အိန္ဒိယနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်းဆရာများကို မြန်မာနိုင်ငံ၏ တက္ကသိုလ်များတွင် ရေရှည်ခန့်ထားရေးကိစ္စရပ်များအား ပညာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့က မေ (၁၉) ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မေ ၁၉ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် အိန္ဒိယသမ္မတနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်း ဆရာများကို မြန်မာနိုင်ငံ၏ သတ်မှတ်တက္ကသိုလ်များတွင် ရေရှည်ခန့်ထားတာဝန်ပေးအပ်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဆရာ ဆရာမ (၃၀) ကို အင်္ဂလိပ် စာကျွမ်းကျင်မှုကာလတိုသင်တန်းများ အိန္ဒိယတက္ကသိုလ်များ၌ တက်ရောက်နိုင်ရေးနှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများအတွက် ပညာတော်သင်ဆုများ ချီးမြှင့်ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများကလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။