ယင်းကားများကို အစိုးရမတည်ရင်းနှီးငွေ ကျပ် ၅ ဘီလီယံ ပါဝင်သည့် ရွှေလက်ကျောင်းကား လုပ်ငန်းအများပိုင် ကုမ္ပဏီက တာဝန်ယူပြေးဆွဲမည်ဖြစ်ပြီး လက်ရှိတွင် ပြေးဆွဲလမ်းကြောင်း လေ့လာခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ရန် ဆောင်ရွက်ခြင်းနှင့် ယာဉ်မောင်း ခေါ်ယူရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူးဒေါက်တာ မောင်အောင်ကပြောသည်။
စက်တင်ဘာလမှာ စတင်ပြေးဆွဲနိုင် ကြိုးစားနေပြီ။ ဒီကာလတော့ ပြင်ဆင်ဆဲကာလပေါ့လေ။ စက်တင်ဘာလမှာ ကျောင်း ၂၂ ကျောင်းစလုံးကို ဆွဲမယ်လို့တော့ ပြောလို့မရသေးဘူး။ ပြေးဆွဲလို့ရတဲ့ ကျောင်းတွေကို စတင်ပြေးဆွဲမယ်။ ကားတွေအားလုံးရပြီဆိုတော့ ကုမ္ပဏီကို ဘာဆက်လုပ်မယ်ဆိုတာကို တွေ့ဆုံဆွေးနွေးမည်။
ရွှေလက်ရာကုမ္ပဏီတွင် ကျောင်းကား လုပ်ငန်းရှင်များအနေဖြင့် အစုရှယ်ယာပါဝင်နိုင်မည်ဖြစ်၍ လက်ရှိတွင် ကုမ္ပဏီနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် ကျောင်းကားများသည် နိုင်ငံတကာအဆင့်မီကျောင်းကားများ မဟုတ်သေးကြောင်း၊ နောင်တွင် ကျောင်းကားနှင့် ပတ်သက်သည့် စံချိန်စံနှုန်းသတ်မှတ်ချက်များအတိုင်းသာ ကျောင်းကားများကို ပြေးဆွဲကြရမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းကြို/ကျောင်းပို့ လုပ်ငန်းဆောင်ရွက်နေသည့် လိုက်ထရပ်ယာဉ်များကို ယခုစာသင်နှစ်မှစတင်၍ တဖြည်းဖြည်းချင်း ဖယ်ထုတ်သွားမည်ဖြစ်သည်။
လာမည့်စာသင်နှစ်တွင်မူ လုံးဝပြေးဆွဲလုပ်ကိုင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း လိုက်ထရပ်ယာဉ်များအပြင် ကျန်ရှိသည့် မှန်လုံကျောင်းကြို/ပို့ ယာဉ်များကိုလည်း တဖြည်းဖြည်း စစ်ထုတ်သွားမည်ဖြစ်သည်။
ကျောင်းကားများအတွက် အမျိုးသမီးယာဉ်မောင်းများကို ဦးစားပေးသွားခေါ်မည်ဖြစ်သကဲ့သို့ ကျောင်းကားတစ်စီးလျှင် အမျိုးသမီးယာဉ်အကူတစ်ဦးစီကိုလည်း ထည့်သွင်းခန့်ထားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကျောင်းကားများတွင် GPS နှင့် CCTV များ တပ်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကိုရီးယားနိုင်ငံမှ အစိုးရချင်းဝယ်ယူထားသည့် ဟွန်ဒိုင်းကားကုမ္ပဏီထုတ်ကျောင်းကား၊ School Bus အစီး ၂၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ရင်ပြင်ဝင်းအတွင်း၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today