Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်ဖြစ်ရေး ဆောင်ရွက်

Naypyitaw State Academy ကို သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး Centre for Research and Innovation(CRI) ဖွင့်လှစ်နိုင်ရေးကို အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က ဧပြီ (၂၁) ရက်နေ့က Naypyitaw State Academy သို့ သွားရောက်ပြီး အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုရင်း ထိုသို့ ပြောကြားခဲ့သည်။

Naypyitaw State Academy သည် နိုင်ငံ့ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေ့ပြေး Pilot Project များကို အမြဲတမ်းပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် Centre for Research and Innovation (CRI) ကို စတင် ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Naypyitaw State Academy တွင် Centre for Research and Innovation(CRI) တည်ထောင်နိုင်ရေးအတွက် အမှန်တကယ်လိုအပ်သည့် စက်ပစ္စည်းများကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားခဲ့သည်။

Naypyitaw State Academy တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များ၊ နိုင်ငံတကာအဆင့်မီ သုတေသနစက်ပစ္စည်းများ သင့်တင့်စွာ ဖြည့်ဆည်းထားသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်အတွက် အကျိုးရှိပြီး ထိရောက်သော သုတေသနများ ထွက်ပေါ်လာစေရန် ရက် (၁၀၀) အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးခဲ့သည်။

Digital Education နှင့် ပတ်သက်၍လည်း သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System-LMS) ကို စနစ်တကျ အသုံးပြုခြင်း၊ AI Tools များကို အသုံးပြု၍ Lecture များ ပိုမို ကောင်းမွန်အောင် ပြင်ဆင်ခြင်းတို့ကို Naypyitaw State Academy က စတင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Naypyitaw State Academy တွင် Digital Education ၏ အခြေခံအဆောက်အအုံများဖြစ်သည့် Smart TV၊ Digital Learning Centre၊ LMS စနစ်နှင့် မြန်နှုန်းမြင့်အင်တာနက်လိုင်းများကို တပ်ဆင်ပေးထားပြီးဖြစ်သဖြင့် သင်ကြားရေး၊ သုတေသနနှင့် တီထွင်မှုလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရသည်။

Source - ပြန်ကြးရေးဝန်ကြီးဌာန 

Local News Read 8 times