Sales Hotline : 09448001653       Download App



ဂျပန်သွားမည့်သူများ ပြင်ဆင်ထားသင့်သည့် အင်တာဗျူးမေးခွန်း ( ၁၅ ) ခု

 

အင်တာဗျူးတွေ ဖြေရတဲ့အခါမှာ အဆိုးဝါးဆုံးကြုံတွေ့ရလေ့ရှိတာကတော့ အလုပ်ရှင်ဘက်မှ မေးလိုက်တဲ့ မေးခွန်းအတွက် ဖြေရတဲ့သူ ကိုယ့်ဘက်မှာ အဖြေရှိမနေတာပါပဲ။ အင်တာဗျူးမှာ “မသိဘူး၊ ဟင့်အင်း” လို့သုံးလိုက်တာဟာ ကိုယ့်အပေါ်မှာ အရမ်းကို Impression ကျစေပါတယ်။ ဒီလိုမဖြစ်စေဖို့ဆိုရင်တော့ ကိုယ်သွားဖြေမယ့် အင်တာဗျူးနဲ့ ပတ်သက်ပြီး သေချာလေ့လာထားဖို့လိုပါတယ်။ 

လတ်တလောမှာတော့ ဂျပန်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်လိုသူ အများအပြားရှိနေတဲ့ အတွက်ကြောင့် ဂျပန်နိုင်ငံက အလုပ်ခေါ်အင်တာဗျူးတွေမှာ မေးလေ့မေးထရှိတတ်တဲ့ မေးခွန်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

     ၁.ကိုယ့်ကိုယ်ကို မိတ်ဆက်ပါ ( Introduce yourself)

 

သင့်ရဲ့ ပညာရေးနောက်ခံအချက်အလက်တွေ ၊ လတ်တလောလုပ်ဆောင်ချက်တွေ နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် အနည်းငယ်ကို စက္ကန့် ၆၀ စာလောက်ကြိုတင်ပြင်ဆင်ထားပါ။

 

   ၂.မင်းရဲ့ အားသာချက် / အားနည်းချက်တွေကိုပြောပါ

      (Explain your strengths/ weakness)

 

သင့်ရဲ့ အားသာချက်/ အားနည်းချက်များကို (၃)ခုစီလောက်ပြင်ဆင်သွားပါ။ အားသာချက်ကို သင်လျှောက်ထားတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အချက်တွေကို ရွေးချယ်ပြီး အားနည်းချက်ကိုတော့ာ အလုပ်နဲ့ မသက်ဆိုင်တဲ့ အချက်တွေ ဒါမှမဟုတ် မတူညီတဲ့ ရှု့ထောင့်က ပြန်ကြည့်မယ်ဆိုရင် အပြုသဘောဆောင်နိုင်တဲ့ အချက်တွေကို ဦးစားပေးရွေးချယ်ပါ။

 

   ၃.ဘာလို့လာလျှောက်တာလဲ (Why did you apply?)

 

မေးခွန်းကို တုံ့ဆိုင်းမနေပဲ စဥ်းစားဟန်မပြပဲ ချက်ခြင်းဖြေဆိုပါ။ ဒီမေးခွန်းကို ဖြေဆိုရာမှာတော့ ဒီအလုပ်က သင့်ရဲ့ တတ်ကျွမ်းထားတဲ့ ပညာရပ်တွေ သင့်ရဲ့ အရည်အချင်းနဲ့ ဘယ်လောက်ကိုက်ညီကြောင်းကို ဦးစားပေးထည့်သွင်းပြောဆိုပြီး ဖြေပါ။

 

   ၄.မင်းရဲ့ အတွေ့အကြုံတွေက ဒီရာထူးနဲ့ ဘယ်လိုကိုက်ညီတာလဲ

      (How do your experiences match the position?)

