Sales Hotline : 09448001653       Download App



သစ်တောပညာမှာ ဘာတွေ လေ့လာရမှာလဲ

ကမ္ဘာမှာ သစ်တောပညာရပ်ကို ပြင်သစ်နိုင်ငံမှာ စတင်သင်ကြားခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၂၃ ခုနှစ်က ရန်ကုန်တက္ကသိုလ် မှာ စတင်သင်ကြားခဲ့ပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ရဲ့ အောက်မှာ Forestry School ရယ်လို့ရှိခဲ့ပါတယ်။ ဒါက တက္ကသိုလ်အဆင့် သစ်တောပညာ သင်ပေးခြင်းကိုပြောတာပါ။ အခြေခံအဆင့် သစ်တောပညာ သင်ကြားပေးရန်အတွက် မြန်မာနိုင်ငံ သစ်တောကျောင်းကို သာယာဝတီခရိုင်မှာ ၁၈၉၈ မှာ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။ အဲဒီကျောင်းက အကြောင်းအမျိုးမျိုးကြောင့် သာယာဝတီ၊ အင်းစိန်၊ ပျဉ်းမနား၊ မေမြို့ (ယခုပြင်ဦးလွင်) စသဖြင့် နေရာအမျိုးမျိုးပြောင်းဖွင့်ခဲ့ပါတယ်။

ဒီကျောင်းကို အိမ်နီးနားချင်း နိုင်ငံများက သစ်တောကျောင်းသားတွေ လာတက်ခဲ့တဲ့ မှတ်တမ်းများလည်း ဖတ်ရှုသိရှိရပါတယ်။ (ဥပမာ-Dr.Sureebhumibanon, Faculty of Forestry, Kasetsart Univer-sity, Bangkok, Thailand) ရေးတဲ့ Thai Foresters in Myanmar Forest School ဆောင်းပါးကို ဖတ်ရှု ကြည့်ရင် သိနိုင်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ၁၉၂၃ ခုနှစ် School of Forestry ဖွင့်လှစ်ခဲ့ စဉ်က သင်တန်းသား ၆-၁၀ ဦးအထိ လက်ခံခဲ့ပြီး ဥပစာသိပ္ပံအောင်မြင်သူများ တက်ရောက်ကြပါတယ်။ သင်တန်း ကာလ နှစ်နှစ်လို့သိရပြီး ၁၉၂၆ ခုနှစ် မှာ သင်တန်းကာလ သုံးနှစ်၊ ၁၉၆၄ ခုနှစ်မှာ သင်တန်းသား ၅၀ ထိ တိုးချဲ့ခေါ်ခဲ့ပြီး သင်တန်းကာလ ခြောက်နှစ်ဖြစ်ခဲ့ပါတယ်။ သစ်တောပညာဌာနကို ၁၉၈၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ စိုက်ပျိုးရေးတက္ကသိုလ် - ရေဆင်း - ပျဉ်းမနား လက်အောက်သို့ ရွှေ့ခဲ့ပြီး ၁၉၉၂ မှာ Institute of Forestry  (သစ်တော တက္ကသိုလ်) အဖြစ် သီးခြား ရပ်တည်ခဲ့ပါတယ်။ ၁၉၉၄ အထိ ကျောင်းသားသီးသန့်ခေါ်ယူ သင်ကြားပေးခဲ့သော်လည်း ၁၉၉၅ ခုနှစ်မှာ ကျောင်းသူများ ရာခိုင်နှုန်း အချိုးတစ်ခုဖြင့် စတင်ခေါ်ယူသင်ကြားပေးခဲ့ရာ ယနေ့အထိ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ University of Forestry and Environmental Science ရယ်လို့ ဖွဲ့စည်းခဲ့ပြီး သစ်တောပညာရပ်သာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာသာရပ်ကိုပါ တွဲဖက်သင်ကြားဖို့ ဖြစ်လာပါတယ်။

တည်နေရာ

လက်ရှိသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အကြောင်း ဆက်လက်တင်ပြရလျှင် တက္ကသိုလ်ဟာ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ရေဆင်းရွာအနီး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောသုတေသန ဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့နှင့်အတူ ရှိပါတယ်။

