတ်နိုင်ရန် အကောင်အထည်ဖော်ခဲ့ကြပြီးဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအဆင့်မြင့်ပညာရေးသည် မတ်လ၂၃ရက်နေ့မှစ၍ ရပ်တန့်သွားသည်မှာ ယနေ့ထိတိုင် ဖြစ်သည်။ ထို့ကြောင့် ဤကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးအား မည်သို့ဆက်လက်လည်ပတ်မည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်လာသည်​။ 

၁။ အွန်လိုင်းမှတစ်ဆင့်သင်ကြားမှုသည် မြန်မာ့ပညာရေးအတွက်အဖြေမှန်လား။

အွန်လိုင်းမှတစ်ဆင့်သင်ကြားမှုသည် ကိုဗစ်ကာလအတွင်းတွင် အရေးအပါဆုံးဟု အများစုက လက်ခံထားကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊   ကျောင်းသူများအကြားတွင် မတူညီသော သဘောထားနှင့် အခက်အခဲများ ရှိနေဆဲပင် ဖြစ်သည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဆင့်မြင့်ပညာရေးရပ်တန့်ခဲ့သည်မှာ ၉လခန့်ရှိပြီ ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားလူငယ်များမှာ တက္ကသိုလ်ကျောင်းပြီးချိန်နောက်ကျမှုနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု တို့ကို တွေ့ကြုံနေရသည်။ ထို့ပြင် ရပ်တန့်သွားသော အဆင့်မြင့်ပညာရေးစနစ်နှင့် ပတ်သက်၍ မည်သို့သော အစီအစဉ်နှင့် မူဝါဒအသစ်များ ပေါ်ထွက်လာမည်ကိုလည်း ကျောင်းသား လူငယ်များက မျှော်လင့်လျက်ရှိနေကြသည်။ 

ကျောင်းသားထက်ဝက်ခန့်ကမူ ခေတ်သစ်သင်ကြားရေးစနစ်ဖြစ်သော အွန်လိုင်းမှတစ်ဆင့် သင်ကြားရေးကို လိုလားလျက်ရှိကြသည်။ (Myanmar Times, 2020)

နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးက"ပထမနှစ်ဝက်ဖြေနေတုန်း ပိတ်သွားတော့ ဘွဲ့ရဖို့ တော်တော်ခက်ခဲနေတယ်။ အွန်လိုင်းကနေတစ်ဆင့်သင်ရရင်တော့ ဘွဲ့ရဖို့မျှော်လင့်လို့ရမယ်" ဟု ကျွန်ုပ်တို့ပညာရေးမူဝါဒသုတေသနစင်တာကို ပြောပြခဲ့သည်။ သို့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံတွင် နည်းပညာအခက်အခဲနှင့် ငွေကြေးအခက်အခဲများကြောင့် အွန်လိုင်းပညာရေး ၌ အခက်အခဲများစွာရှိနေဆဲဖြစ်၍ ပူးပေါင်းပါဝင်လိုမှု အားနည်းနေဆဲဖြစ်သည်။  

မြန်မာနိုင်ငံ၌ ခေတ်သစ်ပညာရေးစနစ်တစ်ခုဖြစ်သော အွန်လိုင်းပညာရေးကို ကျင့်သုံးရန်အတွက် တက္ကသိုလ် ကျောင်းသားအများစုတွင် ဒေသအလိုက် အင်တာနက်ရရှိမှုကွာဟခြင်း (ဥပမာ- ရခိုင်ပြည်နယ်) သည်လည်းကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်ပါသည်။ ထိုစိန်ခေါ်မှုများနှင့်   ရပ်တန့်နေသောအဆင့်မြင့် ပညာရေးအတွက် ထိရောက်သော   ပညာရေးမူဝါဒနှင့် သင်ကြားမှုပုံစံကို   ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မေးခွန်းထုတ်လျက်ရှိကြသည်။  ထိုအရာသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွက် မဟာစိန်ခေါ်မှုတစ်ရပ်ဖြစ်နေသော်လည်း အဆင့်မြင့်ပညာသင်ကြားမှုကို ဆက်လက်၍ ရပ်တန့်ထားရန် မသင့်တော်တော့သည့်  အနေအထားတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ 

