Sales Hotline : 09448001653       Download App



ပြင်သစ် ကလေးများ အသက် သုံးနှစ်မှစ၍ ကျောင်းစတက်ရတော့မည်

ပြင်သစ် ကလေးများ အသက် သုံးနှစ်မှစ၍ ကျောင်းစတက်ရတော့မည်

ပြင်သစ်နိုင်ငံမှာ သမ္မတအီမန်နျူရယ် မက်ခ်ရွန် ထုတ်ပြန်ကြေညာတဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များအရ ကလေးများ ပညာစတင်သင်ကြားရမယ့် အသက်အရွယ်ကို ယခင် ခြောက်နှစ်အစား သုံးနှစ်အဖြစ် သတ်မှတ်လိုက်ပါတယ်။

ယခု အပြောင်းအလဲရ ပြင်သစ်ဟာ မသင်မနေရ ပညာသင်ကြားရတဲ့ အသက်အရွယ်ကို အငယ်ဆုံးသတ်မှတ်တဲ့ ဥရောပ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာပါတယ်။

သို့သော် ယခု အစီအစဉ်က ပြင်သစ် ကလေးငယ်အရေအတွက် အနည်းအကျဉ်းကိုသာ သက်ရောက်မှုရှိမယ်လို့လည်း ဆိုပါတယ်။

ပြင်သစ်မိသားစု အများစုက ၎င်းတို့ရဲ့ ကလေးငယ်တွေကို အသက်သုံးနှစ်အရွယ်မှာ နေ့ကလေးထိန်းကျောင်းသို့ ပို့ဆောင်ပြီး ကစားရင်းနဲ့ပင် ပညာစတင်သင်ကြားစေလေ့ရှိကြောင်း သိရပါတယ်။

အစိုးရဲ့ အချက်အလက်တွေအရ ပြင်သစ်မှာ အသက်သုံးနှစ်အရွယ် ကလေးတွေအနက် ကျောင်းအပ်နှံခြင်းမရှိသူ ၂.၄ ရာခိုင်နှုန်းသာ ရှိပါတယ်။

ပြင်သစ်သမ္မတကတော့ ယခုအပြောင်းအလဲဟာ ပညာရေးမညီမျှမှုကို လျှော့ချရန်ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဆင်းရဲတဲ့ဒေသတွေမှ မိဘတွေက ကလေးတွေကို နေ့ကလေးထိန်းကျောင်းပို့မှု နည်းပါးကြတယ်လို့လည်း သမ္မတမက်ခ်ရွန်က ပြောပါတယ်။

READ - ၇ တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်တဲ့ အနုပညာ အထက်တန်းကျောင်း

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အသက်သုံးနှစ်အရွယ် ကလေးငယ် ၉၃ ရာခိုင်နှုန်းကို ကျောင်းသို့ပို့လေ့ရှိပေမဲ့ အခြားဒေသတွေမှာတော့ ထိုရာခိုင်နှုန်းအောက် အလွန်လျော့နည်းတဲ့ အခြေအနေ ဖြစ်တယ်လို့ Le Monde သတင်းစာက ပြောပါတယ်။

“ဒီကိစ္စကို လာမယ့် ၂၀၁၉ ကျောင်းအပ်ရာသီမှာ စတင်သွားဖို့ မျှော်လင့်ပါတယ်၊ ပညာရေးမှာ မညီမျှမှုတွေ ဖြစ်နေတာကို ကျွန်တော်တို့ ပြင်ဆင်နိုင်မှာပါ” လို့ သမ္မတမက်ခ်ရွန်က မတ်လ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ယခုအပြောင်းအလဲကိုလည်း မက်ခ်ရွန်က ပြင်သစ်ပညာရေးစနစ်ကို အုတ်မြစ်ချမှုအဖြစ် ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ ကလေးငယ် ပုံမှန်ပညာသင်ကြားမှု မည်သည့်အသက်မှာ စတင်သင့်ကြောင်းကို အချေအတင် ဆွေးနွေးငြင်းခုန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ နောက်ကျမှ ကျောင်းတက်တဲ့ကလေးတွေဟာ စာသင်ကြားရာမှာ စိတ်မပါခြင်း သို့မဟုတ် စာသင်ခန်းမှာ အဆော့လွန်ခြင်းတို့ ဖြစ်နိုင်ခြေနည်းကြောင်း သိရပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး ဥရောပမှာ အအောင်မြင်ဆုံး နိုင်ငံတွေဖြစ်ကြတဲ့ ဖင်လန်၊ ပိုလန်နဲ့ အက်စ်တိုးနီးယားတို့မှာ ကလေးများ ပုံမှန်ပညာရေးအတွက် ကျောင်းစတက်ရမယ့် အသက်အရွယ်ကို ခုနစ်နှစ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

သို့သော် အဆိုပါနိုင်ငံများမှ ကလေးတွေဟာ အသက်ခုနစ်နှစ် မပြည်မီကတည်းက နေ့ကလေးထိန်းကျောင်းတွေမှာ တက်ရောက်နေကြပြီး ဆော့ကစားရင်းနဲ့သော်လည်းကောင်း၊ ကစားနည်းဖြင့်သော်လည်းကောင်း ပညာသင်ယူနေကြပါတယ်။ ထိုနိုင်ငံများရှိ စာသင်ခန်းများဟာလည်း သေးငယ်ပြီး ဆရာ၊ ဆရာမနဲ့ ကျောင်းသူကျောင်းသား အရေအတွက် အချိုးညီမျှတတယ်လို့ ဆိုပါတယ်။

ဥရောပမှာ ပညာစတင်သင်ကြားရတဲ့ အသက်အရွယ် သတ်မှတ်ထားမှုများ

သုံးနှစ် – ဟန်ဂေရီ

လေးနှစ် – မြောက်အိုင်ယာလန်၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်

ငါးနှစ် – ဆိုက်ပရပ်စ်၊ မော်လ်တာ၊ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်၊ ဂရိ၊ နယ်သာလန်၊ လတ်ဗီးယား

ခြောက်နှစ် – သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ခရိုအေးရှား၊ ချက်ရီပတ်ဘလစ်၊ ဒိန်းမိတ်၊ ဂျာမနီ၊ အိုက်စလန်း၊ အိုင်ယာလန်၊ အီတလီ၊ လီချက်စတိန်း၊ နော်ဝေး၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေနီးယား၊ စပိန်၊ တူရကီ

ခုနစ်နှစ် – ဘူလ်ဂေရီးယား၊ အက်စ်တိုနီးယား၊ ဖင်လန်၊ လစ်သူယေးနီးယား၊ ပိုလန်၊ ဆာဘီးယား၊ ဆွီဒင်

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: duwun

News Read 1752 times