ရည်မှန်းချက်နှင့်တာဝန်

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၏ ရည်မှန်းချက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပညာရေး၊ သုတေသနနှင့်ဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည့် အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန်ဖြစ်ပြီး အဓိက လုပ်ငန်းတာဝန်များမှာ အရည်အချင်းပြည့်မီသော ဘွဲ့ရများ မွေးထုတ်ပေးရန်အတွက် ဘွဲ့ ကြို/ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း၊ သုတေသနလုပ်ငန်းများမှတစ်ဆင့် သစ်တောပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ ပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းတို့ ဖြစ်ပါတယ်။

တက္ကသိုလ်၏ ဖွဲ့စည်းပုံ

ဖွဲ့စည်းပုံအသစ်တွင် သစ်တောပညာမဟာဌာန (Faculty of Forestry) နှင့် ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာနဟူ၍ မဟာဌာနကြီး နှစ်ခုပါဝင်ပြီး သစ်တောပညာ မဟာဌာနအောက်တွင် ရေရှည်တည်တံ့စေမည့် သစ်တောနှင့် သစ်တောဂေဟ ဗေဒပညာဌာန (Department of Sustainable Forestry and Forest Ecology)၊ ရေ၊ မြေနှင့် ရာသီဥတုဆိုင်ရာ ပညာဌာန (Department of Soil, Water and Climate) နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် ဝန်းကျင် သားငှက်ထိန်းသိမ်းမှုပညာဌာန (Department of Biodiversity and Wildlife Conservation) ဟူ၍ ဌာနကြီး (၃) ခု ပါဝင်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာနအောက်တွင် ပတ်ဝန်းကျင်ဆိုင်ရာစီးပွားရေး၊ မူဝါဒနှင့် စီမံအုပ်ချုပ်မှုပညာဌာန (Department of Environmental Economics, Policy and Management)၊ သဘာဝသယံဇာတစီမံ အုပ်ချုပ်မှုပညာဌာန (Department of Natural Resource Management) နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုပညာဌာန (Department of Pollution Control and Waste Management ) ဟူ၍ ဌာနကြီး (၃) ခုရှိပါသည်။ ထို့အပြင် မြန်မာစာဌာန၊ အင်္ဂလိပ် စာဌာန၊ သင်္ချာဌာန၊ ဓာတုဗေဒဌာန၊ ရူပဗေဒဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန၊ ဘူမိဗေဒဌာနနှင့် စာရင်းအင်း ပညာဌာနဟူ၍ အထောက်အကူပြုဌာန (၉) ခုပါဝင်ပါတယ်။

ဘွဲ့ကြိုအဆင့် သင်ကြားရေးလုပ်ငန်းများ

ဘွဲ့ ကြိုတန်းဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ လျှောက်ထားသူဟာ-

  1.  ဝင်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသား ဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
  2.  တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ် စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာ တွဲဖြင့် အောင်မြင်သူဖြစ်ရမည်။
  3.  တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၃၆၀)နှင့် အထက်ရရှိရမည်။
  4. တောတွင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး (က) အဆင့် ရှိကာ၊ မျက်စိအရောင်ခွဲခြားခြင်း အောင်မြင်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသူဖြစ်ရမည်။
  5.  မိုင် (၂၀) လမ်းလျှောက်စွမ်းရည် စစ်ဆေးမှုအောင်မြင်ရမည်။

ဘွဲ့ကြိုသင်တန်းနှစ်ကာလမှာ ပထမနှစ်မှ ပဥ္စမနှစ်အထိ (၅) နှစ် ဖြစ်ပြီး၊ အပ်နှင်းသည့်ဘွဲ့မှာ သိပ္ပံ(သစ်တောပညာ)ဘွဲ့ {B.Sc. (Forestry)} ဖြစ်ပါသည်။ လက်ရှိနှစ်စဉ်ခေါ်ယူ သူဦးရေမှာ ၁၀ဝ ဦး (ကျောင်းသား ၈၀% နှင့် ကျောင်းသူ ၂၀%) ဖြစ်ပါသည်။

