Sales Hotline : 09448001653       Download App



ကိုဗစ်ကာလတွင် ကျူရှင်သင်ကြားခြင်းပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးဝန်ကြီးမှ ထုတ်ပြန်

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်တွေ့ရှိချိန် ဧပြီလမှစ၍ အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်ကျောင်းများကို ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ဇွန်လ (၁) ရက်နေ့တွင် ကျောင်းများ ဖွင့်ဖို့ရာတွင် စစ်ဆေးရေး အဖွဲ့များနှင့် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စစ်ဆေးမှုများအောက်တွင် စစ်ဆေးချက် (A) အဆင့်ရ ကျောင်းများကိုသာ ဇူလိုင်လ (၂၁) ရက်နေ့တွင်သာ ဖွင့်ခွင့်ပြုထားခြင်းဖြစ်သည်။ 

ယခုအခါတွင် ရောဂါပိုးတွေ့ရှိမှုများ ပြန်လည် မြင့်တက်ခဲ့ခြင်းကြောင့် ဩဂုတ်လ (၂၇) ရက်တွင် ကျောင်းများကို ပြန်လည်ပိတ်ထားခဲ့ပါသည်။ ထိုကာလအတွင်းတွင် ကျူရှင်ပုံစံကဲ့သို့ ဖွင့်လှစ်သင်ကြားထားသည်ကို တွေ့ရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မွန်ပြည်နယ် ပညာရေးဝန်ကြီးမှ ထုတ်ပြန်ခဲ့သည်။ 

ထိုသို့ သင်ကြားနေသည်ကို တွေ့ရှိပါကလည်း ပြည်နယ်ရုံးသို့တိုက်ရိုက်တိုင်ကြားနိုင်ပြီး ဝန်ထမ်းအနေဖြင့် လိုက်နာခြင်းမရှိပါကလည်း နိုင်ငံ့ဝန်ထမ်း ဥပဒေအတိုင်း  အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ 

အထက်ပါ အကြောင်းအရာများကို ပညာရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ဘော်ဒါဖွင့်လှစ်ထားသူများ၊ ဘာသာရပ်သင် သင်တန်းကျောင်း ဖွင့်လှစ်ထားသူများကိုလည်း အသိပေးအကြောင်းကြားထားပြီး ဖြစ်သည်။

 

By Myanmar Education Guide (EDGE)

Latest Post News Read 1468 times