မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများ လက်ရှိ မိမိနေထိုင်ရာနေရာ၌ တာဝန်ထမ်းရမည်

 

လာမည့်ရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့များအဖြစ် တာဝန်ကျသည့် ပညာရေးဝန်ထမ်းများ အနေ ဖြင့် Stay at Home မြို့နယ်များတွင် ရောက်ရှိနေပါက ထိုနေရာများတွင်သာ တာဝန်ထမ်းဆောင် ရမည်ဖြစ် ကြောင်း အခြေခံပညာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

“ရခိုင်ပြည်နယ်က ဆရာမက ရန်ကုန်တိုင်းမှာ တာဝန်ထမ်းရဖို့ရှိတယ်။ ဒါပေမယ့် အခုလက်ရှိ ရခိုင်ပြည်နယ် ရောက်နေတယ်။ ရန်ကုန်တိုင်းကို လာလို့မရဘူးဆိုရင်တော့ သူ့ကို ရန်ကုန်မှာ တာဝန်ပေးလို့မရဘူးလေ။ ရခိုင်ပြည်နယ်မှာ လိုအပ်ရင်တော့ သူ့ကို တာဝန်ပေးမှာပေါ့” ဟု ၎င်းက ဆိုသည်။ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူး ချုပ် ဦးကိုလေးဝင်းက ထိုသို့ ပြောဆိုသော်လည်း မြို့နယ်ပညာရေးမှူးရုံး အချို့ကမူ မဲရုံတွင် တာဝန်ထမ်းရမည့် ဆရာ၊ ဆရာမများကို အောက်တိုဘာလ ၁ ရက်တွင် ၎င်းတို့တာဝန်ကျရာ ဒေသများသို့ အရောက်လာရန် စက်တင်ဘာလ ၂၅ ရက်က ညွှန်ကြားထားသည်။

ပျက်ကွက်သော ဝန်ထမ်းများရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ တာဝန်သာ ဖြစ်ကြောင်းလည်း မြို့နယ်ပညာရေးမှူးရုံး အချို့၏ ညွန်ကြားချက်တွင် ဖော်ပြထားသည်။

ယင်းညွှန်ကြားချက်များနှင့် ပတ်သက်၍ အခြေခံပညာညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “ဒါကတော့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေက ညွှန်ကြားတာပါ။ ကိုဗစ်ဗဟိုကော်မတီက ခရီသွားလို့မရဘူးလို့ ပြောထားတာကို အတင်းခေါ်လို့မရဘူးလေ။ ဒါကတော့ သက်ဆိုင်ရာ စီမံခန့်ခွဲတဲ့သူက စဉ်းစားရမှာ ။ ဒီလူပဲ တာဝန်ပေးထားလို့ ဒီလူပဲလာရမယ်။ မလာရင်အရေးယူမယ်ဆိုတာမျိုးထက် မလာနိုင်ရင် နောက်တယောက် အစားထိုးရ မှာပေါ့” ၎င်းက ပြောဆိုသည်။

လက်ရှိကာလတွင် အခြေခံပညာ ကျောင်းများ ပိတ်ထားသဖြင့် မဲရုံတွင် တာဝန်ထမ်းရမည့် ဆရာ၊ ဆရာမ များကို လိုအပ်သည့် ဦးရေအတိုင်းခေါ်ယူ တာဝန်ပေးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မဲရုံတာဝန်များကို အသက်အရွယ်ကြီးရင့်သော ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးမကောင်းသော ဆရာ၊ ဆရာမများကို တာဝန်မပေးဘဲ ငယ်ရွယ်သော ဆရာ၊ ဆရာမများကိုသာ တာဝန်ပေးသွားရန် စီစဉ်ထားကြောင်း လည်း အခြေခံပညာဦးစီးဌာနမှသိရသည်။ Stay at Home မြို့နယ်များတွင် ရောက်ရှိနေသော မဲရုံမှူး၊ ဒုမဲရုံမှုးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ကျသည့် ပညာရေးဝန်ထမ်းများ အနေဖြင့် မိမိရောက်ရှိရာ မြို့နယ်တွင် မည်ကဲ့သို့ တာဝန်ထမ်းဆောင်ရမည်ကို သက်ဆိုင် ရာမြို့နယ် ပညာရေးမှူးရုံးများမှတဆင့် ဖုန်းဖြင့် ဆက်သွယ်ညွှန်ကြားသွားမည်ဟု အခြေခံပညာဦးစီး ဌာနမှ သိရသည်။

ထိုပြင် မဲရုံတာဝန်များကို အသက်အရွယ်ကြီးရင့်သော ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးမကောင်းသော ဆရာ၊ ဆရာမများကို တာဝန်မပေးဘဲ ငယ်ရွယ်သော ဆရာ၊ ဆရာမများကိုသာ တာဝန်ပေးသွားရန် စီစဉ်ထားကြောင်း လည်း အခြေခံပညာဦးစီးဌာနမှသိရသည်။

ပဲခူးတိုင်း၊ ကဝမြို့နယ်ရှိ ရစ်ကန်ဘူတာ အလယ်တန်းကျောင်း၏ ကျောင်းအုပ်ဖြစ်သူ ဦးအောင်ကျော်သူ ကလည်း ဆရာ၊ ဆရာမများကို ၎င်းတို့ရောက်ရှိရာနေရာတွင်သာ မဲရုံနှင့်ပတ်သက်သည့် တာဝန်များ ထမ်းဆောင်နိုင်ရန် စီစဉ်သင့်ကြောင်း ပြောကြားသည်။

“ဆရာ၊ ဆရာမတွေက ကျောင်းပိတ်ထားတဲ့ အတွက် တာဝန်ကျတာက တနေရာဆိုပေမယ့် ကိုယ့်နေရပ် ဒေသမှာ ပြန်ရောက်နေကြတာ ရှိတယ်။ အခုကလည်း တချို့မြို့တွေမှာ Stay at Home သတ်မှတ်ထားတော့ နယ်ကျော်သွားဖို့ အဆင်မပြေတာတွေရှိတော့ ကိုယ့်ဒေသမှာပဲ တာဝန်ထမ်းဆောင်စေတာက ပိုဖြစ်သင့်ပါ တယ်” ဟု ၎င်းကပြောသည်။

ထိုပြင် မဲရုံတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် ဆရာ၊ ဆရာမများကို သင်တန်းပေးမှုများ ဆောင်ရွက် ပါကလည်း လူစုလူဝေးမဖြစ်စေရန် တတ်နိုင်ပါက အွန်လိုင်းမှ တဆင့်သာ သင်တန်းပေးသင့်ကြောင်း ဦးအောင်ကျော်သူက အကြံပြုသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြောကြားထားရာ ယခုဆိုလျှင် ရက်ပေါင်း ၄၂ရက်သာ လိုတော့သည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါပြန့်ပွားမှုအပေါ်မူတည်၍ ရခိုင်တပြည်နယ်လုံးရှိ မြို့နယ် ၁၇ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၄ မြို့နယ် ၊ မန္တလေးတိုင်းတွင် ၃ မြို့နယ်၊ မွန်ပြည်နယ် တွင် ၂ မြို့နယ်၊ ပဲခူးတိုင်းတွင် ၃ မြို့နယ်နှင့် ဧရာဝတီတိုင်းတွင် ၃ မြို့နယ် စုစုပေါင်း ၇၂ မြို့နယ်တို့အား အပြင်မထွက်ဘဲ မိမိအိမ်မှာသာနေကြရန် Stay at Home ဒေသများအဖြစ် သတ်မှတ်ထားသည်။

burma.irrawaddy.com

Latest Post News Read 750 times