ကျောင်းသား၊ ကျောင်းသူများအတွက် ပထမဆုံး စာသင်သားအသက်အာမခံစတင်ဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများအတွက် ပထမဆုံး စာသင်သားအသက်အာမခံစတင်ဆောင်ရွက်

မြန်မာနိုင်ငံအတွင်းရှိ ကျောင်းသား/သူကလေးသူငယ်များ ပညာသင်ကြားမှုစရိတ်နှင့် စပ်လျဉ်း၍ အထောက် အပံ့ဖြစ်စေမည့် စာသင်သားအသက်အာမခံထားရှိခြင်း ဆိုင်ရာအကျိုးခံစားခွင့်အတွက်  ပထမဆုံး  စာသင်သား အသက်အာမခံကို စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း Grand  Guardian Life Insurance ၏ ဒုတိယ အမှုဆောင်အရာရှိချုပ်  ဒေါ်နှင်းစိန်ထံမှ သိရပါသည်။

Grand  Guardian  Life Insurance ၏  ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နှင်းစိန်က စာသင်သား အသက် အာမခံသည် အာမခံထားသူ (ကလေး)၏ ပညာရေး စရိတ်အတွက် ကလေးအသက် (၁၇)  နှစ်ပြည့်သည့် အချိန်မှစ၍ တစ်နှစ်လျှင် တစ်ကြိမ်စီဖြင့် အာမခံ အကျိုးခံစားခွင့်ကို လေးနှစ်ပေးအပ်ခြင်းဖြစ်ကြောင်း၊ စာသင်သား အသက်အာမခံမှာ သားသမီးများ၏ အနာဂတ်ကို ပညာရေးဖြင့် စိတ်ချသေချာစေလိုသည့် မိဘများအတွက် စိတ်အေးချမ်းမှုပေးရန် ရည်ရွယ်ကြောင်း၊ ရည်မှန်းထားသော ကာလတစ်ခုတွင်  မိမိတို့ရင်သွေး သားသမီးများ၏ တက္ကသိုလ်ပညာသင်စရိတ် ကို အထောက်အပံ့ ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အသက် (၁) လအရွယ်မှ စတင်၍(၁၂) နှစ်အရွယ် အထိ ကလေးများအတွက် တက္ကသိုလ်ပညာ သင်ကြားနိုင်ရန် တက္ကသိုလ် ပညာရေးစရိတ် အဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အာမခံ ထားနိုင်သည့် ငွေပမာဏအနေဖြင့် အနည်းဆုံး ငွေကျပ်  (၁၀) သိန်းမှ အများဆုံးငွေကျပ်သိန်း  (၁၀၀၀) အထိ အာမခံ ထားနိုင်ကြောင်း၊ စာသင်သား အသက်အာမခံ၏ ထူးခြားချက်မှာ အာမခံထားသူ(ကလေး)နှင့် အာမခံဝယ်ယူသူ (မိခင်/ ဖခင်)အတွက်ပါ အာမခံရှိစေကြောင်း ယနေ့ ညနေပိုင်းတွင် Pan  Pacific ဟိုတယ်၌ ကျင်းပသော  စာသင်သား အသက်အာမခံ မိတ်ဆက်ပွဲတွင် ပြောကြားခဲ့ပါသည်။

ကလေး၏ အသက်မှာ (၁)  နှစ်ဆိုလျှင် စာသင်သား အသက်အာမခံအတွက် ငွေသွင်းရမည့်ကာလမှာ  (၁၆) နှစ်ဖြစ်ပြီး ကလေး၏ ပညာရေးစရိတ်ကို ငွေကျပ်သိန်း (၁၀၀) မျှော်မှန်း ထားပါက  တစ်နှစ်လျှင်  ပရီမီယံငွေကျပ် (၄၁၅၅၀၀) ပေးသွင်း ရမည်ဖြစ်သည်။ (၁၆) နှစ်ပြည့် ပါက ပရီမီယံငွေကျပ် (၆ ဒသမ ၆ သန်း) (၆၆သိန်း)သွင်းပြီးပြီဖြစ်သောကြောင့်   ကလေး တက္ကသိုလ်ပညာသင်ချိန်ရောက်ချိန်တွင် GGLI မှ  အာမခံဝယ်ယူသူအတွက်  ဘဏ်တိုးနှုန်း (၄) ရာခိုင်နှုန်းနှင့် ညီမျှသော ငွေကျပ် (၃၄) သိန်းကို အပိုဆောင်းပေး၍  စုစုပေါင်း ငွေကျပ် သိန်း (၁၀၀) ကိုပေးမည်ဖြစ်ပါသည်။  

