တောင်ကိုရီးယားသည် ဒုက္ခသည်များအတွက် အစိုးရပညာသင်ဆု သီးသန့် ဖွင့်လှစ်

တောင်ကိုရီးယားသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ပညာသင်နှစ်မှစပြီး GKS (Global Korea Scholarship) ပညာသင်ဆုအောက်တွင် ဒုက္ခသည်ကျောင်းသားများကို နှစ်စဉ် ရွေးချယ်ပြီး ပညာသင်စရိတ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနသည် ဒုက္ခသည်များအတွက် သီးသန့် ပညာသင်ဆုရွေးချယ်ရေး လုပ်ငန်းစဉ်သစ်တစ်ရပ်ကို ချမှတ်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် တရားရေးဝန်ကြီးဌာနတို့နှင့် သဘောတူညီမှုစာချွန်လွှာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

သဘောတူညီချက်အရ ပညာရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီမှ အကြံပြုမည့် ကျောင်းသား (၅) ဦးကို GKS ပညာသင်ဆုအောက်တွင် နှစ်စဉ် ထည့်သွင်း ခေါ်ယူသွားမည့် လမ်းကြောင်းအသစ်ကို ဖော်ဆောင်ရန်ဖြစ်သည်။ 

လျှောက်လွှာများကို ကျောင်းသားများ ဝင်ခွင့်လျှောက်ထားသည့် တက္ကသိုလ်များနှင့် ကိုရီးယားရှိ နိုင်ငံတကာပညာရေးအဖွဲ့အစည်းမှ စီစစ်သွားမည်ဖြစ်ပြီး ဒုက္ခသည်အခြေအနေနှင့် နိုင်ငံအတွင်း ဝင်ရောက်နေထိုင်ရေးကို တရားရေးဝန်ကြီးဌာနက တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုသည် ဘွဲ့လွန်ကျောင်းသားများကို ရည်ရွယ်ထားပြီး လာမည့် စက်တင်ဘာလ စာသင်နှစ်တွင် ပထမဆုံး ခေါ်ယူမည်ဖြစ်သည့်အတွက် ဖေဖော်ဝါရီလမှ တရားဝင်အကြောင်းကြားစာ ထုတ်ပြန်မည်ဟု ပညာရေးဝန်ကြီးဌာနက ပြောသည်။

ပညာသင်ဆုတွင် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းလခ၊ ကိုရီးယားဘာသာစကားသင်တန်း၊ လေယာဉ်ခနှင့် ထောက်ပံ့ကြေးများ ရရှိမည်ဖြစ်သည်။

တောင်ကိုရီးယားသည် ၁၉၆၇ ခုနှစ်ကတည်းက အစိုးရမှ ထောက်ပံ့ပေးထားသည့် GKS ပညာသင်ဆုအစီအစဉ်ကို နိုင်ငံတကာကျောင်းသားများအတွက် အကောင်အထည်ဖော်ခဲ့ရာ ၂၀၂၆ မှစ၍ ဒုက္ခသည်ကျောင်းသားများကိုပါ ထည့်သွင်း ခေါ်ယူသွားမည်ဖြစ်သည်။

Source - The Korea Herald

International News Latest Post Read 25 times