ဖင်လန်အခြေစိုက် HEI Schools ၏ မူကြိုကျောင်းကို မြန်မာမှာ ပထမဆုံး ဖွင့်လှစ်

ဖင်လန်နိုင်ငံအခြေစိုက် ကမ္ဘာကျာ် ပညာရေးကုမ္ပဏီတစ်ခုဖြစ်သော HEI Schools သည် ၎င်းတို့၏ မူကြိုကျောင်းခွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

ဤကျောင်းဖွင့်လှစ်မှုသည် အဆိုပါကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ကျောင်းအမည်ကို HEI Schools Yangon ဟု သတ်မှတ်ထားကာ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းတွင် ဖွင့်လှစ်မည်ဟု သိရသည်။ 

HEI Schools Yangon တွင် အသက် (၁) နှစ်ခွဲမှ (၆) နှစ်အတွင်း ကလေးငယ်များအတွက် မူကြိုနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပျိုးထောင်​ရေးနှင့် ဖွံ့ဖြိုးရေးကို သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား (၁၀၀) ဦးအထိ လက်ခံသွားမည်ဟု သိရသည်။

အဆိုပါမူကြိုကျောင်းကို ပြည်တွင်းရှိ Sideducation Ltd မှ တာဝန်ယူ ဖွင့်လှစ်မည်ဖြစ်ပြီး Sideducation Ltd. သည် ယခင်က အင်္ဂလိပ်စာသင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ရှေးဦးအရွယ်ကလေးပညာရေးကဏ္ဍသို့ လုပ်ငန်းတိုးချဲ့ဆောင်ရွက်လာခြင်း ဖြစ်သည်။

ဤကျောင်းသည် သင်ရိုးညွှန်းတမ်းအား ဟယ်လ်ဆင်ကီးတက္ကသိုလ် (University of Helsinki) ၏ အကြံပြုချက်များဖြင့် ဖော်ဆောင်ထားသည့် "ဆော့ကစားရင်းသင်ယူခြင်း" (Play-based learning) နည်းကို အသုံးပြုသင်ကြားပေးမည်ဖြစ်သည်။

အဆိုပါ သင်ရိုးညွှန်းတမ်းသည် ဆော့ကစားခြင်း၊ အပြန်အလှန်ထိတွေ့ဆက်ဆံခြင်းနှင့် စနစ်တကျလမ်းညွှန်သင်ကြားခြင်းများမှတစ်ဆင့် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အလေးပေးသွားမည်ဖြစ်သည်။ 

ယနေ့တွင် HEI Schools သည် နိုင်ငံပေါင်း (၃၅) နိုင်ငံကျော်၌ လည်ပတ်လျက်ရှိပြီး ဖင်လန်နိုင်ငံ၏ ထူးချွန်ပြောင်မြောက်သော ပညာရေးစနစ်ကို ကမ္ဘာတစ်ဝှမ်းရှိ ကလေးငယ်များထံသို့ အရောက်ပို့ဆောင်ပေးလျက် ရှိပါသည်။

Source : HEI Schools , Scand Asia

International News Latest Post Read 16 times