Sales Hotline : 09448001653       Download App



ပုဂ္ဂလိကအဆင့်မြင့်ပညာ အဖွဲ့အစည်းများအသင်း၏ ထုတ်ပြန်ကြေညာချက်

၁။ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် PHEIA ၏ ပထမအကြိမ် အထွေထွေနှစ်ပတ်လည်အစည်းအဝေးကို ကျင်းပခဲ့ပြီး AGM ထောက်ခံချက်ဖြင့် PHEIA အသင်း၏ Quality Assurance Committee ကို ဖွဲ့စည်းခဲ့ပါသည်။ Quality Assurance ကော်မတီမှ လိုအပ်သော အစည်းအဝေးများကို (၂) ပတ် တစ်ကြိမ် ကျင်းပကာ လုပ်ငန်းအစီအစဉ်များကို ရေးဆွဲလျက်ရှိပါသည်။ 

၂။ အစိုးရပညာရေးနယ်ပယ်၏ အကြီးအကဲများထံမှ Myanmar Management Institute ၏ စည်းရုံးရေးဆင်းနေသော ကြော်ငြာများနှင့်အတူ ပေးပို့လာသောစာများကို PHEIA မှ လက်ခံရရှိခဲ့ပါသည်။ ထိုကိစ္စရပ်များပေါ်တွင် Quality Assurance Committee မှ သုံးသပ်ကြည့်ရာ Myanmar Management Institute အနေဖြင့် ၎င်းတို့၏ Facebook ပေါ်တွင် တင်ထားသော ပို့စ်များသည် အဆင့်မြင့်ပညာရေးကဏ္ဍ၌ ကျင့်သုံးသင့်သော သတ်မှတ်မူဘောင်များနှင့် သွေဖီနေသည်ဟု တွေ့ရှိရပါသည်။ 

၃။ ထို့ကြောင့် Myanmar Management Institute အား ထိုကိစ္စများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိရှိလိုသောကြောင့် Quality Assurance Committee မှ Myanmar Management Institute အား ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ သို့သော် Myanmar Management Institute ၏ တာဝန်ရှိသူများမှာ ကျန်းမာရေးကိစ္စရပ်များကြောင့် အစည်းအဝေး တက်ရောက်နိုင်မည်မဟုတ်ကြောင်း Quality Assurance Committee သို့ အကြောင်းကြားခဲ့ပါသည်။ ထို့ပြင် Myanmar Management Institute သည် PHEIA ၏ အသင်းဝင်အဖြစ်မှ နှုတ်ထွက်သည့်စာအား Quality Assurance Committee သို့ ပေးပို့ခဲ့ပါသည်။ 

၄။ PHEIA အသင်းအနေဖြင့် Myanmar Management Institute အား Professional Master Award in Business Administration သင်တန်းအကြောင်း ကြော်ငြာရာတွင် ၎င်းလက်မှတ်သည် MBA မဟာဘွဲ့ ဖြစ်သည်ဟု အများပြည်သူအကြား ထင်မှတ်မှားစေသောကြောင့် သုံးစွဲရန်မသင့်တော်ကြောင်း၊ လက်ရှိသင်တန်း၏ သဘောသဘာဝနှင့် ကိုက်ညီစေရန် နိုင်ငံတကာတက္ကသိုလ်များ အသုံးပြုလေ့ရှိသော လက်ရှိ Post-graduate Diploma in Business Administration (OTHM Level 7 Endorsed) ဟူသော သင်တန်းလက်မှတ်ခေါင်းစဉ်ကို ပြောင်းလဲသုံးစွဲသင့်ကြောင်း၊  သင်တန်းအမည်ကို ရေးသားသုံးစွဲရာတွင်လည်း မဟာဘွဲ့ မဟုတ်သည့်အတွက် မဟာဘွဲ့ မဟုတ်ကြောင်းကို ကြော်ငြာအားလုံးနှင့် သင်တန်းစာရွက်စာတမ်းများတွင် ထင်ရှားစွာ ဖော်ပြထားသင့်ကြောင်း Myanmar Management Institute အား ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အကြံပြုစာပေးပို့ခဲ့ပါသည်။ Myanmar Management Institute ၏ သဘောဆန္ဒအလျောက် အသင်းမှ နှုတ်ထွက်မည်ဆိုသည့်အကြောင်းအား Quality Assurance Committee မှ EC အား အကြောင်းကြားတင်ပြခဲ့ပါသည်။ ထို့ကြောင့် Myanmar Management Institute သည် PHEIA တွင် အသင်းဝင်မဟုတ်တော့ကြောင်းနှင့် Myanmar Management Institute ၏ ကြော်ငြာများနှင့် လုပ်ငန်းဆောင်တာများသည် PHEIA နှင့် သက်ဆိုင်မှု မရှိတော့ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဆက်စပ်ဖတ်ရှုရန် >>>> လွတ်လပ်ခိုင်မာသော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်း၏ ကိုဗစ်ကာလပညာရေးရပ်တည်ချက်နှင့် ထုတ်ပြန်ကြေညာချက်

ပုဂ္ဂလိကအဆင့်မြင့်ပညာအဖွဲ့ အစည်းများအသင်း


By Myanmar Education Guide - EDGE

Latest Post News Read 3207 times