ဘန်ကောက်မြို့တော်၀န် Chadchart Sittipunt က ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) လက်အောက်က ကျောင်း (၄၃၇) ကျောင်းတွင် "ဖုန်းပိတ်၊ စာလုပ်" မည့် အစီအစဥ်ကို လာမည့် မေလ (၁၈) ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၎င်းအစီအစဉ်အရ စာသင်ချိန်အတွင်း မိုဘိုင်းလ်ဖုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်းများ အသုံးပြုမှုကို ပိတ်ပင်ပြီး ထိရောက်သော သင်ယူမှုပတ်ဝန်းကျင် ဖြစ်လာစေရန်နှင့် ဖုန်းအလွန်အကျွံ သုံးစွဲမှုမှဖြစ်လာမည့် ကျန်းမာရေးပြသနာများနှင့် အကျင့်ဆိုးများကို ကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။
ယနေ့ခေတ်ကလေးများသည် နေ့စဉ်ဘ၀တွင် ဒစ်ဂျစ်တယ်နည်းပညာက အဓိက အခန်းကဏ္ဍမှ ပါဝင်သည့် ပထမဆုံးမျိုးဆက်ဖြစ်သည်။ သို့ရာတွင် သင့်လျော်သော အသုံးပြုမှုဖြစ်စေရန် အခြားနိုင်ငံများ လုပ်ဆောင်သကဲ့သို့ "ဒစ်ဂျစ်တယ်စက်ပစ္စည်းအသုံးပြုမှုထိန်းချုပ်ရေးအစီအမံများ" ကို သတ်မှတ်ရန် လိုအပ်ကြောင်း BMA က မြင်သည်။
အဆိုပါ စက်ပစ္စည်းများကို ထိန်းချုပ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ လူငယ်များသည် သူငယ်ချင်းများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးခြင်း၊ သင်ယူမှုအပေါ် စိတ်ဝင်စားမှု နည်းပါးခြင်း၊ အွန်လိုင်းပေါ်တွင် အချိန်ကုန်ဆုံးခြင်းနှင့် လေ့ကျင့်ခန်းလျှော့ချခြင်းကြောင့် အဝလွန်မှုနှုန်း မြင့်မားခြင်းတို့ကို ကြုံတွေ့ရကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
BMA ကျောင်းများအားလုံးတွင် တစ်သမတ်တည်း အလေ့အကျင့်ရှိစေရန် မူဝါဒများကို ဘုံစံတစ်ခုအဖြစ် ကျင့်သုံးမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် ကိရိယာများ လိုအပ်သည့် ဘာသာရပ်များအတွက် ဆရာများက ခွင့်ပြုချက် ပေးမှ အသုံးပြုရမည်ဖြစ်သည်။
အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ပါက မိဘများသည် အရေးပေါ်လိုအပ်ချက်များအတွက် ပေးထားသော လိုင်း သို့မဟုတ် ဖုန်းနံပါတ်များမှတစ်ဆင့် ကျောင်းများကို ဆက်သွယ်နိုင်မည်ဖြစ်သည်။
အဆိုပါမူဝါဒကို လာမည့်ပညာသင်နှစ် မေလ (၁၈) ရက်မှ စတင်၍ အကောင်အထည်ဖော်မည်ဖြစ်ပြီး "ဖုန်းပိတ်၊ စာလုပ်" မည့် အစီအစဉ်အား အောက်ပါ အခြေခံမူသုံးခုပေါ်တွင် တည်ဆောက်ထားသည်။
၎င်းတို့မှာ ဒစ်ဂျစ်တယ်ပစ္စည်းများအား ဖျော်ဖြေရေးအတွက် မဟုတ်ဘဲ သင်ယူမှုအတွက်သာ အသုံးပြုရန်၊ နေ့လည်စာဆင်းချိန်တွင် ဒစ်ဂျယ်တယ်ကင်းမဲ့ဇုန်များ သတ်မှတ်ပြီး လူမှုဆက်ဆံရေးနှင့် ကျန်းမာရေးကို မြှင့်တင်ပေးရန်၊ ဆိုက်ဘာအနိုင်ကျင့်ခံရမှုနှင့် အန္တရာယ်ရှိသော အကြောင်းအရာများကို တားဆီးရန်ဖြစ်သည်။
Source - The Nation