Sales Hotline : 09448001653       Download App



မျက်မမြင်များအတွက် အွန်လိုင်းစီးပွားရေးသင်တန်း ပို့ချမည်

မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် မျက်မမြင်များအလုပ်အကိုင်ရရှိစေရန်နှင့် ဝင်ငွေတိုး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ်လျက် ၆ ရက်တာ အွန်လိုင်း စီးပွားရေးသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။

သင်တန်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၃၁ ရက်အထိ ၆ ရက်ကြာ အွန်လိုင်းမှ  သင်ကြားပေးသွားမည်ဖြစ်ကာ အွန်လိုင်းကြော်ငြာများ၊ အရောင်းမြှင့်တင်ရေး အစီအစဉ်များ၊ အွန်လိုင်းမှ ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်တစ်ခုအတွက်သိရမည့် အခြေခံပညာရပ်များနှင့် အမြင်အာရုံ မသန်စွမ်းသူတစ်ဦးအနေဖြင့် ဗဟုသုတများနှင့် သတင်းအချက်အလက်များကို မည်ကဲ့သို့ရှာဖွေစုဆောင်း ရမည်နှင့်စပ်လျဉ်းသည့် ဘာသာရပ်များကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သော ပညာရှင် များက လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းအတွက် သင်တန်းသား စုစုပေါင်း ၁၅ ဦး ရွေးချယ်သင်ကြားပေးသွားမည်ဖြစ်ပြီး အွန်လိုင်း စီးပွားရေးလုပ်ငန်းများကို စိတ်ပါဝင်စားပြီး မိမိကိုယ်ပိုင်လုပ်ငန်းတစ်ခု ဖော်ဆောင်လိုသူများ၊ Facebook,  Messenger, Viber ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူများ၊ မြန်မာနှင့်အင်္ဂလိပ် ဖောင့်ကို မိမိဖုန်းတွင် ကျွမ်းကျင်စွာ  အသုံးပြုနိုင်သူများ၊ မိမိ၏သင်ခန်းစာများကို ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်နိုင်သူ များ ဖြစ်ရန်လိုသည်။

သင်တန်းကာလကို အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ကာ မိမိဖုန်းဖြင့်အသံဖမ်းပြီး အသံဖိုင် Format ကို ပြောင်းလဲနိုင်သည့် Software များကို အသုံးပြုနိုင်သူဖြစ်ရန်လည်းလိုကြောင်း MNAB ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ယမင်းဥမ္မာက ပြောသည်။ 

လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များဖြည့်စွက်ပြီး အီးမေးလ် [email protected] (သို့) Viber No 09-799603451 သို့ စာဖြင့်ဖြစ်စေ အသံဖိုင်ဖြင့်ဖြစ်စေ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်အထိ လျှောက်ထားနိုင်ပြီး ပဏာမရွေးချယ်ခံရသော သင်တန်းလျှောက်ထားသူများကို Video call ဖြင့်  အမေးအဖြေ (အင်တာဗျူး) ပြုလုပ်သွားပြီး ရွေးချယ်စီစစ်ရေးကော်မတီမှ ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေဘယ်လ်အောင်

Source: မြို့တော်သတင်း

Latest Post News Read 464 times