အမေရိကန်တက္ကသိုလ်တစ်ခုတွင် G-Dragon ကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားမည်

အမေရိကန်တက္ကသိုလ်တစ်ခုတွင် K-pop Icon G-Dragon ၏ ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာလွှမ်းမိုးမှုနှင့် ပတ်သက်ပြီး လေ့လာသည့် ဘာသာရပ်တစ်ခုကို ပြဌာန်းလိုက်ကြောင်း The Korea Times သတင်းဌာနတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ The University of Southern California (USC) က လာမည့် ၂၀၂၆ ခုနှစ် နွေရာသီ ပညာသင်နှစ်မှ စ၍ G-Dragon ကို ဗဟိုပြုထားသည့် ဘာသာရပ်အသစ်ကို စတင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ (၄) ရက်နေ့တွင် တက္ကသိုလ်၏ လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင် ကြေညာခဲ့သည်။

အမေရိကန်အဆင့်မြင့်ပညာရေးတွင် နာမည်ကျော် အနုပညာရှင်များကို လေ့လာသည့် ဘာသာရပ်များသည် ခေတ်စားလာခဲ့ပြီး Harvard University က ပြီးခဲ့သည့်နှစ်တွင် Taylor Swift ကို ၎င်းတို့၏ ဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်ခဲ့သလို Yale University ကလည်း လာမည့်နှစ်တွင် Beyonce ကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားရန် စီစဉ်နေသည်။

USC တက္ကသိုလ်အောက်ရှိ ဆက်သွယ်ရေးနှင့် ဂျာနယ်လစ်ဇင်ကျောင်းတွင် အဆိုပါဘာသာရပ်ကို သင်ကြားရမည်ဖြစ်ပြီး စာသင်ကာလအပိုင်းအခြားတစ်ခုတွင် (၄) ခရက်ဒစ် ရရှိမည်ဖြစ်ကြောင်း သိရသည်။  

USC တက္ကသိုလ်သည် G-Dragon ကို K-pop အား ပြောင်းလဲပုံဖော်သူ "Multi-Artist" တစ်ဦးအဖြစ် တင်စားခဲ့ပြီး G-Dragon သည် အမေရိကန် အဆင့်မြင့်ပညာရေးတွင် ထည့်သွင်းသင်ကြားခြင်းခံရသည့် ပထမဆုံး K-pop အနုပညာရှင်တစ်ဦး ဖြစ်လာသည်။ 

အဆိုပါဘာသာရပ်ကို "A Crooked Study of K-pop: The Case of G-Dragon" ဟု အမည်ပေးထားပြီး ကိုရီးယားမီဒီယာလေ့လာရေး ပါမောက္ခ Lee Hye Gin က သင်ရိုးရေးဆွဲ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

G-Dragon ကို အဓိက ဗဟိုပြုပြီး K-pop အပေါ် တစ်ကမ္ဘာလုံးအမြင်နှင့် ထင်မြင်ယူဆချက် မှားယွင်းမှုများကို ဆွေးနွေး ရှင်းပြပြီး K-pop သည် စီးပွားရေး ဖျော်ဖြေမှုတစ်ခုထက် ပိုပြီး လေးနက်သော ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်တစ်ခုဖြစ်ကြောင်း သိရှိစေရန် ရည်ရွယ်သည်။

International News Latest Post Read 17 times