ယူကေတွင် အထက်တန်းပြီးဆုံးသည့်အခါ ဖြေဆိုရသည့် GCSE A-Level နှင့် ညီမျှသော ပညာရေးလမ်းကြောင်းအသစ် V-Level အား ၂၀၂၇ ခုနှစ်တွင် စတင် သင်ကြားနိုင်မည်ဖြစ်ကြောင်း ယူကေအစိုးရမှ ကြေညာထားသည်။
လူငယ်များအား အလုပ်ရှင်များ အမှန်တကယ်လိုအပ်နေသော ကျွမ်းကျင်မှုများနှင့် လစာကောင်းသည့် အလုပ်အကိုင်များ ရရှိစေရန်အတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘာသာရပ်များပါဝင်သည့် V-Level အား မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၂၇ ခုနှစ်မှစပြီး A-Level နှင့် T-Level အပြင် V-Level ပါ ရွေးချယ်စရာ ဖြစ်လာပြီး ကျောင်းသားများသည် ဆန္ဒရှိပါက ပညာရပ်ဆိုင်ရာ ဘာသာရပ်များနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘာသာရပ်များကို ရောနှောသင်ကြားနိုင်မည်ဖြစ်သည်။
၂၀၂၇ တွင် စတင်မည့် V-Level တွင် ပထဆုံး ဘာသာရပ်များအနေဖြင့် ပညာရေး၊ ဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်တို့ကို ရွေးချယ်နိုင်မည်ဖြစ်ပြီး နောက် (၃) နှစ်အတွင်း စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေး၊ အလှအပ၊ အနုပညာ၊ ဒီဇိုင်း၊ ခရီးသွားလာရေးနှင့် ကျွေးမွေးဧည့်ခံရေးပိုင်းတို့ကိုပါ ထပ်တိုး ရွေးချယ်နိုင်မည်ဖြစ်သည်။
V-level သည် အသက် (၁၆) နှစ်နှင့်အထက်ရှိသော အထက်တန်းပြီးစ ကျောင်းသား၊ ကျောင်းသူများအတွက် ထပ်မံ ရွေးချယ်နိုင်သည့် ပညာရေးလမ်းကြောင်းအသစ်ဖြစ်ပြီး Level 3 BTECs ကဲ့သို့သော ပညာရေးအစား အစားထိုးစရာဖြစ်လာမည်ဟု ယူဆသည်။
လူငယ်များသည် လုပ်ငန်ခွင့်လိုအပ်ချက်နှင့် ကိုက်ညီသော အရည်အချင်းများ ရှိစေရန်နှင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရန် လူငယ်သုံးပုံနှစ်ပုံအား အသက် (၂၅) နှစ်မတိုင်မီ အလုပ်သင်၊ အဆင့်မြင့်လေ့ကျင့်ရေး (သို့မဟုတ်) တက္ကသိုလ်တက်ရောက်ပြီးစီးနိုင်ရန် ရည်ရွယ်ကြောင်း ယူကေပညာရေးဌာနက ပြောကြားခဲ့သည်။
Source - Gov.UK , BBC