လေကြောင်းလုပ်ငန်းကို စိတ်ဝင်စားပြီး လေယာဉ်မှူးတစ်ယောက်ဖြစ်ချင်သည့် အိပ်မက်ကို အကောင်အထည်ဖော်လိုသူများအတွက် ရည်ရွယ်၍ Cadet Pilot Program ကို Myanmar Airways International (MAI) နှင့် အင်ဒိုနီးရှားအခြေစိုက် Perkasa Flight School တို့ ပူးပေါင်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်တွင် သင်တန်းသားများအား အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် စနစ်တကျ လေ့ကျင့်ပေးရန်ဖြစ်ပြီး သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတများ၊ လက်တွေ့ ပျံသန်းမှုများနှင့် ပျံသန်းမှုသရုပ်ပြလေ့ကျင့်စက်ဖြင့် လေ့ကျင့်မှုများကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။
ပရိုဂရမ်ကာလအတွင်း စွမ်းဆောင်ရည်ကောင်းမွန်သော သင်တန်းသားများအား MAI ၏ သတ်မှတ်ထားသော အလုပ်ခန့်အပ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လေယာဉ်မှူးအဖြစ် ခန့်အပ်ရာတွင် ဦးစားပေးစဉ်းစားသွားမည်လည်း ဖြစ်သည်။
အဆိုပါပရိုဂရမ်အား အထက်တန်းအောင်မြင်ပြီးသူများနှင့် အသက် (၁၇) နှစ် ပြည့်ပြီးသူများ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ (TOEIC) ရမှတ် အနည်းဆုံး (၅၀၀) ရှိထားရမည်ဟု သိရသည်။
ဝင်ခွင့်ရရှိရန်အတွက် လေယာဉ်မောင်းနှင်မှုပင်ကိုယ်ပါရမီစစ်ဆေးမှု (Flight Simulator Aptitude Test)၊ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှု (Psychological Assessment) နှင့် သင်္ချာ (Math) နှင့် ရူပဗေဒ (Physics) ရေးဖြေစာမေးပွဲတို့ကို ဖြေဆိုရပါမည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာဖောင်အား ဒေါင်းလုဒ်ဆွဲ ဖြည့်စွက်ပြီး [email protected] သို့ အီးမေးလ် ပေးပို့ရပါမည်။ ထို့နောက် လျှောက်လွှာဖောင် (Hardcopy) ကို ပြည်လမ်း၊ IBC မှာရှိသည့် MAI ရုံးချုပ်တွင် မေလ (၈) ရက် နောက်ဆုံးထား သွားရောက်တင်ပြရမည်ဖြစ်သည်။
လျှောက်လွှာနှင့်တကွ အနည်းဆုံး ကန်ဒေါ်လာ ၃ ထောင် (သို့မဟုတ်) ညီမျှသောငွေ ရှိကြောင်း Bank Statement၊ ပတ်စ်ပို့၊ ပတ်စပို့အရွယ်ဓာတ်ပုံ၊ အနီရောင်နောက်ခံဓာတ်ပုံနှင့် ဝတ်စုံအပြည့် (Formal attire) ဖြင့် တစ်ကိုယ်လုံးပါ ဓာတ်ပုံတို့ကို တင်သွင်းပြသရပါမည်။

=======================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။