Sales Hotline : 09448001653   Find A Tutor     Download App



NESP(2020-2030)ရေးရန် ကုန်သည်စက်မှုအသင်းအပါအဝင် အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေး

ပညာရေးဝန်ကြီးဌာနမှ ရေးဆွဲပြုစုဆောင်ရွက်လျက်ရှိသည့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan – NESP 2021-2030) နှင့်စပ်လျဉ်း၍ ယနေ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မူကြို၊ သူငယ်တန်းပညာရေးနှင့် အခြေခံပညာရေးအခွင့်အလမ်း၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာသင်ရိုးညွှန်းတမ်းကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ စသည့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပညာရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များမှ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး အသင်းချုပ်ဥက္ကဋ္ဌအပါအဝင် အစည်းအဝေး တက်ရောက်လာသည့်ပုဂ္ဂိုလ်များမှ ပြန်လည်ဆွေးနွေး အကြံပြုခဲ့ကြသည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပြုစုရေးနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင်လည်း ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားကျောင်းသူများနှင့် ဒုတိယနေ့အဖြစ် ညှိနှိုင်းဆွေးနွေးခဲ့ရာ ယနေ့တွင်လည်း ပုဂ္ဂလိကကဏ္ဍရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်သည်စက်မှုအသင်းများနှင့် ညီနောင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Source: ကုန်သည်စက်မှုအသင်းချုပ်

By Myanmar Education Guide (EDGE) 

Latest Post News Read 736 times