 

သင့်ရဲ့ ယခင်အလုပ်အဟောင်းက အတွေ့အကြုံတွေကို အခုအလုပ်အသစ်အတွက် ဘယ်လောက်ဆွဲခေါ်လာနိုင်ကြောင်းကို တိကျပြီး မြင်သာထင်သာရှိတဲ့ ဥပမာ ၊ သက်သေ သာကဓတွေနဲ့အတူ ရှင်းလင်းပြောပြပါ။

 

   ၅.မင်းရဲ့ အရည်အချင်းတွေက ဘာတွေလဲ (What are your skills?)

 

သင့်ရဲ့ Hard Skills/Soft Skills တွေကို ပြောပြနိုင်မယ့် အတိုချုပ် အဖြေမျိုးကို ပြင်ဆင်သွားပါ။ သင့်မှာ ဒီပလိုမာ၊ အသိအမှတ်ပြုလက်မှတ်တွေရှိရင် ထည့်ပြောပါ။ သင့်ရဲ့ကျွမ်းကျင်မှုကို အခြေခံပြီး လုပ်ဆောင်ခဲ့တဲ့ ပရောဂျက် ၊ လုပ်ငန်းတွေရှိရင် နမူနာပြောပြပါ ။

 

   ၆.မင်းရဲ့ ဂျပန်စာစွမ်းရည် ဘယ်လောက်ကောင်းမွန်လဲ

      (How good is your Japanese?)

 

သင်အင်တာဗျူး မေးခွန်းတွေကို ဖြေကြားရာမှတစ်ဆင့် သင့်ရဲ့ ဂျပန်စာစွမ်းရည် အဆင့် ဘယ်လောက်ရှိလဲဆိုတာ ခန့်မှန်းပြီးသားဖြစ်မှာပါ။ သင်တက်ရောက်ခဲ့တဲ့ JLPT အဆင့် ၊ တက်ရောက်ခဲ့တဲ့ အချိန်ကာလ ၊ သက်ဆိုင်ရာ ရမှတ် ၊ အောင်မြင်မှု အတွေ့အကြုံများကို အစီအစဥ်တကျ ပြောပြပါ။

 

   ၇.ငါတို့ကုမ္ပဏီကို မင်းဘယ်လိုရှာတွေ့တာလဲ (How do you find our company?)

 

ကုမ္ပဏီကိုသင်ဘယ်လို သတိထားမိခဲ့လဲဆိုတဲ့ အချက်ကိုရှင်းပြပါ။ သူတို့ကုန်ပစ္စည်းကို ဝယ်ရင်းနဲ့မှ သတိထားမိတာလား ဒါမှမဟုတ် သင်ဝါသနာပါတဲ့ သင့်ရဲ့ သက်မွေးဝမ်းကြောင်းပေါ်က ကုမ္ပဏီမို့ သတိထားမိတာလားဆိုတာကို ပြောပြပါ။ ဒီမေးခွန်းက သင်လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ပတ်သက်ပြီး ထုတ်ကုန် ၊ ဖောက်သည် ၊ ပြိုင်ဘက် စတဲ့ အကြောင်းအရာတွေကို သင်ဘယ်လောက်လေ့လာထားကြောင်း ပြောပြနိုင်တဲ့ မေးခွန်းမျိုးပဲ ဖြစ်ပါတယ်။

 

   ၈.ဒီရာထူးကို ဘာလို့လျှောက်ထားတာလဲ (Why do you apply to this position?)

 

သင်လျှောက်ထားရတဲ့ ရာထူးကို ဘာလို့စိတ်ဝင်စားတာလဲဆိုတဲ့ အကြောင်းကို သေချာရှင်းပြပါ။ ကုမ္ပဏီက အလုပ်ခေါ်စာမှာ ဖော်ပြထားတဲ့ လုပ်ငန်းအကြောင်း ၊လုပ်ငန်းတာဝန်တွေအပေါ်မှာ အခြေခံပြီး သင်ကဘယ်လို နေရာကနေ တာဝန်ဖြည့်ဆည်းပေးချင်ကြောင်းကို အသေးစိတ်ရှင်းပြပါ။

 

   ၉.အခုလက်ရှိအလုပ်ကို ဘာကြောင့် ထွက်ချင်တာလဲ

      (Why do you want to quit your current job?)

