ထိုင်းက တက်ကြွလှုပ်ရှားသူအဖွဲ့က ရွှေ့ပြောင်းနေထိုင်သူများ အခမဲ့ပညာသင်ကြားခွင့်အား ဆန့်ကျင်သည့် သဘောတူလက်မှတ်ပေါင်း (၈၆,၀၀၀) ရရှိထားသော အဆိုပြုလွှာအား ပညာရေးဝန်ကြီးဌာနသို့ မတ်လ (၁၇) ရက်နေ့က တင်ပြခဲ့သည်။
တက်ကြွလှုပ်ရှားသူ Tae Archiwa ဦးဆောင်သည့် Thai Intolerance Team သည် ၂၀၂၅ ခုနှစ်က ခွင့်ပြုခဲ့သည့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သော နိုင်ငံသားမဟုတ်သူများအား အခမဲ့ပညာသင်ကြားခွင့်ပြုသည့် မူဝါဒကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။
Tae Archiwa သည် အခမဲ့ပညာရေးဆိုတာ နိုင်ငံသားမဟုတ်သောသူများထက် ထိုင်းနိုင်ငံသားများအပေါ်သာ ဦးစားပေးသင့်ကြောင်းနှင့် ထိုင်းကျောင်းသားများအနက် ယခုထိ အခမဲ့ပညာရေးအား ခံစားခွင့် မရသေးသူများ ရှိသေးကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ထိုင်းပြည်သူများ၏ အခွန်ငွေ ဘတ်သန်း (၈၀၀) ကျော်ကို ထိုင်းနိုင်ငံသားမဟုတ်သည့် ကျောင်းသားများအပေါ် ထောက်ပံ့ခဲ့သည်ကိုလည်း မေးခွန်းထုတ်ခဲ့ပြီး အာဏာရှင်များအနေဖြင့် ထိုင်းကျောင်းသားများအတွက် စိတ်ကျေနပ်စရာကောင်းသော အခွင့်အရေးများ ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါမူဝါဒကို အလွဲသုံးစား လုပ်ပြီး မသမာသောနည်းလမ်းများဖြင့် နိုင်ငံအတွင်း နေထိုင်ခွင့်ရရန် လုပ်ဆောင်မှုများ ရေရှည်တွင် ပိုများလာမည်ကို စိုးရိမ်မိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့၏ အဆိုပြုလွှာကို လက်ခံရယူပြီး စဉ်းစားပေးမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
Tae Archiwa သည် ၎င်းတို့၏ တောင်းဆိုမှုနှင့်ပတ်သက်၍ တိုးတက်မှုမရှိပါက ဝန်ကြီးချုပ်ရုံးအထိ တိုင်ကြားမည့် အစီအစဉ်ရှိပြီး အစိုးရအား မူဝါဒကို အမြန်ရုတ်သိမ်းရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Source - Khaosod English