ဓမ္မတာခွင့်တောင်းသော ကျောင်းသူလေးအား ဘောင်းဘီချွတ်ခိုင်းသည့် တရုတ်တက္ကသိုလ် ဝေဖန်ခံနေရ

တရုတ်နိုင်ငံရှိ တက္ကသိုလ်တစ်ခုသည် ဓမ္မတာနာကျင်မှုကြောင့် ခွင့်ရက်တောင်းခံသည့် ကျောင်းသူတစ်ဦးအား သူမ၏ အခြေအနေကို သက်သေပြရန် ဘောင်းဘီကို ဆွဲချစစ်ဆေးခိုင်းသည့်အတွက် လူအများက ဒေါသထွက်ခဲ့ကြသည်။

မေလ (၁၅) ရက်နေ့တွင် ပေကျင်းနည်းပညာတက္ကသိုလ် Gengdan Institute မှ ကျောင်းသူတစ်ဦးသည် ဖျားနာခွင့်လျှောက်ထားရာတွင် ရာသီလာခြင်း ရှိ/မရှိ စစ်ဆေးရန် ကျောင်းတွင်းဆေးခန်းတွင် အဝတ်အစားချွတ်ခိုင်းကြောင်း ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ်တွင် တင်ခဲ့သည်။

Gengdan Institute သည် တရုတ်နိုင်ငံ၏ ထိပ်တန်းအစိုးရတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည့် ပေကျင်းနည်းပညာတက္ကသိုလ်နှင့် ချိတ်ဆက်ထားသော ပုဂ္ဂလိကဘွဲ့ကြိုကောလိပ်တစ်ခုဖြစ်သည်။

ပျံ့နှံ့နေသည့် ဗီဒီယိုတွင် အမည်မဖော်လိုသည့် ကျောင်းသူက “ဒါဆို မင်းပြောနေတာက ရာသီလာနေတဲ့ အမျိုးသမီးတိုင်းက ခွင့်လက်မှတ်ယူဖို့ ဘောင်းဘီချွတ်ပြီး သက်သေပြရမှာလား” ဟု မေးထားသည်ကို အမျိုးသမီးဝန်ထမ်းတစ်ဦးက "အခြေခံအားဖြင့် ဟုတ်ပါတယ်။ အဲဒါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ စည်းမျဉ်းမဟုတ်ပါဘူး။ ကျောင်းရဲ့ စည်းမျဉ်းတစ်ခုပါပဲ။" ဟု ပြန်လည်ပြောဆိုခဲ့သည်။

ထို့နောက် ကျောင်းသားသည် စည်းကမ်းချက်ဆိုင်ရာ အထောက်အထားများကို ပြရန် တောင်းဆိုသော်လည်း ဝန်ထမ်းက နှုတ်ဆိတ်နေပြီး ဆေးရုံသွားကာ ဆေးစာရွက်မယူလျှင် ခွင့်လက်မှတ်ကို လုံး၀ မထုတ်ပေးနိုင်ကြောင်း ပြောခဲ့သည်။

မေလ (၁၆) ရက်နေ့တွင် ဝန်ထမ်းများသည် စံလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း တက္ကသိုလ်ဘက်မှ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ "ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုအရ ဆေးခန်းဝန်ထမ်းတွေက ကျောင်းစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းသားရဲ့ ခွင့်ပြုချက် ရရှိပြီးမှ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ မသုံးဘဲ ကျောင်းသားအခြေအနေကို စစ်ဆေးခဲ့တယ်" ဟု ပြောကြားခဲ့သည်။

သက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးမှ အဆိုပါစည်းမျဉ်းသည် ကျောင်းသားများ “ဖျားနာခွင့်ကို အလွဲသုံးစားလုပ်ခြင်းကို တားဆီးရန်” အဓိက ရည်ရွယ်ပြီး ကျင့်သုံးကြောင်း CNR News သို့ ပြောကြားခဲ့သည်။

"ငါသိသလောက်ပြောရရင်တော့ တချို့ကျောင်းသားတွေက ရာသီလာချိန်မှာ ဖျားနာခွင့်တောင်းဖို့ ထပ်ခါတလဲလဲ တောင်းဆိုတဲ့အတွက် ဒီစည်းမျဉ်းကို လုပ်ခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်က တစ်လမှာ လေး/ငါးခါလောက် ခွင့်တောင်းတာတောင် ပါပါတယ်။ ဒါကြောင့် ကျောင်းမှာ ဒီမူဝါဒကို လိုက်နာရတဲ့ အကြောင်းရင်းရှိပါတယ်" ဟု ၎င်းက ပြောပြခဲ့သည်။

ကျောင်းသူလေးဘက်ကလည်း "ကျောင်းသူတစ်ယောက်က ဓမ္မတာခွင့်ရဖို့ အမျိုးသမီးဆရာဝန်ဆီမှာ အစစ်ခံရမယ်လို့ ရေးထားတဲ့ ကျောင်းစည်းကမ်းချက် တကယ်ရှိတယ်ဆိုရင် ဗီဒီယို ပြန်ဖျက်ပေးမှာပါ။ ဒါပေမဲ့ အဲ့လို စည်းကမ်းတကယ်ရှိမနေရင် လုံး၀ နောက်ဆုတ်ပေးမှာ မဟုတ်ဘူး" ဟု တုံ့ပြန်ခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် တရုတ်လူမှုကွန်ရက်မီဒီယာပေါ်တွင် အင်တာနက်အသုံးပြုသူအများအပြားက တက္ကသိုလ်အား အဓိပ္ပါယ်မဲ့သောလုပ်ရပ်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေသောလုပ်ရပ်အဖြစ် ရှုတ်ချခဲ့ကြသည်။

Grandall Law Firm မှ အစိုးရရှေ့နေဟောင်းနှင့် လက်ရှိလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် Zhang Yongquan က အဆိုပါစည်းမျဉ်းသည် ကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာ အခွင့်အရေးများကို ပြောင်ကျကျ ချိုးဖောက်ပြီး ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၀၁၁ နှင့် အမျိုးသမီးအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဥပဒေ ပုဒ်မ ၂၀ တို့ကို ချိုးဖောက်ကြောင်း ပြောကြားခဲ့သည်။

ထိုကိစ္စရပ်အတွက် ကျောင်းသူလေးကို ကျောင်းဘက်က လူသိရှင်ကြားတောင်းပန်သင့်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးပေးသင့်ကြောင်းနှင့် ကျူးလွန်ခဲ့သည့် ဝန်ထမ်းများကို ကျောင်းဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ကာ တာဝန်ခံခိုင်းသင့်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

Source - South China Morning Post

International News Latest Post Read 111 times