အသက် (၃၉) နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး Ding Yuanzhao ၏ဇာတ်လမ်းသည် ပညာရေးအောင်မြင်ချက်များနှင့် ကမ္ဘာ့အလုပ်အကိုင်စျေးကွက်၏ လိုအပ်ချက်များကြား ကွာဟချက်ဖြစ်နေသောကြောင့် အင်တာနက်ပေါ်တွင် အကြီးအကျယ် ပွက်လောရိုက်စေခဲ့သည်။
Ding သည် တရုတ်အရှေ့တောင်ပိုင်း Fujian ပြည်နယ်ဇာတိဖြစ်ပြီး Gaokao ဟုခေါ်သော တရုတ်နိုင်ငံ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၀၄ ခုနှစ်တွင် ဖြေဆိုအောင်မြင်ခဲ့ကာ အမှတ် (၇၀၀) နီးပါးဖြင့် Tsinghua University တွင် ဝင်ခွင့်ရရှိခဲ့သည့် ထူးချွန်ကျောင်းသားဖြစ်သည်။
သူသည် ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရပြီးနောက် စွမ်းအင်အင်ဂျင်နီယာမဟာဘွဲ့ကို Peking University တွင် ဆက်လက်တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် စင်္ကာပူရှိ ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် Nanyang Technological University မှ ဇီဝဗေဒ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
ထို့အပြင် ဗြိတိန်ရှိ Oxford တက္ကသိုလ်မှ ဇီဝမျိုးကွဲဆိုင်ရာ မဟာဘွဲ့ကို ထပ်ပြီး ရရှိခဲ့ကာ National University of Singapore (NUS) တွင်လည်း ပါရဂူဘွဲ့လွန် သုတေသန လုပ်ငန်းကို ပြီးခဲ့သည့်နှစ် မတ်လတွင် လုပ်ဆောင်ခဲ့သေးသည်။
ပြီးနောက် သူသည် CV လျှောက်လွှာဖောင် မြောက်များစွာကို ပေးပို့ခဲ့ပြီး အင်တာဗျူး (၁၀) ခုကျော် ဖြေဆိုခဲ့ရသော်လည်း သင့်တော်သော အလုပ်တစ်ခုကိုတောင် မရရှိခဲ့ပေ။
ထို့ကြောင့် သူသည် စင်္ကာပူတွင် အစားအသောက် ပို့ဆောင်သည့် Delivery Rider အဖြစ် မှတ်ပုံတင်ကာ တစ်ရက်လျှင် (၁၀) နာရီ အလုပ်လုပ်ပြီး တစ်ပတ်လျှင် (US$550) ခန့် ဝင်ငွေရရှိခဲ့သည်။
"ဒါက တည်ငြိမ်တဲ့ အလုပ်ပါ။ မိသားစုကို ဒီဝင်ငွေနဲ့ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါဟာ မကောင်းတဲ့ အလုပ်မဟုတ်ပါဘူး" ဟု Ding က ဆိုရှယ်မီဒီယာတွင် မျှဝေခဲ့သည်။
“ကိုယ်တိုင် ဖောက်သည်ရှာရတာ ရှက်လွန်းလို့” ဟုဆိုကာ ကျောင်းသားငယ်များအတွက် သီးသန့်ကျူရှင်ဆရာ အလုပ်ကို မရွေးချယ်ခဲ့ကြောင်း Ding က ထုတ်ဖော်ပြောကြားခဲ့သည်။
နောက်ဆုံးတွင် Ding သည် တရုတ်နိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ယခုအခါ ဘေဂျင်းရှိ Meituan တွင် Delivery သမားအဖြစ် လုပ်ကိုင်လျက်ရှိသည်။
နှစ်စဉ် ဇွန်လအစောပိုင်းတွင် ကျင်းပသည့် တရုတ်နိုင်ငံ၏ Gaokao စာမေးပွဲအတွက် အောင်စာရင်း ထွက်တော့မည်ဖြစ်သောကြောင့် ကျောင်းသားများကို အားပေးသည့်အနေဖြင့် သူ၏ အဖြစ်နှင့် ယှဉ်ပြီး ဗီဒီယိုတစ်ခု တင်ပြီးနောက် အွန်လိုင်းပေါ်တွင် ယခုလို နာမည်ကြီးခဲ့ခြင်းဖြစ်သည်။
သူ၏ ဇာတ်လမ်းသည် ပြည်မကြီး ဆိုရှယ်မီဒီယာတွင် ပညာရေးနှင့် အလုပ်အကိုင်စျေးကွက်အပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင် ကမ္ဘာကျော်တက္ကသိုလ်များမှ ဘွဲ့များစွာ ာရရှိထားသည့်အတွက် ပညာရေးအမြင့်ဆုံး အစားအသောက်ပို့ဆောင်သူဟု အမည်တပ်ခံနေရသလို တစ်ဖက်တွင် "သူ့ဆုံးဖြတ်ချက်မှာ အမှားအယွင်း မရှိပေ။ အနည်းဆုံးတော့ သူ့ဘဝမှာ အရှုံးမပေးဘဲ နေခဲ့တယ်" ဟု အားပေးနေကြသူများလည်း ရှိသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်သည် ဖိအားများစွာအောက်တွင် ရောက်ရှိနေပြီး အထူးသဖြင့် အသက် (၁၆) နှစ်မှ (၂၄) နှစ်အတွင်း လူငယ်များအတွက် အလုပ်အကိုင်ရရှိရန် ခက်ခဲနေကြသည်။
မေလတွင် ရရှိထားသည့် National Bureau of Statistics အရ မြို့ပေါ်တွင်နေထိုင်ပြီး ကျောင်းသားမဟုတ်သည့် အသက် (၁၆) နှစ်မှ (၂၄) နှစ်ကြား လူငယ်များ၏ အလုပ်လက်မဲ့နှုန်းသည် (၁၄.၉%) ထိရှိသည်ဟု သိရသည်။
Source - South China Morning Post