မြန်မာအပါအဝင် အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် ဆူဒန်တို့မှ ကျောင်းသားများကို ယခုလမှစ၍ ကျောင်းသားဗီဇာထုတ်ပေးခြင်းအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ယူကေပြည်ထဲရေးအတွင်းဝန် ရှာဘာနာမာမွတ်မှ ပြောကြားခဲ့သည်။
ဗီဇာအလွဲသုံးစားပြုမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခြင်းကြောင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးရုံးမှ ပြောကြားခဲ့သည်။ အဆိုပါ (၄) နိုင်ငံမှ ကျောင်းသားများသည် ယူကေကို ပညာသင်ကြားရန် လာပြီးနောက်တွင် ခိုလှုံခွင့်တောင်းခံမှု များပြားလာခြင်းကြောင့် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်။
"အစိုးရသည် ဗီဇာအလွဲသုံးစားပြုခြင်းကို တားဆီးပိတ်ပင်ခြင်းအားဖြင့် အမှန်တကယ် လိုအပ်နေသူများကို ကူညီပေးခြင်းအတွက် ယူကေ၏ ဂုဏ်ယူရသော အစဉ်အလာကို ထိန်းသိမ်းထားနိုင်မည်" ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ယူကေသို့ ကျောင်းတက်ခြင်းအပါအဝင် တရားဝင်ခရီးသွားလာသူများထံမှ ခိုလှုံခွင့်တောင်းခံမှုများသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း (၃) ဆကျော် မြင့်တက်လာပြီး ကျောင်းသားဗီဇာမှတဆင့် ခိုလှုံခွင့်တောင်းခံသူများသည် စုစုပေါင်း၏ (၁၃%) ရှိကြောင်း သူမက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တည်းက ယူကေသို့ ပညာသင်ဗီဇာဖြင့် ရောက်ရှိလာသော မြန်မာမှကျောင်းသားများ၏ ခိုလှုံခွင့်တောင်းခံမှုသည် ယခင်ကထက် (၆) ဆအထိ တိုးလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယူကေလူဝင်မှုကြီးကြပ်ရေးဌာနမှ မတ်လ (၅) ရက်နေ့တွင် ဗီဇာထုတ်ပေးခြင်းကို ရပ်တန့်ရန် ဥပဒေအသစ်ကို တရားဝင် မိတ်ဆက်မည်ဖြစ်ပြီး ပိုမိုတင်းကျပ်သော ခိုလှုံခွင့်လုပ်ငန်းစဉ်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်မတို့၏ ရက်ရောမှုကို အမြတ်ထုတ်ရန် ကြိုးပမ်းနေသည့် ထိုနိုင်ငံသားများအတွက် ဗီဇာ ရပ်ဆိုင်းသည့် မကြုံစဖူး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရသည်" ဟု သူမက ပြောသည်။
စည်းမျဉ်းဥပဒေအသစ်အရ ယူကေတွင် ခိုလှုံခွင့်တောင်းခံထားသူများသည် ကာလရှည်ကြာစွာ နေထိုင်ခွင့်မရှိဘဲ (၂) နှစ်ခွဲသာ နေထိုင်ခွင့်ရမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံ စစ်ဆေးပြီးမှ ဆက်လက် နေထိုင်ခွင့် ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ယခုလို လုပ်ဆောင်ခြင်းဖြင့် မသမာသောနည်းလမ်းများဖြင့် ခိုလှုံခွင့်တောင်းသော လုပ်ရပ်များကို ပိုမိုတင်းကျပ်စွာ ဖော်ထုတ်နိုင်မည်ဟု အစိုးရက ယုံကြည်သည်။
Source - BBC