၂။  ဝင်ငွေကွာခြားမှုသည်မြန်မာနိုင်ငံတွင်းပညာရေးရရှိမှုကွာဟချက်ကိုမီးမောင်းထိုးပြနေပြီလား။ 

​ကိုဗစ်ကာလအတွင်း အခြားပြဿနာတစ်ခုသည် အစိုးရအဆင့်မြင့်ပညာရေးစနစ်သာ ရပ်တန့်သွားသော်လည်း အခြားသော မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားတက္ကသိုလ်များနှင့် ပုဂ္ဂလိကတက္ကသိုလ်များတွင် အွန်လိုင်းသင်ကြားမှုပုံစံဖြင့် ဆက်လက်သင်ကြားနေကြသည်။ ထိုသို့သော ကွာဟချက်၏ ရိုက်ခတ်မှုကြောင့် ပညာရေးဝန်ကြီးဌာနကို ကျောင်းသားများဘက်က မေးခွန်းထုတ်မှု များပြားလာခဲ့ကြသည်။ 

နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးကပင် ထပ်မံ၍ " လူကြီးတွေကတော့ ငါတို့ ၈၈ တုန်းက မင်းတို့ထပ် ကြာသေးတယ်ကွလို့ ပြောကြတယ်။ ကိုဗစ်ကာလမှာတော့ တစ်နိုင်ငံလုံးရပ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ပဲရပ်နေတာ။ မြန်မာနိုင်ငံက နိုင်ငံခြားတက္ကသိုလ်တွေမှာတက်တဲ့ ကျနော့်သူငယ်ချင်းတွေ ဆက်ပြီး တတ်နေကြတယ်။ မနွေဦး (အမည်လွှဲ) ဆို နောက်နှစ်မှာ သူ့ကျောင်းက ဘွဲ့ရမှာ။ ကျွန်နော်က ငုတ်တုတ်ပဲ"  ဟု ကိုဗစ်ကာလတွင် ကြုံတွေ့ရသော ကွာခြားမှုကို ရှင်းပြပေးသည်။ မြန်မာနိုင်ငံအတွင်းမှာပင် ပညာရေးသည် နှစ်မျိုးကွဲပြားနေသည်ဟု ယူဆလို့ရသည်။ အစိုးရပိုင် မဟုတ်သော တက္ကသိုလ်များသည် ပညာရေးအတွက် ၎င်းတို့၏ သင်ကြား‌ရေးစနစ်အသစ်များဖြင့် ဆက်လက်လည်ပတ်နေကြသည်။ အစိုးရပိုင်တက္ကသိုလ်များတွင် စာသင်ကြားခြင်း၊ တက္ကသိုလ်စာမေးပွဲများဖြေဆိုခြင်းနှင့် တက္ကသိုလ်အပ်နှံခြင်းများမှာ ရပ်တန့်နေဆဲဖြစ်သည်။ သို့သော်လည်း မဟာတန်းနှင့် ပါရဂူတန်းများ၏ ကျမ်းပြုစုခြင်းကို ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းသင်ကြားရေးစနစ်ဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။ (7 Days New Journal , ၂၀၂၀)

ထိုသို့ ပညာရေးဝန်ကြီးဌာနက အမိန့်စာထုတ်ပြန်ခဲ့သောကြောင့် ကျမ်းပြုစုနေသော ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများသည် ၎င်းတို့၏ ပညာရေးအတွက် ဆက်လက်လုပ်ဆောင်နေ ကြသော်လည်း အများစုမှာမူ ရပ်တန့်နေဆဲဖြစ်သည်။ မိဘများ၏ ကျောင်းသားများအပေါ် ငွေကြေးထောက်ပံ့နိုင်စွမ်းသည်လည်း ကိုဗစ်ကာလတွင် အနည်းနှင့်အများ ကွာခြားသွားသည်ဟုလည်း သုံးသပ်ရပါသည်။  ကိုဗစ်ကာလအတွင်းတွင် ပညာရေးဆက်လက်လည်ပတ်နိုင်ရန်အတွက် နည်းပညာအထောက်အပံ့၊ ကွန်ပျူတာ/စမတ်ဖုန်းနှင့် အင်တာနက်ရရှိမှု၊ သင်ကြားမှုအတွက် အဆင်ပြေသောပတ်ဝန်းကျင် စသည်တို့သည် အရေးတကြီး လိုအပ်လာသည်။  "Laptop နဲ့ Wi-Fi က အခုပညာရေးစနစ်မှာ အရမ်းအရေးကြီးနေတယ်။ ဒါတွေကို ကလေးအတွက် တစ်ပတ်အတွင်း တန်းဝယ်ပေးလိုက်ရတယ်လေ" ဟု မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား​၏ မိဘအုပ်ထိန်းသူတစ်ဦးမှ ပြောကြားခဲ့သည်။ ထိုအရာကို ကြည့်ခြင်းဖြင့် ငွေကြေးနှင့် အထောက်အပံ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော လူမှုပတ်ဝန်းကျင်တွင်သာ ပညာရေးသည် ဆက်လက်ရှင်သန်နိုင်သလို ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လူနေမှု အဆင့်အတန်းနှင့် ဝင်ငွေကွာခြားမှုသည် ပညာရေးတန်းတူရရှိမှုတွင် ကျောင်းသား၊ ကျောင်းသူများ အတွက် ကြီးမားသော အပြောင်းအလဲနှင့် ကွာဟချက်များကို ဖြစ်စေပါသည်။