 

ဒါကတော့ လှည့်ကွက်ဆန်တဲ့ မေးခွန်းတစ်ခုပါပဲ။ သင့်ရဲ့ အရင်အလုပ်နဲ့ ပတ်သက်ပြီး ဖြေဆိုမယ့် အဖြေတွေက ဘယ်လောက်ပဲစစ်မှန်နေပါစေ အရင်အလုပ်ကို ဘယ်တော့မှ မဝေဖန်ပါနဲ့။ ဒါကသင့်ကို တစ်ခြားသူတွေကို အပြစ်တင်တတ်တဲ့ပုံစံမျိုးပေါက်စေပါတယ်။ အဲဒီအစားလာမယ့်အလုပ်အသစ်မှာ ဘယ်လိုစိန်ခေါ်မှုတွေ ၊ အတွေ့အကြုံအသစ်တွေ ရရှိချင်ကြောင်းကိုသာ အပြုသဘောဆောင်တဲ့ဘက်က လှည့်ပြီးဖြေဆိုပါ။

 

   ၁၀.လာမယ့် …… နှစ်မှာ သင့်ကိုယ်သင် ဘယ်နေရာမှာလို့မြင်လဲ

         (Where do you see yourself in ….. Year?)

 

ဒီမေးခွန်းမှာ အမေးများတဲ့ ခုနှစ်တွေကတော့ ၃ နှစ် ၊ ၅ နှစ် ၊ ၁၀ နှစ်တို့ပဲ ဖြစ်ကြပါတယ်။ အခြေအနေပေါ်လိုက်ပြီး ကိုယ်တကယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်နဲ့ ကိုက်ပြီးဖြေဆိုပါ ။ များသောအားဖြင့်   ဂျပန်ကုမ္ပဏီတွေက     တစ်ခါအလုပ်ခန့်ပြီးရင်    ရေရှည်လက်တွဲတတ်ကြပါတယ်။ 

 

   ၁၁.အနာဂတ်အတွက် မင်းအိမ်မက်ကဘာလဲ

         (What is your dream for the furture?)

 

သင့်မှာ အောင်မြင်ချင်တဲ့ အိမ်မက် ဒါမှမဟုတ် ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိခြင်းက သင့်ကိုယ်သင်လည်း တွန်းအားပေးနိုင်ပြီး စိတ်အားထက်သန်မှုရှိကြောင်းကို ပြသနိုင်ပါတယ်။ ကုမ္ပဏီအများစုက သင့်ရဲ့ စံတန်ဖိုး နှင့် ဘဝရည်မှန်းချက်များကိုနားထောင်ပြီး သူတို့လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ထည့်သွင်းစဥ်းစားတတ်တာကြောင့် မေးခွန်းကို သေချာစဥ်းစားပြီးဖြေဆိုပါ။

 

   ၁၂.အလုပ်မှာပြဿနာတွေကြုံလာရင်ဘယ်လိုဖြေရှင်းမလဲ

        (How do you solve problems at work?)

 

ဒီမေးခွန်းအတွက် သေချာရေရာတဲ့ အဖြေမရှိတဲ့အတွက်ကြောင့် ဖြေဖို့ရာ တော်တော်လွယ်ကူပါတယ်။ ပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ပြဿနာရဲ့ အတိမ်အနက် ၊ အခြေအနေ နဲ့ အချိန်အခါပေါ်မှာ မူတည်ပါတယ်။ သင့်ကို ထပ်ရှင်းပြရမယ့်မေးခွန်းမျိုး မမေးထားဘူးဆိုရင် ကုမ္ပဏီက ချမှတ်ထားတဲ့ စည်းမျဥ်း၊ စည်းကမ်း ၊တိုင်းတာချက်တွေအပေါ်မူတည်ပြီး လိုက်လျောညီထွေရှိမယ့် ဖြေရှင်းချက်မျိုးကို စဥ်းစားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့သာ ယေဘုယျ အဖြေတစ်ခုပေးလိုက်ပါ။

 

   ၁၃.ဂျပန်ကို ဘယ်အချိန်က လာခဲ့တာလဲ (When did you come to Japan?)