သင်ကြားမှု အစီအစဉ်အနေဖြင့် ပညာသင်နှစ် တစ်နှစ်လျှင် နှစ်ဝက် (၂) ခုခွဲ၍ သင်ကြားလျက်ရှိကာ ပထမပညာသင်နှစ်ဝက်မှာ နိုဝင်ဘာလလယ်မှ မတ်လအကုန် အထိဖြစ်ပြီး ဒုတိယပညာသင်နှစ်ဝက်မှာ မေလလယ်မှ စက်တင်ဘာလကုန်အထိ ဖြစ်ပါတယ်။ တက္ကသိုလ်တွင် အခြေခံဘာသာရပ် (၇) ခု၊ သစ်တောနှင့်ဆက်စပ်ဘာသာရပ် (၉) ခု၊ သစ်တောပညာဘာသာရပ် (၂၅) ခုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဘာသာရပ် (၄) ခုတို့ကို သင်ကြားပို့ချလျက်ရှိသည့်အပြင် နောက်ဆုံးနှစ်တွင် စာတမ်းငယ် တင်သွင်းခြင်းတို့ ပါဝင်ပါတယ်။

သင်ကြားမှုတွင် ပထမနှစ် ကျောင်းသား ကျောင်းသူများအား စာတွေ့အပြင် ဓာတ်ခွဲခန်းတွင် လက်တွေ့လုပ်ကိုင်စေခြင်း၊ ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ကျောင်းသား ကျောင်းသူများအား ရက်တိုလေ့လာရေးခရီးများ သွားရောက်စေခြင်း၊ တတိယနှစ်မှ ပဉ္စမနှစ် (နောက်ဆုံးနှစ်) အထိ ကျောင်းသား ကျောင်းသူများအား တောတွင်း လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ စေလွှတ်၍ စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လေ့လာတွေ့ရှိချက်များအား အစီရင်ခံစာ ရေးသားတင်သွင်းစေခြင်း၊ ပဉ္စမနှစ် ကျောင်းသား ကျောင်းသူများအား တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း သုတေသနငယ်များ ပြုလုပ်၍ စာတမ်းငယ်များ ရေးသားစေခြင်း၊ တစ်ဦးချင်းစာတမ်းငယ် (Term Paper) ရေးသားစေခြင်း စသည်တို့ကို ရန်ပုံငွေရရှိမှု၊ ကြီးကြပ်ကွပ်ကဲ နိုင်မည့် ဆရာ/ ဆရာမအင်အားရှိမှု၊ တက္ကသိုလ်မှ အထောက်အပံ့ပေးနိုင်သည့် လုပ်ငန်းသုံး ကိရိယာပစ္စည်းများရှိမှု စသည်တို့အပေါ်မူတည်၍ တက္ကသိုလ်ပညာရေးတွင် လက်တွေ့ လေ့လာ သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ခြင်း

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများကို အဖွဲ့အစည်း(၅)ခုမှ ပညာသင်ထောက်ပံ့ ကြေးများ ပေးအပ်ချီးမြှင့်ပေးလျက်ရှိပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ သိပ္ပံ (သစ်တောပညာ) ဘွဲ့ကိုရရှိပြီးနောက် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း နှင့် သစ်တောနှင့်ပ တ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း စသည့်ဌာနများတွင် အစိုးရဝန်ထမ်းအနေဖြင့် တောအုပ်ကြီး/ ဒု-ဦးစီးမှူး/ သစ်အုပ်ကြီး/ သရုပ်ပြ စသည့် ရာထူးအဆင့်များမှစ၍ တာဝန်ထမ်းဆောင်ခွင့် ရရှိနိုင်မည်ဖြစ်ပါတယ်။
ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် သစ်တောစိုက်ခင်းများ၊ သစ်အခြေခံစက်ရုံ၊ အလုပ်ရုံများနှင့် အခြားသစ်တောနှင့် ဆက်စပ်ပတ်သက်နေသော ပုဂ္ဂလိက လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် အခွင့်အလမ်းများ ရရှိစေနိုင်ပါ တယ်။

