ရခိုင်ပြည်နယ်၊ ငပလီမြို့က၊ လင်းသာရွာလေးမှာ အင်္ဂလိပ်စာသင်တန်းကျောင်း တည်ထောင်ထားသည့် ဗြိတိန်သူ Susan Ozturk ဟာ ၂၀၂၅ ခုနှစ်အတွက် ချားလ်စ်ဘုရင် ချီးမြှင့်သည့် MBE (Member of the Order of the British Empire) ဆုကို ရရှိခဲ့ကြောင်း သိရသည်။
MBE ဆုသည် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် ထူးခြားပြောင်မြောက်စွာ အကျိုးပြုလုပ်ဆောင်သူများကို ဗြိတိန်တော်ဝင်မိသားစုမှ အသိအမှတ်ပြု ချီးမြှင့်သည့် ဆုတစ်ခုဖြစ်သည်။
Susan သည် မြန်မာနိုင်ငံက ကလေးများ၏ ပညာရေးနှင့် ကျန်းမာရေးအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်အတွက် ယခုလို MBE ဆုကို Buckingham နန်းတော်တွင် ဖိတ်ကြား ချီးမြှင့်ခံခဲ့ရသည်။
သူမသည် ခင်ပွန်းနှင့်အတူ ၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အနောက်ဘက်ကမ်းက တံငါရွာရှိ နွမ်းပါးလှသည့် ကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးလိုသည့် စိတ်ကူးရခဲ့သည်။
သုံးနှစ် ကြာပြီးနောက် သူမနှင့် သူမ၏ခင်ပွန်းသည် မြန်မာနိုင်ငံသို့ အပြီးတိုင် ပြောင်းရွှေ့လာပြီး ၂၀၀၁ ခုနှစ်တွင် "Vera Thomson English School" အမည်ရ အင်္ဂလိပ်စာသင်တန်းကျောင်းကို လင်းသာရွာတွင် စတင် ဖွင့်လှစ်ခဲ့သည်။

အလှူရှင်များ၏ အကူအညီဖြင့် ရိုးရှင်းသော အခန်းတစ်ခန်းမှ စာသင်ခန်းပေါင်းများစွာ၊ စာကြည့်တိုက်တစ်ခု၊ အိုင်တီပစ္စည်းအစုံနှင့် ကျယ်ဝန်းသည့် ကျောင်းကြီးတစ်ခုအဖြစ် ရုပ်လုံးကြွလာခဲ့သည်။
VTES တွင် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ဂီတာ၊ ပီယာနို၊ တယော စသည့် ပညာရပ်များကို အခမဲ့ သင်ကြားပေးပြီး ဆယ်စုနှစ် နှစ်ခုအတွင်း ကျောင်းသား (၄,၅၀၀) ကျော်၏ ဘ၀ကို တိုးတက် ပြောင်းလဲစေခဲ့သည်။
VTES ကျောင်းဟာ အခမဲ့ ပညာသင်ပေးရုံတင်မက (မိဘမရှိတော့တဲ့၊ ရှိပေမယ့်လဲ အရွယ်နဲ့မမျှ မိဘကိုပါ အလုပ်ကျွေးပြုနေရတဲ့) နွမ်းပါးလှသည့် ကလေးလေးတွေကို ပညာရေး၊ ကျန်းမာရေး အစစအရာရာ တာဝန်ယူ ထောက်ပံ့ပေးခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေကြောင့် VTES သည် ၂၀၂၄ ခုနှစ်၊ ဇွန်လတည်းက ယာယီပိတ်ထားရပြီး ပြန်လည် ဖွင့်လှစ်မည့်ရက်အား VTES ကျောင်း လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
***Photos Credit to Original Uploader***
Source - GOV.UK , VTES