ယူကေက နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားကျောင်းသား အရေအတွက် သတ်မှတ်ချက်ကို ဖယ်ရှားပြီး ယင်းအစား တက္ကသိုလ်များအနေဖြင့် ပြည်ပနိုင်ငံများတွင် ကျောင်းခွဲများ ဖွင့်လှစ်နိုင်ရန် တွန်းအားပေး လုပ်ဆောင်သွားမည်ဟု သိရသည်။
အစိုးရသည် ၂၀၃၀ ခုနှစ်တွင် တစ်နှစ်လျှင် ယူကေပညာရေးဝန်ဆောင်မှုအား ကမ္ဘာ့အနှံ့ ပေးဆောင်ပြီး ပေါင် (၄၀) ဘီလီယံ ဝင်ငွေရရှိရန် လုပ်ဆောင်မည့် မဟာဗျူဟာအသစ်အား ချမှတ်ထားသည်။
ယင်းရည်မှန်းချက်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ချမှတ်ခဲ့သော ယူကေသို့ လာရောက်ပညာသင်ကြားမည့် နိုင်ငံခြားကျောင်းသား အရေအတွက် တစ်နှစ်လျှင် (၆၀၀,၀၀၀) ဦး ရရမည်ဟူသည့် ရည်မှန်းချက်အဟောင်းတွင် အစားထိုးရန်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနက ယူကေသို့ လာရောက်ပညာသင်ကြားသူများသည် အမှန်တကယ် ကျောင်းတက်မည့် ကျောင်းသားစစ်စစ်များ ဖြစ်စေရေးအတွက် ပိုမိုတင်းကျပ်သော စည်းကမ်းသတ်မှတ်ချက်များ ချမှတ်စစ်ဆေးသွားမည်ဖြစ်ပြီး တက္ကသိုလ်များအနေဖြင့် ထိုစံနှုန်းများကို လိုက်နာရန် ပျက်ကွက်ပါက ကျောင်းသားလက်ခံခွင့် အရေအတွက် ကန့်သတ်ခံရခြင်းနှင့် ကျောင်းသားခေါ်ယူခွင့်လိုင်စင် ပယ်ဖျက်ခံရခြင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ယူကေကိုလာမယ့် နိုင်ငံခြားကျောင်းသားအရေအတွက် သတ်မှတ်ချက်ကို ဖျက်သိမ်းလိုက်ပြီး ယူကေ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် နိုင်ငံတကာအဆင့်အထိ တိုးချဲ့လာနိုင်ဖို့၊ ပြည်ပနိုင်ငံတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ တည်ဆောက်နိုင်ဖို့၊ ဈေးကွက်အသစ်တွေမှာ ယူကေပညာရေးကို ပေးအပ်နိုင်ဖို့ အဓိက အာရုံစိုက်သွားမယ်" ဟု ပညာရေးဝန်ကြီးဌာနက ဆိုသည်။
ပညာရေးဝန်ကြီးက "တက္ကသိုလ်တွေ၊ ကောလိပ်တွေအနေနဲ့လည်း ပြည်ပနိုင်ငံတွေကို တိုးချဲ့သွားခြင်းအားဖြင့် ဝင်ငွေလမ်းကြောင်း တိုးလာမှာ ဖြစ်ပါတယ်။ ပြည်တွင်းစီးပွားရေး တိုးတက်မှုရှိလာမယ့်အပြင် ပြည်ပကျောင်းသားတွေအနေနဲ့လည်း သူတို့နိုင်ငံတွင်းမှာတင် အဆင့်မြင့် ယူကေပညာရေးကို ရရှိမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ယူကေအမျိုးသားကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌက "နိုင်ငံတကာကျောင်းသားတွေရဲ့ တန်ဖိုးဟာ စီးပွားရေးအကျိုးအမြတ်ထက် အများကြီး ပိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ယူကေမှာရှိတဲ့ ကျောင်းသားတွေ ရရှိခံစားနေရတဲ့ အရည်အသွေးမြင့်မားတဲ့ သင်ကြားမှုနဲ့ ပြီးပြည့်စုံတဲ့ တက္ကသိုလ်အတွေ့အကြုံမျိုးကို ပြည်ပမှာရှိတဲ့ ကျောင်းခွဲတွေမှာလည်း အလားတူ ရရှိစေဖို့ သေချာအောင် လုပ်ဆောင်ပေးရပါမယ်။" ဟု ပြောကြားခဲ့သည်။
ယူကေတက္ကသိုလ်များ၏ ပြည်ပကျောင်းခွဲများသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် နယ်မြေပေါင်း (၂၀၀) နီးပါးတွင် ဖွင့်လှစ်ထားပြီး ကျောင်းသားဦးရေ စုစုပေါင်း (၆၂၀,၀၀၀) ခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။
ပညာရေးအဖွဲ့အစည်းများအနေဖြင့် ပြည်ပတွင် ကျောင်းခွဲများနှင့် သင်ကြားရေးဆိုင်ရာ အဆောက်အအုံများ ဖွင့်လှစ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် အတားအဆီးများကို ဖယ်ရှားပေးနိုင်ရန်အတွက် အသစ်ဖွဲ့စည်းလိုက်သော ပညာရေးကဏ္ဍ အရေးပေါ်လုပ်ငန်းအဖွဲ့ (Action Group) နှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်သည်။
Source - The Guardian