Sales Hotline : 09448001653       Download App



Britannica စွယ်စုံကျမ်းဆိုသည်မှာ

Britannica စွယ်စုံကျမ်းဆိုသည်မှာ

စွယ်စုံကျမ်း (Encyclopaedia) ကို နိုင်ငံအသီးသီးက မိမိတို့ဘာသာဖြင့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ လိုအပ်သော ဗဟသုတများကို တစ်ထိုင်တည်း၊ တစ်နေရာတည်းတွင် မိမိတို့သိလိုသော အကြောင်းအရာ၊ အတ္ထုပ္ပတ္တိစသည်တို့ကို ရှာဖွေကြည့်ရှုနိုင်စေရန် ရည်ရွယ်ပြီး ပြုစုဆောင်ရွက်ခဲ့ကြသည်။

 

စွယ်စုံကျမ်း၏အဓိပ္ပာယ်ကို Oxford Advanced Learner’s Dictionary တွင် အသိပညာ၊ ဗဟုသုတ နယ်ပယ်အားလုံးနှင့်သက်ဆိုင်သော အချက်အလက်များ၊ သီးခြားအကြောင်းအရာတစ်ခု၏ ကွဲပြားခြားနားသောနယ်ပယ်များမှ အချက်အလက်များကို (CD ROM သို့မဟုတ် Website တစ်ခုပေါ်တွင် အလားတူအချက်အလက်များကို စုစည်းထားခြင်း) အက္ခရာစဉ်အလိုက် ပြုစုထားသောစာအုပ် သို့မဟုတ် စာအုပ်တွဲများ (A book or set of books giving information about all areas of knowledge or about different areas of one particular subject, usually arranged in alphabetical order, a similar collection of information on a website or CD ROM)ဟု တွေ့ရသည်။

 

နိုင်ငံများစွာမှ အသီးသီးပြုစုထားသော စွယ်စုံကျမ်းများစွာအနက်  Britannica စွယ်စုံကျမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး အလွန်ရှေးကျကာ စွယ်စုံကျမ်းပြုစုခြင်းနှင့်ပတ်သက်၍ စံထားလောက်သော အဖိုးမဖြတ်နိုင်သည့် ကျမ်းကြီးတစ်ဆူ ဖြစ်သည်။

 

Britannica ဗြိတိသျှစွယ်စုံကျမ်းကြီးကို ၂၀၁၀ြ ပည့်နှစ်က ၁၅ ကြိမ်မြောက်အဖြစ် ထုတ်ဝေခဲ့ပြီး ၂၀၁၆ ခုနှစ်က ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းကျမ်းကြီးကို ပြုစုရာတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်သည့် အယ်ဒီတာဝန်ထမ်းပေါင်း ၁၀၀ နှင့် သက်ဆိုင်ရာဘာသာရပ်၊ အကြောင်းအရာ အလိုက် ရေးသားပေးပို့သူ ၄၀၀၀ ကျော်ခန့်ရှိသည်။ A မှ Z အထိ ၃၂ တွဲရှိပြီး စာမျက်နှာပေါင်း ၃၂၆၄၀ ရှိသည်။ Britannica စွယ်စုံကျမ်းကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၃၀ ကျော်ကတည်းက စတင်ထုတ်ေ၀ ခဲ့ခြင်း ဖြစ်သည်။ ပထမဆုံးစွယ်စုံကျမ်းကြီးကို ၁၇၆၈ ခုနှစ်မှ ၁၇၇၁ ခုနှစ်အထိ အတွဲ သုံးတွဲဖြင့် စကော့တလန်နိုင်ငံ၏မြို့တော် အဲ့ဒင်ဘာ့ဂျ်တွင် စတင်ထုတ်ဝေခဲ့သည်။

 

၁၈၀၁ ခုနှစ်မှ ၁၈၁၀ ပြည့်နှစ်အထိ အတွဲ ၂၀ ကို လေးကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၁၈၇၅ ခုနှစ်မှ ၁၈၈၉ ခုနှစ်အထိကို ကိုးကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၁၉၁၁ ခုနှစ်တွင် ၁၀ ကြိမ်မြောက်နှင့် ၂၀၁၀ ပြည့်နှစ်တွင် ၁၅ ကြိမ်မြောက်အဖြစ် အတွဲ ၃၂ တွဲ အသီးသီးထုတ်ေ၀ နိုင်ခဲ့သည်။

 

