ရုရှားတွင် နိုင်ငံတကာအသိအမှတ်ပြု IB သင်ရိုးစနစ် ပိတ်ခံရ

ရုရှားအစိုးရသည် နိုင်ငံပေါင်း (၁၆၀) ကျော်တွင် လက်ခံသင်ကြားနေသော ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် IB သင်ရိုးစနစ်အား နိုင်ငံအတွင်း သင်ကြားခြင်းကို ထိရောက်စွာ တားမြစ်ရန် ဩဂုတ်လ (၂၅) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

IB အဖွဲ့အစည်းသည် (၁၉၆၈) ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အသက် (၃) နှစ်မှ (၁၉) နှစ်ကြား ကျောင်းသားများအတွက် ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုတို့ကို အသားပေးသည့် ပညာရေးပရိုဂရမ်များ ပေးဆောင်လျက်ရှိသည်။

IB သည် ယူကရိန်းအား ရုရှား၏ ကျူးကျော်မှုကို ရှုတ်ချခဲ့ပြီး စစ်ပွဲကြောင့် ထိခိုက်ခဲ့ရသော ကျောင်းသားများနှင့် ပညာရှင်များကို ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့ဖြစ်ပါ၍ ရုရှားအစိုးရရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် IB ၏ ရည်ရွယ်ချက်မှာ ရုရှားလူငယ်များကို အနောက်တိုင်းအတွေးအခေါ်များဖြင့် ပုံသွင်းရန်ဖြစ်ပြီး ရုရှားဆန့်ကျင်ရေးဝါဒဖြန့်သည်ဟု စွပ်စွဲထားသည်။

၎င်း၏ သင်ကြားမှုသည် သမိုင်းဖြစ်စဉ်များကို ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လူသိများသောဖြစ်ရပ်မှန်များကို ပုံဖျက်ခြင်း၊ ရုရှားဆန့်ကျင်ရေးဝါဒဖြန့်ခြင်းနှင့် လူမျိုးစုကွဲလွဲမှုများကို လှုံ့ဆော်ပေးခြင်းတို့ကြောင့် IB ကို ရုရှားပိုင်နက်တွင် မလိုလားကြောင်း ဖော်ပြထားသည်။

ရုရှားနိုင်ငံတွင် တက္ကသိုလ်အကြိုပရိုဂရမ်ဖြစ်သည့် IB ဒီပလိုမာသင်တန်းအပါအဝင် အခြား IB ပရိုဂရမ်များကို သင်ကြားလျက်ရှိသည့် ကျောင်း (၂၉) ကျောင်း ရှိသည်။ 

ရုရှားဥပဒေအရ ပိတ်ပင်တားမြစ်ထားသော အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်မှုရှိပါက အဖွဲ့ဝင်များသည် (၄) နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး ခေါင်းဆောင်များသည် ထောင်ဒဏ် (၆) နှစ်အထိ ကျခံရနိုင်သည်။

အဆိုပါအရွေ့သည် နိုင်ငံတွင်းရှိ အခြားနိုင်ငံတကာကျောင်းများကြားတွင် သတိထားစရာဖြစ်လာပြီး ၂၀၂၅ ခုနှစ် အစောပိုင်းက Yale တက္ကသိုလ်ကိုလည်း အလားတူ ပိတ်ပင်မှု လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။ 

ရုရှား၏ စွပ်စွဲချက်အပေါ် IB သည် ၎င်း၏ ဝက်ဘ်ဆိုက်မှတဆင့် ဩဂုတ်လ (၂၆) ရက်နေ့တွင် ယခုလို တုံ့ပြန်ပြောဆိုခဲ့သည်။

"ကျွန်ုပ်တို့က ပညာရေးအဖွဲ့အစည်းဖြစ်ပြီး ဘယ်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှ မသက်ဆိုင်ပါဘူး။ IB သင်ရိုးစနစ်က ဒေသဆိုင်ရာ ယဉ်ကျေးမှုတွေ၊ သမိုင်းတွေနဲ့ ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း လိုအပ်ချက်တွေအပေါ်လိုက်ပြီး ရေးဆွဲပြင်ဆင်ထားတာပါ။

ဒီဆုံးဖြတ်ချက်က ကျောင်းတွေနဲ့ ကျောင်းသားတွေရဲ့ ပညာရေးကို အနှောက်အယှက် ဖြစ်စေနိုင်တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ကျောင်းသားတိုင်းက ခိုင်မာတိကျတဲ့ အနာဂတ်ကို ပုံဖော်ပေးတဲ့ ပညာရေးကို ရထိုက်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ထားပါတယ်" ဟု ပြန်လည်ပြောကြားခဲ့သည်။

Source - IB Website, Tes magazine , TVP World

International News Latest Post Read 29 times