အတန်းထဲမှာ စကားအရမ်းများတဲ့ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ကိုင်တွယ်ရင် ကောင်းမလဲ

အတန်းထဲမှာ စကားအရမ်းများတဲ့ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ကိုင်တွယ်ရင် ကောင်းမလဲ

ကလေးတွေအတွက်ကတော့ စကားများတယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမယ့် အတန်းထဲမှာ စကားများတာ၊ စကားပြော မရပ်တော့တာမျိုး၊ အထူးသဖြင့် ကိုယ်စာသင်နေတဲ့ အချိန်မျိုး မှာဆိုရင်တော့ စာကိုစိတ်ဝင်တစား နားထောင်နေတဲ့ တခြားကလေးတွေအတွက်ပါ အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒီတော့ ပြောစရာတွေ မကုန်မခမ်းနိုင်အောင်ရှိနေတဲ့ ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်မလဲ?

အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

၁။ အတန်းစည်းကမ်းလိုက်နာမှုကို တင်းကျပ်ပါ။

စည်းမျဉ်းစည်းကမ်းဆိုတာ ဘယ်စာသင်ခန်းအတွက်မဆို အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ စည်းကမ်းမရှိတဲ့အတန်းက ပွက်လောရိုက်နေမှာပဲ ဖြစ်ပါတယ်။ စာတွေမသင်ခင် ဟိုးနှစ်စကတည်းက ကိုယ့်အတန်းထဲမှာ ရှိသင့်ရှိထိုက်တဲ့ စည်းမျဉ်းတွေကို ချမှတ်ထားရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့

၁) ဆရာမစာသင်နေချိန်တွင် စကားမပြောရ။
၂) ဆရာမစာသင်နေတုန်း မေးစရာရှိရင် လက်ထောင်ပါ။
၃) ဆရာမမေးတာဖြေချင်ရင် လက်အရင်ထောင်ပါ။
၎) အတန်းထဲမှာ စကားပြောရင် ပုံမှန်အသံနဲ့ပဲပြောပါ။ (အပြင်မှာလို ကျယ်ကျယ်လောင်လောင် မပြောရ။)

ဒါတွေကတော့ ရှိထားရမယ့် အခြေခံစည်းမျဉ်းအချို့ပဲ ဖြစ်ပါတယ်။ ဒီ့အပြင် တခြားစည်းမျဉ်းတွေဖြစ်တဲ့ အလှည့်ကျော်ရင် ဒါမှမဟုတ် အတန်းကို အနှောင့်အယှက်ဖြစ်စေရင် အပြစ်ပေးတာမျိုး၊ ပြီးရင် အတန်းထဲမှာ ဆူညံပွက်လောရိုက်ပြီး တခြားအတန်းတွေကိုပါ အနှောင့်အယှက်ဖြစ်စေရင် အပြစ်ပေးတာမျိုးကိုလည်း ချမှတ်ထားရမှာပဲ ဖြစ်ပါတယ်။

၂။ တိတ်တိတ်နေဖို့ စကားနဲ့မပြောပဲ အရိပ်အမြွက်ပေးတာမျိုးလုပ်ပါ။

တခါတလေကျရင် “စာသင်နေချိန် စကားမပြောရ” ဆိုပြီး ဘယ်လိုပဲ စည်းမျဉ်းတွေချထားထား တချို့ကလေးတွေကတော့ ပြောနေကြဦးမှာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်တာ အကြိမ်ရေများလာပြီဆိုရင်တော့ စကားပြောမရပ်တဲ့အဖွဲ့ကို နေရာခွဲထိုင်ခိုင်းပြီး မျက်စိတောက်လျှောက်ကြည့်လို့ရအောင် ကိုယ်နဲ့နီးတဲ့နေရာမှာထားပါ။

တခါတလေမှဖြစ်တာမျိုးဆိုရင်တော့ စာသင်တာရပ်ပြီး အဲ့လိုလုပ်မယ့်အစား စကားပြောနေတဲ့ကျောင်းသားဆီကိုသွား၊ သူ့စားပွဲလေးကို အသာလေးပုတ်ပြီး ကိုယ့်နှုတ်ခမ်းကို ဇစ်ပိတ်တဲ့ ဟန်လုပ်ပြပါ။ စကားဆက်မပြောအောင် သူ့စားပွဲနားမှာ ခဏလောက်နေပြီး နောက်မှကိုယ်သွားချင်တဲ့နေရာသွားပါ။  

