Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ထောက်ပံ့မှုကို ဥရောပသမဂ္ဂမှကူညီ

ဥရောပသမဂ္ဂ(EU)သည် မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုကို ဆက်လက်ထောက်ပံ့သည့်အနေဖြင့် ယနေ့တွင် ယူရိုငွေ (၃၇.၆၂၅) မီလီယံ [ကျပ်ငွေ ၅၉.၆၉၃ ဘီလီယံ] ကိုပေးအပ်ခဲ့ပါတယ်။

ကိုဗစ် - ၁၉ ကြောင့် ပေါ်ပေါက်လာသော အထူးလိုအပ်ချက်များကို ဖြေရှင်းဖြည့်ဆည်းရာတွင် အစိုးရကို အကူအညီပေးရန်နှင့် ကလေးသူငယ်များအားလုံး ဘေးကင်းလုံခြုံစွာ ကျောင်းပြန်တက်နိုင်စေရန်အတွက် ဤရန်ပုံငွေကို ယခင်က စီစဉ်သတ်မှတ်ထားသည့်အချိန်မတိုင်မီ ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်း ပညာရေး အရည်အသွေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ ပိုမိုတိုးတက်လာစေရန်အတွက်လည်း ဆက်လက်၍ ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အရည်အသွေး ပြည့်မီသော ပညာရေးကို အားလုံးလက်လှမ်းမီသင်ယူနိုင်စေရန်အတွက် ဥရောပသမဂ္ဂက ထောက်ပံ့သော စုစုပေါင်း ယူရိုငွေ (၂၂၁) မီလီယံ [ကျပ်ငွေ ၃၈၂ ဘီလီယံ] အနက် ဤပေးချေမှုသည် တတိယအရစ်ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ဥရောပသမဂ္ဂဟာ ကျွန်တော်တို့ ယုံကြည်ရတဲ့ မိတ်ဖက်အဖွဲ့အစည်းပါ။ ကိုဗစ် - ၁၉ ကာလအလွန်မှာ ကလေးအယောက်စီတိုင်း ပညာရေးကို လက်လှမ်းမီစေရေးအတွက် ဥရောပသမဂ္ဂရဲ့အကူအညီနဲ့ ကျွန်တော်တို့ဆောင်ရွက်သွားမှာပါ။ တစ်ချိန်တည်း မှာပဲ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုကိုလည်း ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပြီး သင်ရိုးညွှန်းတမ်း အသစ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

“ကျောင်းတွေ ပြန်ဖွင့်ဖို့ကိစ္စကို တစ်ကမ္ဘာလုံးမှာ ဆွေးနွေးငြင်းခုံနေကြတာပါ။ အစိုးရဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေအားလုံးအတွက် ‘ကိုဗစ် - ၁၉ အလွန်’ မှာ ကျောင်းတွေကို ဘေးကင်းလုံခြုံစေဖို့ ကြိုးပမ်း အားထုတ်နေသလို တစ်ဖက်မှာလည်း ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုကို ဆက်ပြီး ဆောင်ရွက်နေတဲ့ အတွက် အားတက်မိပါတယ်”ဟု EU သံအမတ်ကြီး Kristian Schmidt က ပြောကြားခဲ့ပါတယ်။

“ဒီအကျပ်အတည်းကာလအတွင်းမှာ ကလေးတွေကို ချန်လှပ်မထားခဲ့မိဖို့ အာရုံစိုက်ရပါမယ်။ ရေရှည် တည်တံ့အောင် နာလန်ထူနိုင်ဖို့၊ အနာဂတ်မှာ ကမ္ဘာ့ကပ်ရောဂါလိုမျိုး ခြိမ်းခြောက်မှုတွေကို ကြိုတင် ကာကွယ်ပြီး ပိုကောင်းကောင်းမွန်မွန် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် ဒီကလေးတွေ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေကို ဆက်ပြီးလက်လှမ်းမီသင်ယူနိုင်နေဖို့က အဓိကပါပဲ” ဟုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနသည် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများ ထပ်မံစီစဉ်ခြင်း၊ ကျောင်းများတွင် အချိန်ခွဲသင်ကြားခြင်းကို မိတ်ဆက်ပေးခြင်း၊ ကျောင်းတွင် အဟာရတိုက်ကျွေးခြင်းနှင့် ကျောင်းအကြိုအပို့ကားများအတွက် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းတို့ဖြင့် ကြိုတင်ပြင်ဆင်ထားပါတယ်။

ဆရာ/ဆရာမများသည် မြန်မာနိုင်ငံပညာရေးဖွံ့ဖြိုးတိုးတက်မှုပလက်ဖောင်း     (Myanmar Education Development Platform - MDEP)မှ တစ်ဆင့် သင်ရိုးညွှန်းတမ်းအသစ်ကို သင်ယူကြမည်ဖြစ်ပါတယ်။

ဆရာ/ဆရာမများ၏ ဒစ်ဂျစ်တယ်သင်ကြားရေးအရင်းအမြစ်များ စီမံခန့်ခွဲမှုကို အထောက်အကူပြုရန် ကျောင်းများနှင့် ဆရာ/ဆရာမများအား tablets များ ဖြည့်ဆည်းထောက်ပံ့နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။

အထူးအရေးကြီးသည်မှာ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းတစ်ခုစီတိုင်း၏ အခြေအနေကို အကဲဖြတ်သုံးသပ်ပြီး ဒေသန္တရအခြေအနေများနှင့် ကိုက်ညီစေရန် မွမ်းမံပြောင်းလဲရမည် ဖြစ်ပါတယ်။

ကျောင်းများပြန်လည်ဖွင့်လှစ်ရေးအတွက် အစီအစဉ်များ၊ ရခိုင်ပြည်နယ်တွင် ပညာရေးလက်လှမ်းမီရရှိရေး နှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေးတို့အကြောင်းကို အစိုးရနှင့် ဥရောပသမဂ္ဂတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသော ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး မူဝါဒဆွေးနွေးပွဲအပြီးတွင် ဤထောက်ပံ့မှုကို ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Europa
 

Latest Post Tips Tips Read 1290 times