ဝန်ကြီးများနှင့် တက္ကသိုလ်ကျောင်းသားများ တွေ့ဆုံနိုင်ရန် မိုဒီမှ စီစဉ်

မိုဒီအစိုးရသည် အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်တစ်ခုတွင် ပြည်ထောင်စုဝန်ကြီးတစ်ဦး သွားရောက်ပြီး ကျောင်းသားများနှင့် ပွင့်လင်းမြင်သာမှုရှိရှိ တွေ့ဆုံနိုင်ရန် အစီအစဉ်အသစ်တစ်ခုကို အဆိုပြုဆွေးနွေးခဲ့ကြသည်။

"တစ်ရက်ကို တက္ကသိုလ်တစ်ခု" ဟု အမည်ပေးထားသည့် အဆိုပါ အဆိုပြု အမျိုးသားအဆင့် အစီအစဉ်သည် ဝန်ကြီးများကို Gen Z လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ရန် ရည်ရွယ် ထုတ်ဖော်ထားခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ဝန်ကြီးချုပ် နရင်ဒြာမိုဒီ ကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ဗဟိုဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ဩဂုတ် (၁၉) ရက်နေ့က အဆိုပြုဆွေးနွေးခဲ့ကြသည်။

စီစဉ်ထားသော အစည်းအဝေးများသည် တစ်ဖက်သတ် မိန့်ခွန်းပြောကြားခြင်းမျိုး မဟုတ်ဘဲ ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲပုံစံများ ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

ကျောင်းသားများသည် ၎င်းတို့အတွက် အရေးပါသော ကိစ္စရပ်များအပေါ် စိုးရိမ်ပူပန်မှုများကို တင်ပြခွင့်နှင့် ဝန်ကြီးများကို မေးခွန်းထုတ်ခွင့် ရရှိကြမည်ဖြစ်သည်။

ဝန်ကြီးများသည် နိုင်ငံနှင့်ဆိုင်သော ကိစ္စရပ်များအပေါ် ကျောင်းသားများ၏ သဘောထားအမြင်များကိုလည်း တောင်းခံမည်ဖြစ်ပြီး လူငယ်များနှင့် ကျောင်းသားများအတွက် ရည်ရွယ်ထားသော အစိုးရအစီအစဉ်များကို ရှင်းပြပေးမည်ဖြစ်သည်။

အဆိုပါအစီအစဉ်အတွက် ပညာရေးဝန်ကြီး Pralhad Joshi နှင့် ပြည်ထောင်စု လူငယ်ရေးရာနှင့် အားကစားဝန်ကြီး Mansukh Mandaviya တို့သည် အဓိက တာဝန်ယူ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်သည်။ 

၎င်းတို့၏ တာဝန်များတွင် တက္ကသိုလ်ကျောင်း စာရင်းများ ပြုစုခြင်းနှင့် တက္ကသိုလ်အလိုက် ဝန်ကြီးများ၏ တာဝန်ခွဲဝေမှုကို ညှိနှိုင်းပေးခြင်းတို့ ပါဝင်မည်ဟု မျှော်လင့်ထားသည်။ 

အိန္ဒိယနိုင်ငံ တက္ကသိုလ်ပညာရေးကော်မရှင်တွင် စာရင်းသွင်းထားသော တက္ကသိုလ်ပေါင်း (၁,၃၀၀) ရှိပြီး နောက်ဆုံးရစာရင်းများအရ ဗဟိုတက္ကသိုလ် (၅၇) ခု၊ ပြည်နယ်တက္ကသိုလ် (၅၂၂) ခု၊ တက္ကသိုလ်အဖြစ် သတ်မှတ်ခံရသည့် အဖွဲ့အစည်း (၁၆၁) ခုနှင့် ပုဂ္ဂလိကတက္ကသိုလ် (၅၆၀) ခု ပါဝင်သည်။

တက္ကသိုလ်များအနက် မည်သည့်တက္ကသိုလ်များတွင် အဆိုပါ အစီအစဉ် အကျုံးဝင်မည် သို့မဟုတ် ဝန်ကြီးများ မည်သည့်အစီအစဉ်အတိုင်း ဝင်ရောက်လည်ပတ်မည်ဆိုသည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘဲ ဆွေးနွေးနေဆဲဖြစ်သည်။

Source - Asia News Network

International News Latest Post Read 242 times