အခြေခံပညာကျောင်းများတွင် ဘောလုံးကွင်းအသေးစားများ တည်ဆောက်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က 'FIFA Football for Schools' အစီအစဉ်ကတစ်ဆင့် ဘောလုံးပစ္စည်းများ ထောက်ပံ့ပေးသည့်အပြင်၊ ယခုအခါ အခြေခံပညာကျောင်းများအတွက် 'FIFA Arena' ဘောလုံးကွင်းများကိုပါ တည်ဆောက်ပေးနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

FIFA နှင့် ပညာရေးဝန်ကြီးဌာနတို့၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုအရ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းနှင့် နေပြည်တော်ရှိ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် အသေးစား ဘောလုံးကွင်းများကို တည်ဆောက်လျက်ရှိသည်။ 

အရှေ့ဒဂုံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းရှိ ဘောလုံးကွင်း တည်ဆောက်မှုမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကာ မကြာမီ အသုံးပြုနိုင်တော့မည်ဟု မျှော်လင့်ရကြောင်း သိရသည်။ 

ဤစီမံကိန်းသည် ၂၀၃၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အရည်အသွေးမြင့် အသေးစား ဘောလုံးကွင်းပေါင်း (၁) ထောင်ကျော် တည်ဆောက်ရန် FIFA ဥက္ကဋ္ဌ Gianni Infantino ချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အဓိက ရည်ရွယ်ချက်မှာ အခြေခံအဆောက်အအုံ လိုအပ်ချက်ရှိနေသည့် ကျောင်းများနှင့် လူမှုအသိုက်အဝန်းများရှိ ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသော ကစားကွင်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်ဖြစ်သည်။

FIFA က ကွင်းတစ်ကွင်းလျှင် နိုင်လွန်မြက်ခင်းတုနှင့် ဆက်စပ်ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ (၇၀,၀၀၀) ခန့် တိုက်ရိုက် ထောက်ပံ့ပေးသည်။

ကမ္ဘာ့အဆင့်မီ အရည်အသွေး ရရှိစေရန်အတွက် FIFA ၏ တရားဝင်မိတ်ဖက်ဖြစ်သော Hubei Citygreen Sports Industry Co Ltd က တည်ဆောက်ရေးကို တာဝန်ယူပြီး၊ ပညာရေးဝန်ကြီးဌာနက ကွင်းဖောင်ဒေးရှင်းအပိုင်းကို တာဝန်ယူဆောင်ရွက်သည်။

"ဒီအသေးစား ဘောလုံးကွင်းတွေဟာ နောင်တစ်ချိန်မှာ ထူးချွန်တဲ့ ကစားသမားတွေ ဖြစ်လာမယ့် မျိုးဆက်သစ်တွေအတွက်တင်မကဘဲ လူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါတဲ့ လေ့ကျင့်ရေးကွင်းတွေ ဖြစ်လာမှာ အသေအချာပါပဲ" ဟု MFF က ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးရှိ ကျောင်းသားများ စနစ်တကျ ဘောလုံးကစားနိုင်စေရန်အတွက် FIFA Arena ကွင်းများကို နိုင်ငံအနှံ့ ပိုမိုရရှိအောင် ဆက်လက် ကြိုးပမ်းသွားမည်ဟုလည်း MFF က ထပ်လောင်း ပြောကြားခဲ့သည်။

Local News Read 111 times