အဆိုပါငွေကျပ် သိန်း (၁၀၀) ကို လေးကြိမ်ခွဲ၍  အသက် (၁၇) နှစ်မှ (၂၀) နှစ်အထိအတွက် ကလေး၏ ပညာရေး အကျိုးခံ စားခွင့် အနေဖြင့် ငွေကျပ် (၂၅) သိန်းစီကို တစ်နှစ်တစ်ကြိမ်ထုတ် ပေးသွားမည်ဖြစ်သည်။

စာသင်သား အသက်အာမခံ၏  ဒုတိယ အကျိုးခံစားခွင့် အနေဖြင့်    အာမခံထားသူ (ကလေး)အတွက် အာမခံဝယ်ယူ သူ (မိခင်/ ဖခင်)မရှိတော့လျှင်ဖြစ်စေ၊ ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင်ဖြစ်စေ အာမခံကြေးကို ဆက်လက် ပေးသွင်းရန် မလိုအပ်တော့ဘဲ  GGLI မှ  ငွေကျပ်သိန်း  (၁၀၀)  အာမခံငွေပေးသွင်းပေးမည်ဖြစ်ကာ အာမခံထားသူ(ကလေး)အတွက်  စာသင်သား အသက် အာမခံ ကပေးရန်ကတိ ပြုထားသည့် အတိုင်းအကျိုး ခံစားခွင့်များဖြင့် ကလေး၏ပညာရေး အကျိုးခံစားခွင့် ဖြစ်သော ငွေကျပ် (၂၅) သိန်းစီကို တစ်နှစ် တစ်ကြိမ်ထုတ် ပေးခြင်းဖြင့် တက္ကသိုလ် ပညာကိုဆက်လက် သင်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။

Read More: Cosmetic Technology Online Class လျှောက်လွှာခေါ်ယူခြင်း

တတိယ အကျိုးခံစားခွင့် အနေဖြင့်ကလေး (၁) နှစ်အရွယ်မှ (၄) နှစ်အရွယ်ထိ လေးနှစ်ငွေသွင်းပြီး အချိန်တွင်လည်းကောင်း၊ အသက် (၄) နှစ် မပြည့်သေးဘဲ အသက် (၃) နှစ်အရွယ် အချိန်တွင် ကလေးအနေဖြင့် မမျှော်လင့်ထားသော အဖြစ်အပျက်များဖြင့် တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရပါက ကလေးအတွက် ထားသည့် အသက်အာမခံ အကျိုးခံစားခွင့်ကို မိဘများအတွက် တစ်လုံးတစ်ခဲ ပြန်ပေးမည်ဖြစ်ပြီး  မိဘများအနေဖြင့်  ငွေကျပ်သိန်းအနည်းငယ်သာ ပေးသွင်းရသေးသော်လည်း ကလေးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် အတွက်ကြောင့် GGLI မှ အာမခံငွေကျပ် သိန်း (၁၀၀) ကို ပြန်ပေးမည်ဖြစ် ကြောင်း သိရပါသည်။

 နိုင်ငံတော် အစိုးရက ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိက အာမခံ (၁၂) ခုကို စတင်လိုင်စင် ချပေး၍ တရားဝင်လုပ်ကိုင်ပေးခဲ့သောကြောင့် GGLI ကိုစတင်တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။      

Source: မြဝတီ

      

News Read 1789 times