၁၅ ကြိမ်မြောက် ထုတ်ဝေသော စွယ်စုံကျမ်းကြီးမှစ၍ အပိုင်း သုံးပိုင်းဖြင့် ခွဲခြားထုတ်ဝေနိုင် ခဲ့ကြသည်။ Propaedia အပိုင်းသည် အပိုင်း (၁)၊ Micropaedia သည် အပိုင်း (၂)၊ Macropaedia သည် အပိုင်း (၃) ဟူ၍ ဖြစ်သည်။ Micropaedia တွင် အတွဲ ၁၂ တွဲရှိပြီး စကားလုံးရေ ၇၅၀ အောက်လျော့နည်းသော ဆောင်းပါးအတိုများ ဖြစ်သည်။ Macropaedia အပိုင်းတွင် အတွဲ ၁၇ တွဲရှိပြီး ဆောင်းပါးအရှည်များ ဖြစ်သည်။ Micropaedia သည် Macropaedia ၏ လမ်းညွှန်ဖြစ်ပြီး အချက်အလက်များကို အချိန်တိုအတွင်း လျင်မြန်စွာ ရှာဖွေနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ပြင် စာဖတ်သူများကိုလည်း ဆောင်းပါးများဖတ်ရာတွင် ပိုမိုစူးစမ်း၍ ဆက်လက်ရှာဖွေဖတ်ရှုရန်နှင့် တည်ပုဒ်၏ အကြောင်းအရာ၊ အတိမ်အနက်နှင့် Propaedia ၏ အဓိကအချက်အလက်များကို အားစိုက်လေ့လာရန် အကြံပြုထားသည်။

 

Britannica စွယ်စုံကျမ်းကို ၁၉၀၁ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံတွင် ပုံနှိပ်ခဲ့သော်လည်း ကျမ်း၏ စာလုံးပေါင်းသတ်ပုံကို British English ကိုသာ စံအဖြစ်ထား၍ ထုတ်ဝေခဲ့ကြသည်။ ဥပမာ- Colour သည် British English ဖြစ်ပြီး Color သည် American English ဖြစ်ရာတွင် Colour ကိုသာ စံအဖြစ်ထားသည်။ အလားတူ Encyclopaedia သည် British English ဖြစ်ပြီး Encyclopedia သည် American English ဖြစ်ရာ Encyclopaedia ကိုသာ စံအဖြစ် အသုံးပြုထားသည်။

 

သို့သော်လည်း အချို့ခြွင်းချက်စကားလုံးများတွင် American English ကိုသာ အသုံးပြုသည်။ ဥပမာ- Defence သည် British English ဖြစ်သော်လည်း American English ဖြစ်သည့် Defenseကိုသာအသုံးပြုသည်။ ၎င်းအပြင် Colour နှင့် Color ကဲ့သို့ အသုံးများသော စကားလုံးများကို Color : see Colour ဟု စာဖတ်သူများ ရှာဖွေဖတ်ရှုနိုင်ရန် မှတ်စုများ ထည့်ပေးထားသည်။ သာဓကအားဖြင့် မြန်မာစွယ်စုံကျမ်းကြီးတွင် ကစ္ဆပနဒီ။ ။ကုလားတန်မြစ်-ရှု ဟု ဖော်ပြထား သကဲ့သို့ ဖြစ်သည်။

 

Britannica စွယ်စုံကျမ်းကြီးတွင် Propaedia ၏ အဓိကရည်ရွယ်ချက်သည် လူသားအားလုံးနှင့် သက်ဆိုင်သည့် အသိပညာများကို အတွေ့အကြုံ ပညာရပ်များမှတစ်ဆင့် လိုအပ်သောအကြောင်းအရာ၊ သတင်းအချက်အလက်များ၊ ဖော်ပြချက်များ၊ စိတ်ကူးစိတ်သန်းသစ်များ ပိုမိုရင်းနှီး သိရှိသွား စေရန် ယုတ္တိကျကျ မူဘောင်ချထားပေးခြင်း ဖြစ်သည်။

 

