Sales Hotline : 09448001653       Download App



စာပေ မပျောက်တော့၍ လူမျိုးမပျောက်နိုင်တော့ပေ

လာမည့် ပညာသင်နှစ် ၂၀၂၁ - ၂၀၂၂ တွင် တိုင်းရင်းသားဒေသအလိုက် စာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားပေါင်း ၆၇ အထိကို သင်ကြားပေးနိုင်တော့မည် ဖြစ်ပြီး ထိုသို့ သင်ကြား နိုင်ရန် အတွက် ဆရာ၊ဆရာမများလည်း အသင့်စီစဥ်ထားပြီး ဖြစ်ကြောင်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြောကြားထားသည်။

“တိုင်းရင်းသားစာပေရှိပြီးသားကို မပျောက်မပျက်ရအောင်ဆောင်ရွက်တဲ့အခါမှာ စာသင်ကျောင်းတွေမှာ သင်ကြားခွင့်ရဖို့က အဓိကကျတယ်။ အရင်က နွေရာသီမှာ သင်ရတော့ တိုင်းရင်းသားကလေးငယ်တွေက သင်ယူတဲ့အခါမှာ စိတ်ပါဝင်စားမှု အားနည်းတာပေါ့။ တချို့ဆိုဒေသသင်ရိုးဆိုတဲ့ တိုင်းရင်းသားစာပေတွေက ကျောင်းစာသင်တဲ့အချိန်အတွင်းမှာ သင်ကြားခွင့်ရတာတွေလည်းရှိတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်ဆို တိုင်းရင်းသားစာပေ ၆၇ ခုအထိ သင်ကြားခွင့်ရရှိပြီဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တုန်းက တိုင်းရင်းသားစာပေ ၆၄ ခုသင်ကြားဖို့ခွင့်ပြုပြီးဖြစ်ပေမယ့်  COVID-19 ကြောင့် ကျောင်းတွေပိတ်ထားခဲ့ရတာတော့ ဒီနေ့အထိပဲလေ’’ ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ တိုင်းရင်းသားဘာသာစကားများကို သက်ဆိုင်ရာ ဒေသများအလိုက် သင်ကြားနိုင်ပြီး ဒေသသင်ရိုးမဟုတ်ဘဲ ရိုးရိုးသင်ရိုးဖြစ်ပါက စာသင်ချိန်ပြင်ပတွင်သာ သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းရင်းသားဘာသာစကားပေါင်း ၆၄ ခုကို သင်ကြားခွင့်ရရှိပြီး ဖြစ်ပြီး ယခုနှစ် တွင် အသစ်သုံးခု တိုး၍ သင်ကြားခွင့်ရပြီဖြစ်ကြောင်း ဆိုထားပါသည်။ 

စာပေပျောက်၍ လူမျိုးပါ ပျောက်မည်ကို စိုးရိမ်သောကြောင့် ယခုလို သင်ကြားခွင့်ရခြင်းနှင့် ပတ်သက်၍ ဦးဝင်းနိုင်မှ “စာသင်ကျောင်းမှာ သင်ကြားခွင့်ရမယ်။ နွေရာသီမှာလည်းသင်မယ်ဆိုရင် စဉ်ဆက်မပြတ် သင်ကြားခွင့်ရသွားမှာဖြစ်ပါတယ်။ အဲဒါက တိုင်းရင်းသားစာပေ မပျောက်ပျက်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် တိုင်းရင်းသားဘာသာသင်ကြားဖို့အတွက် ဆရာ၊ဆရာမတွေကိုလည်း ခန့်အပ်ပေးထားတော့ အလုပ်အကိုင်အခွင့်အလမ်းလည်းရှိသွားတော့ အဆင်ပြေတယ်။ မဟုတ်ရင် တိုင်းရင်းသားစာပေတတ်မြောက်ပြီး အသုံးချဖို့နေရာမရှိရင် ရေရှည်သွားဖို့အဆင်မပြေဘူး။ အခုနောက်ပိုင်းကြတော့ တိုင်းရင်းသားစာပေတတ်မြောက်ရင် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုရရှိတယ်ဆိုတဲ့ အတွေးလေးရရှိစေမှာ ဖြစ်တယ်။ ဒါကလည်း တိုင်းရင်းသားစာပေ မကွယ်ပျောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။’’ ဟု ပြောခဲ့ပါသည်။ 

ထို့အပြင် နောက်ထပ် ဘာသာစကားများ ဆက်လက်သင်ကြားခွင့် ရနိုင်ရန် ကြိုးပမ်းလျက်ရှိနေသည်ကို လည်းသိရှိရပါသည်။ 

Source: China Xinhua News 

By Myanmar Education Guide (EDGE) 
 

Latest Post News Read 527 times