ထို့အပြင် ဒေသတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း ဝင်ရောက်လုပ်ကိုင်နိုင်သော အခွင့်အလမ်းကောင်းများကို ရရှိစေနိုင်ပါတယ်။ ယခုဆို ဤပညာရပ် သင်ကြားဘွဲ့ရသူများအား ကုလသမဂ္ဂအဖွဲ့အစည်း၊ အခြားနိုင်ငံရှိတက္ကသိုလ် များတွင် ပါမောက္ခရာထူးစသည်ဖြင့် မြင့်မားသောတာဝန်များကို ထမ်းဆောင်နေပါတယ်။

ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်များ
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းသည် ဆရာ ဆရာမများ၏ သင်ကြားရေးနှင့် သုတေသနကိစ္စများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ သင်ကြားမှု၊ သင်ယူမှု အတွေ့အကြုံကောင်းများ ရရှိစေရန် နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ပြည်တွင်း ပြည်ပ သင်တန်းများ စေလွှတ်ခြင်း၊ ဌာနတွင်း သင်တန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ ညီလာခံများ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ စေလွှတ် တက်ရောက်စေခြင်း၊ ဆွေးနွေးပွဲ/နှီးနှောဖလှယ်ပွဲများ ပြုလုပ်ခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

တက္ကသိုလ်၏ အဆောက်အဦများ

သင်ကြားရေးအတွက် ဘွဲ့ကြိုသင်တန်းများကို စာသင်ခန်း ခြောက်ခန်း၊ လက်တွေ့ခန်း လေးခန်းနှင့် ကွန်ပျူတာခန်း တစ်ခန်းတို့ဖြင့်လည်းကောင်း၊ ဘွဲ့လွန်သင်တန်းများကို စာသင်ခန်းတစ်ခန်းနှင့် စာဖတ်ဆွေးနွေးခန်း တစ်ခန်းဖြင့် လည်းကောင်း သင်ကြားပို့ချပေးလျက်ရှိပါသည်။ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ သင်ကြားရေးဆိုင်ရာများ ကျင်းပပြုလုပ်ရန်အတွက် သီရေတာခန်းမကြီး နှစ်ခန်းကို လည်းကောင်း၊ Tutorial  နှင့် စာမေးပွဲဖြေဆိုခြင်းတို့အတွက် စာမေးပွဲခန်းမကြီးတစ်ခုကို လည်းကောင်း၊ ဘွဲ့နှင်းသဘင် ကျင်းပခြင်းနှင့် ကျောင်းအခမ်းအနားများ ကျင်းပခြင်းတို့ အတွက် ဘွဲ့နှင်းသဘင်ခန်းမကြီးတစ်ခုကို လည်းကောင်း၊ ကျောင်းသား ကျောင်းသူ နားနေခန်းတစ်ခန်းကို လည်းကောင်း၊ ကျောင်းသားသမဂ္ဂများအတွက် တစ်ခန်းကို လည်းကောင်း အသုံးပြုလျက်ရှိပါတယ်။
ကျောင်းသား ကျောင်းသူများနေထိုင်ရန် အမျိုးသားဆောင် သုံးဆောင်၊ အမျိုးသမီးဆောင် တစ်ဆောင်နှင့် မဟာ သိပ္ပံကျောင်းသား ကျောင်းသူများအတွက် တစ်ဆောင်ကို အသုံးပြုလျက်ရှိပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း နှင့် ဂျပန်တောရိုင်းတိရ္ဆာန်နှင့် အပင်များ သုတေသနဗဟို ဌာန ( Japan Wildlife Research Center-JWRC )တို့အကြား ပူးပေါင်း၍ “မြန်မာနိုင်ငံအတွင်း ဇီဝဗေဒဆိုင်ရာ နမူနာပုံစံများ စုဆောင်းရာ၌ အသုံးပြုနိုင်သည့် ကိရိယာများ ထုတ်လုပ်ရေးစီမံကိန်း” ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ JWRC မှ သုတေသီများနှင့် ဤတက္ကသိုလ်မှ စီမံကိန်း ပေါင်းစပ်ညှိနှိုင်းသူများ၊ သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာနမှ ဆရာ ဆရာမများတို့ ဇီဝဗေဒဆိုင်ရာ နမူနာပုံစံများ စုဆောင်းရာ၌ အသုံးပြုနိုင်သည့် ကိရိယာစာရင်းများ တည်းဖြတ်ပြုစုခြင်းနှင့် နမူနာထုတ်လုပ်ခြင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စများ ဆွေးနွေးခြင်းနှင့် နမူနာ ပစ္စည်းများ အပ်နှံခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါမှာ ပစ္စည်းအမျိုးကွဲ ၁၂ မျိုး ထုတ်လုပ်မှုစတင်ခဲ့ပြီ ဖြစ်လို့ မကြာမီဖြန့်ဖြူးရောင်းချရေး စီစဉ်နေပါတယ်။