၃။ Point တွေနဲ့ ဆုပေးတဲ့စနစ်ကို ကျင့်သုံးပါ။

တိတ်တိတ်လေးနေဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့အရာတစ်ခုပါ၊ အထူးသဖြင့် ကျောင်းသားငယ်လေးတွေပေါ့။ အဲ့ဒါကြောင့် သူတို့လေးတွေ အတန်းထဲမှာ စကားမပြောပဲ နေတတ်လာအောင် နှစ်စကတည်းက Point တွေနဲ့ ဆုပေးတဲ့စနစ်ကို အကျင့်လုပ်ထားလို့ရပါတယ်။

နှစ်စမှာ ကျောင်းသားတိုင်းကို တူညီတဲ့ Point တွေ ပေးထားမယ်။ပြီးရင် အတန်းထဲမှာ သူတို့ရဲ့ ပြုမူနေထိုင်ပုံကိုလိုက်ပြီး Point တွေကို အတိုးအလျှော့လုပ်သွားမယ်။ ဒီတော့မှ နှစ်ကုန်သွားတဲ့အချိန် Point အများဆုံးကျန်တဲ့ ကျောင်းသားကို ဆုသေးသေးလေး တစ်ခုခုလောက်ပေးတာပဲဖြစ်ဖြစ် အခွင့်ထူးနည်းနည်းလောက်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

၎။ စကားများတဲ့ကျောင်းသားကို စာပိုပေးပါ။

တချို့ကျောင်းသားတွေကျတော့လည်း စာပြီးသွားပြီး လုပ်စရာမရှိလို့ ပျင်းလာလို့ စကားများကြတာပါ။ အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ ကိုယ်တခြားကလေးတွေကို သင်နေတုန်း သူတို့လေးတွေကို စာထပ်ပေးပြီး ကြိုဖတ်ထားခိုင်းတာမျိုး ဒါမှမဟုတ် တခြားတစ်ခုခု လုပ်ထားခိုင်းထားတာမျိုး လုပ်နိုင်ပါတယ်။  ဒီနည်းနဲ့ သူတို့လည်း လုပ်စရာရှိတာလုပ် ကိုယ်လည်း စာကို အနှောင့်အယှက်မရှိ သင်လို့ရပါတယ်။

၅။ စကားများတဲ့ကလေးကို အတန်းခေါင်းဆောင်ခန့်လိုက်ပါ။

တချို့ကျောင်းသားတွေက ကိုယ်ဘယ်လောက်ပဲ အာပေါက်အောင်ပြောနေပါစေ စကားများတဲ့အကျင့်က ပျောက်မသွားပဲ အမြဲတမ်းလိုလို အတန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလို လွန်လွန်ကဲကဲအခြေအနေမျိုးတွေဆိုရင်တော့ အဲ့ဒီကလေးတွေကို အတန်းထဲမှာ စကားများတာမျိုးမရှိအောင် စောင့်ကြည့်ရတဲ့ အတန်းခေါင်းဆောင်ခန့်လိုက်တာ ကောင်းပါတယ်။

ဘာလို့လဲဆိုတော့ အတန်းခေါင်းဆောင်ဆိုရင် အတန်းသားတွေသူ့ကိုလေးစားမှ သူပြောတာလိုက်နာမှာဆိုတော့ အနည်းဆုံးတော့ သူတို့လေးတွေ တိတ်တိတ်နေရခြင်းရဲ့တန်ဖိုးကို ဒီနည်းနဲ့ သဘောပေါက်သွားမှာပါ။

၆။ မတတ်နိုင်တဲ့အဆုံးမှ မိဘခေါ်တွေ့ပါ။

အတန်းကို အနှောင့်အယှက်ဖြစ်စေပြီး ချော့တစ်လှည့်ခြောက်တစ်ခါ ဘယ်နည်းနဲ့မှ ကိုယ်ပြောလို့ စကားပြောမရပ်တဲ့ကလေး နားမထောင်တဲ့ကလေး ရှိခဲ့မယ်ဆိုရင် မိဘခေါ်တွေ့ဖို့ သင့်နေပါပြီ။ အဲ့လိုတွေ့တော့မှ ကလေး စကားအရမ်းများရတဲ့အကြောင်းအရင်းကို တွေ့ရှိနိုင်မှာဖြစ်ပြီး ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ သိရှိနိုင်မှာပဲဖြစ်ပါတယ်။   

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: The Teachers Digest

Tips Read 2724 times