Micropaedia နှင့် Macropaedia တွင် ပုံပေါင်း ၂၄၀၀၀ ခန့် ပါရှိသည်။ အက္ခရာစဉ်အညွှန်း အတွဲ ၂ တွင် ပုံ ၂၃၅၀ ခန့်ပါရှိပြီး တည်ပုဒ်ပေါင်း ၂၂၈၂၇၄ ပုဒ်ခန့် ပါဝင်သည်။ ယင်းတည်ပုဒ်များ၏အောက်မှ တည်ပုဒ်ခွဲပေါင်း ၄၇၄၆၇၅ ပုဒ်ခန့် ပါဝင်သည်။ ၂၀၀၄ ခုနှစ်တွင် CD/DVD ROM အတွက် ပညာရပ်ဆိုင်ရာ ထုတ်ဝေသူအသင်းမှ Distinguished Achievement Award ဆုကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် Top Ten Superbrands in the UK ဆုများအနက်မှ ဆုတစ်ဆုကိုလည်းကောင်း ရရှိခဲ့သည်။

 

Britannica စွယ်စုံကျမ်းထုတ်ဝေမှုကို ၁၇၈၆ ခုနှစ်မှ ယနေ့အထိ ခေတ်ငါးခေတ်ဖြင့် ခွဲခြားထားသည်ကိုလည်း တွေ့ရှိရသည်။ ပထမဆုံးထုတ်ဝေသည့် ၁၇၆၈ ခုနှစ်မှ ခြောက်ကြိမ်မြောက်ထုတ်ဝေသည့် ၁၈၂၆ ခုနှစ်အထိကို ခေတ်တစ်ခေတ်၊ ခုနစ်ကြိမ်မြောက်ထုတ်ဝေသည့် ၁၈၂၇ ခုနှစ်မှ ကိုးကြိမ်မြောက်ထုတ်ဝေသည့် ၁၉၀၁ ခုနှစ်အထိကိုေ ခတ်တစ်ခေတ်၊ ၁၀ ကြိမ်မြောက် ထုတ်ဝေသည့် ၁၉၀၁ ခုနှစ်မှ ၁၄ ကြိမ်မြောက် ထုတ်ဝေသည့် ၁၉၇၃ ခုနှစ်အထိကို ခေတ်တစ်ခေတ်၊ ၁၉၇၄ ခုနှစ် မှ ၁၉၉၄ ခုနှစ်အထိကို ခေတ်တစ်ခေတ်၊ ၁၉၉၄ ခုနှစ်မှ ယနေ့အထိကို ခေတ်တစ်ခေတ်ဟူ၍ ခွဲခြားထားသည်။

 

Britannica ၏ ၁၅ ကြိမ်မြောက် ထုတ်ဝေခြင်းကို ပုံစံသစ်ဖြင့် စတင်မိတ်ဆက်ခဲ့ပြီး ြMicropaedia? Macropaedia နှင့် Propaedia ဟူ၍ အပိုင်းသုံးပိုင်းဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၉၄ ခုနှစ်မှ ယနေ့အထိသည် Digital Version ဖြင့် Optical Media နှင့် Onine တို့မှ ဖြန့်ချိနိုင်ခဲ့သည်။ Britannica စွယ်စုံကျမ်းကြီး၏ သမိုင်းတစ်လျှောက်ကိုကြည့်လျှင် ရည်ရွယ်ချက်နှစ်ခုဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပထမရည်ရွယ်ချက်မှာ အကောင်းဆုံးအကိုးအကား ပြုနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ရန်နှင့် ဒုတိယရည်ရွယ်ချက်မှာ ပညာရပ်ဆိုင်ရာနယ်ပယ်တွင် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ရန် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ဦးဆောင်ပြီး စာပေပညာရှင်များစွာဖြင့် မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ၁၉၅၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ပြုစုထုတ်ဝေနိုင်ခဲ့သည်။ ယခုအခါ မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ခေတ်မီအကြောင်းအရာ၊ အချက်အလက်များ ဖြည့်စွက်တည်းဖြတ်လျက် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရန် မြန်မာစာပေပညာရှင်ကြီးများ၊ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်တို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

 

အချုပ်အားဖြင့် Britannica စွယ်စုံကျမ်းအပါအဝင် ကမ္ဘာ့စွယ်စုံကျမ်းကြီးများ၊ မြန်မာ့စွယ်စုံကျမ်းကြီးများကို သုတေသနပြုလုပ်ရာတွင်လည်းကောင်း ၊ Reference အဖြစ်ဖြင့်လည်းကောင်း ဗဟုသုတဆိုင်ရာများကို ခြုံငုံသုံးသပ်မိစေရန် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဖတ်ရှုလေ့လာနိုင်ကြစေရန် တိုက်တွန်းတင်ပြအပ်ပါသည်။

 

Credit : စိုးနိုင် (ကနီ)

Ref: https://en.Wikipedia.org/wiki/Encyclopaedia-Britannica

 

Knowledge Read 475 times