 

ဒီမေးခွန်းကတော့ အကြောင်းပြချက်ကို မေးခြင်းမဟုတ်ပဲ ဂျပန်နိုင်ငံကို သင်ရောက်လာခဲ့တဲ့ အချိန်နဲ့ပတ်သက်ပြီး မေးတဲ့ မေးခွန်းပဲဖြစ်တာကြောင့် အဖြေကို လိုရင်း တိုရှင်း နဲ့ တိုတိုတုတ်တုတ်သာဖြေဆိုပါ။

 

   ၁၄.ဘာကြောင့်ဂျပန်မှာ အလုပ်လုပ်ချင်တာလဲ

        (Why do you want to work in Japan?)

 

သင့်ရဲ့ စိတ်အားထက်သန်မှု နဲ့ လေးနက်မှုကို ဆန်းစစ်တဲ့ နောက်ထပ် မေးခွန်းတစ်ခုပါပဲ။ ကုမ္ပဏီဘက်ကကြည့်မယ်ဆို သင့်မှာ ဘယ်လောက်လေးနက်တဲ့ အစီအစဥ်တွေ ဂျပန်မှာရှိနေကြောင်း ၊ ဗီဇာသက်တမ်းကို ဘယ်လောက်ထိကိုရရှိချင်ကြောင်း စတဲ့ အချက်အလက်တွေကို သိထားချင်လိုတဲ့ သဘောပါ။

 

   ၁၅.နောက်ဆုံးမေးခွန်းအနေနဲ့ ဘာမေးချင်တာ/ဘာပြောချင်တာရှိသေးလဲ 

        (Any last questions?/Is there anything that you want to say?)

 

ဒီမေးခွန်းကတော့ သင့်အနေနဲ့ ဒီအလုပ်ကို ရချင်စိတ် စိတ်ဆန္ဒဘယ်လောက်ပြင်းပြလဲ စမ်းသပ်တဲ့ သဘောပါပဲ။ တစ်ချို့ကုမ္ပဏီတွေက သင်တကယ်အလုပ်ဝင်ချင်ရင် သင့်မှာ မျှဝေချင်တဲ့ အချက်အလက်၊ မေးချင်တဲ့ မေးခွန်း သေချာပေါက်ရှိလိမ့်မယ်လို့ တွေးတတ်ကြပါတယ်။ ဘာမှမပြောတာဟာ စိတ်ဝင်စားမှု မရှိကြောင်းကို ပြသရာလည်း ရောက်စေပါတယ်။ သင့်မှာ အရေးတကြီး ရှင်းရှင်းလင်းလင်း သိချင်တဲ့ မေးခွန်းမျိုး မရှိဘူးဆိုရင်တောင်မှ ဒီအခွင့်အရေးကို အသုံးချပြီး သင့်အနေနဲ့ ဒီအလုပ်နဲ့ ပတ်သက်ပြီး ရှေ့ကို ဘယ်လောက်ထိ ကြိုတွေးထားတယ် ဘာတွေသိချင်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပါ။

 

အင်တာဗျူးမှာ ဘယ်မေးခွန်းမေးမယ်ဆိုတာက သင့်အနေနဲ့ကြိုတင်သိရှိနိုင်မှာ မဟုတ်ပါဘူး။ သို့သော်လည်း ကြိုတင်လေ့လာပြင်ဆင်ထားခြင်းက သင့်အတွက် အကျိုးရှိစေနိုင်မှာပါ။ 

Knowledge Read 1201 times