သစ်တောဦးစီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းနှင့် ဖင်လန်နိုင်ငံ Natural Resources Institute Finland တို့ ပူးပေါင်း၍ “ မြန်မာနိုင်ငံ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်း” ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများသို့ ဤတက္ကသိုလ်မှ သက်ဆိုင်ရာ ဆရာ ဆရာမများ စေလွှတ်တက်ရောက်စေ လျက်ရှိပါသည်။
ဂျာမနီနိုင်ငံ Ernst-Moritz-Arndt-University of Greifswald  နှင့် ပူးပေါင်းလျက် သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်ရှိ သင်ကြားရေးဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြှင့်တင်ပေးနိုင်ရန်နှင့် တက္ကသိုလ်ချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရန် ပို့ချဆွေးနွေးခြင်း အစီအစဉ်များ ကို ဆောင်ရွက်လျက်ရှိပါတယ်။

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်နှင့် ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေပါတယ်။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းမှ အောက်ဖော်ပြပါလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားပါမယ်-

  • သင်ရိုးနှင့်သင်ကြားမှုအရည်အသွေး တိုးတက် ကောင်းမွန်စေရန် ဆက်လက်ဆောင်ရွက်ခြင်း၊
  • ခေတ်မီသင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း၍ သင်ကြားမှုကို ပိုမိုထိရောက်အောင် ဆောင်ရွက်ခြင်း၊
  • သုတေသနလုပ်ငန်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊
  • ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ခြင်း၊
  • ပတ်ဝန်းကျင်ဆိုင်ရာ ဘွဲ့ကြိုတန်းဖွင့်လှစ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ခြင်း၊
  • စာပေသင်ကြားရေးအပြင် စာတွေ့နှင့် လက်တွေ့ ဆက်စပ်ပေးခြင်း၊
  • သင်ရိုးပြင်ပလှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊
  • သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းသည် သင်ကြားရေးစနစ်များ ပြုပြင်ပြောင်းလဲခြင်း၊
  • သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • နိုင်ငံတကာ အဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်လာစေရန်အတွက် ရုပ်ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းနှင့်
  • ဆရာ ဆရာမများ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊ သင်ရိုးညွှန်းတမ်းများဆန်းစစ်ခြင်း၊ ကျောင်းသား ဗဟိုပြုလေ့လာမှုများ ပိုမိုအားကောင်းလာစေခြင်း၊
  • ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း

စသည်တို့ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးတို့ကို ဦးတည်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသည့် ဘွဲ့ရများနှင့် ဘွဲ့လွန်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနဲ့ လွန်ခဲ့တဲ့ အနှစ် (၄၀) လောက်က မန်း-ရန်ကုန် အမြန်ရထားပေါ်မှာ “သစ်တော ပညာတဲ့ ဘာတွေသင်မှာပါလိမ့်လို့” တွေးမိခဲ့တဲ့ ကျွန်တော်တစ်ယောက် ပင့်ကူမျှင်မှာ ငြိတွယ်နေသော အကောင်လေးတစ်ကောင်ပမာ ဤဘာသာရပ်နယ်ပယ်မှ ရုန်းမထွက်နိုင်အောင် ဖြစ်နေပါတယ်။ လူမှုစီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးတွေအတွက် ခေတ်အဆက်ဆက် အရေးပါ အသုံးပြုနေတဲ့ ဒီသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ကို ၁၀ တန်းအောင်ပြီးခါစ စိတ်ဝင်စားကြတဲ့ သားငယ်၊ သမီးငယ် တို့ လာမယ်ဆိုကြိုနေပါတယ်။

ပိုမိုသိရှိလိုပါက >>> Click Here 

ဒေါက်တာစန်းဝင်း

(သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်)

Tips Read 1512 times