ပညာရေးဝန်ကြီးဋ္ဌာန​၏အဆင့်မြင့်ပညာရေးအတွက်သုံးသပ်ချက်

ကိုဗစ်-၁၉ ကြောင့် ရပ်တန့်သွားသော အဆင့်မြင့်ပညာရေးကို ပြန်လည်လည်ပတ်နိုင်ရန် လုပ်ဆောင်ရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခက်အခဲပေါင်းစုံနှင့် ကြုံတွေ့နေရသော အနေအထားဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အချို့သောကိုယ်ပိုင်တက္ကသိုလ်များတွင် ကိုယ်ပိုင်လမ်းညွှန်ချက်များ၊ သင်ကြားရေးနည်းစနစ်များဖြင့်  ရှေ့ဆက်နေကြသော်လည်း ပညာရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိကျသော အစီအစဉ်များမရှိခြင်းနှင့် အခြေခံလိုအပ်ချက်များရှိနေခြင်းတို့ကို ကြုံတွေ့နေရပါသည်။ ထို့ကြောင့် ကိုဗစ်ကာအတွင်း သင်ကြားသင်ယူမှု ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန် ခိုင်မာသောမူဝါဒများနှင့် စပ်လျဉ်း၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများဘက်မှ မေးခွန်းထုတ်လာကြပြီဖြစ်သည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်ပညာကဏ္ဍအတွက် လက်ရှိအခက်အခဲများကို ပြေလည်စေသော သင်ကြားသင်ယူမှုပုံစံ များနှင့် ပို့ချပေးနိုင်သော သင်တန်းများကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ ၉လခန့် ရပ်တန့်သွားသော ပညာရေးသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရေးအရင်းအမြစ်များကို ရေရှည်တွင် များစွာ ထိခိုက်မှုများဖြစ်စေသည့်အတွက် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအပေါ် အဆင့်မြင့်ပညာရေးတွင် ပါဝင်သူ (ကျောင်းသား/သူများ၊ မိဘများ၊ ဆရာ၊ ဆရာမများစသဖြင့်) က ခိုင်မာသော အကျိုးသက်ရောက်ရှိ၊ မရှိ မေးခွန်းထုတ်မှုများပြားလာကြောင်း သုံးသပ်လိုက်ရပါသည်။

ကျမ်းကိုး။
Ministry of Education Myanmar, 2020, စာအမှတ်   ကခမက / သဘောထား/ ၂၀၂၀/ ၂၅၈။ ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၄) ရက်
Ministry of Education Myanmar, 2020, စာအမှတ်၊ အဆင့်မြင့် သင်တန်း-၁/ ညွှန်ကြားချက်( 2019-2020 regular and HRD Courses ) / ၂၀၂၀ (၁၁၁၉၃၂) ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ (၉)ရက်။ 
Ministry of Education Myanmar, 2020, စာအမှတ်၊ အဆင့်မြင့်/ သင်တန်း-၁/ ညွှန်ကြားချက် ( 2019-2020 Regular and HRD Courses ) ၂၀၂၀ (၁၅၁၉၆)။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၄)ရက်။

Source: Center for Education Policy Research

By Myanmar Education Guide (EDGE) 

Latest Post Read 1198 times