Sales Hotline : 09448001653       Download App



စင်ကာပူ ပညာရေး coding မသင်မနေရ စတင်မည်

စင်ကာပူ ပညာရေး coding မသင်မနေရ စတင်မည်

စင်ကာပူနိုင်ငံရှိ အခြေခံပညာရေး မူလတန်းသင်ကျောင်းများ အားလုံးမှာ coding program မသင်မနေရ ပြဋ္ဌားန်ချက်ကို မကြာခင်မှာ စတင်တော့မယ်လို့ ပညာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။

စမ်းသပ်ကာလ သင်ကြားမှုများကို မူလတန်း ပြီးမြောက်မှု စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူတွေကို ဆက်လက်ပညာသင်ကြားပေးလျက်ရှိတဲ့ ကျောင်းအချို့ကို ရွေးချယ်ပြီး စမ်းသပ်သင်ကြားပေးခြင်းကို ယခုနှစ်အတွင်းမှာ စတင်မယ်လို့ ဆိုပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ၄ တန်းမှ ၆ တန်း စာသင်သူတွေ အားလုံးကို coding သင်ပြပေးတော့မှာ ဖြစ်ပါတယ်။

အခုလို coding သင်ပြပေးတာဟာ ကွန်ပျူတာဆိုင်ရာ အခြေခံအားဖြင့် စဉ်းစားတတ်စေဖို့နဲ့ ကွန်ပျူတာမှာ သုံးတဲ့ ဘာသာစကားတွေရဲ့ အခြေခံ coding ရဲ့ အခြေခံသဘောတရားတွေကို သိရှိသဘောပေါက်ထားစေဖို့ ရည်ရွယ်ချက် ထားရှိပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ visual programming အခြေပြု သင်ခန်းစာတွေကို သင်ယူစေမှာ ဖြစ်ပါတယ်။ သင်ရိုးမှာ coding အပြင် ဉာဏ်ရည်တု artificial intelligence လိုမျိုး ပေါ်ထွန်းစ နည်းပညာသစ်တွေအကြောင်းကိုလည်း တီးမိခေါက်မိအောင် ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။

အခုလို မူလတန်းပညာရေး အမြင့်တန်းတွေမှာ coding သင်ပေးလိုက်တဲ့အတွက် နောင်တစ်ချိန်မှာ လူတိုင်းဟာ အသက်ကြီးငယ်မရွေး computer programming တွေကို ရင်းနှီးပြီးသား ဖြစ်နေကြဖို့ ယခု အစပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ် အတွက် အဆင်သင့်ဖြစ်ပြီးသား လူငယ်လူရွယ်တွေ ဖြစ်နေကြမယ်။ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံ တတ်ကျွမ်းမှုတွေကိုလည်း ရပြီးသား ဖြစ်နေကြမယ်။ စင်ကာပူမှာ တည်ဆောက်နေတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို ကျေးဇူးပြုပေးနိုင်သူတွေ ဖြစ်နေကြမယ်။ ဒစ်ဂျစ်တယ်ကို မသိဘဲ အစိမ်းသက်သက် ဖြစ်မနေအောင် ငယ်ရွယ်စဉ်ကတည်းက သင်ကြားပေးထားလိုက်တာဖြစ်မယ်လို့ ဆိုပါတယ်။
“ဒစ်ဂျစ်တယ်နဲ့ ဒီမှာ နေထိုင်ကြရမှာဆိုတော့ ကျွန်တော်တို့က တကယ်လက်တွေ့ဘ၀ အသစ်ကို မလွှဲမသွေ လက်ခံရမယ်။ ခံယူကျင့်သုံးရမယ်” လို့ ပညာရေးဝန်းကြီးဌာနမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Iswaran က ရှင်းပြပါတယ်။
သူက ဆက်လက်ရှင်းပြတာမှာ
“လုပ်ငန်းတိုင်း အလုပ်တိုင်းဟယ ဒစ်ဂျစ်တယ်နဲ့ မကင်းကြဘဲ ဒစ်ဂျစ်တယ်ရဲ့ စွမ်းပကားတွေကို အသုံးချကြတဲ့ ဒစ်ဂျစ်တယ် စီးပွားရေးကို ကျွန်တော်တို့ တည်ဆောက်လိုကြတယ်။ ဒါဟာ ပါဝင် ပတ်သက်နေတဲ့ စင်ကာပူ နိုင်ငံသားအားလုံး အတွက် ကျွန်တော်တို့ မြော်မြင်ထားတာ ဖြစ်ပြီး စင်ကာပူ နိုင်ငံသားတိုင်းအတွက် အကျိုးကျေးဇူးတွေ ဆောင်ကျဉ်းပေးမယ်”
လို့ ဆိုပါတယ်။
အခုလို coding သင်ကြားပေးတာအပြင် Singapore Cyber Youth Programကို အထက်တန်း ပညာရေးနဲ့ တက္ကသိုလ်ပညာရေးတို့မှာ သင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းပြီးသွားလို့ အလုပ်အကိုင် ၀င်ရောက်လုပ်ကိုင်တဲ့အခါ cybersecurity အတွက် အခြေခံ သိသင့်သိထိုက်တာတွေ တတ်ထားပြီးသား ဖြစ်နေစေမယ်လို့ သူက ပြောပြပါတယ်။
ဒစ်ဂျစ်တယ်ခေတ်မှာ smart nation ဖြစ်နေအောင် တည်ဆောက်ရေးဟာ စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းဦးစားပေး တွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတော် အသုံးစရိတ်မှ သီးခြားဘတ်ဂျက် သတ်မှတ်ပြီး အကောင်အထည်ဖော်လျက် ရှိပါတယ်။

News Read 2074 times